အသိမ်းခံမြေ ပြန်လည်ရရှိရေး မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူများ မြို့တော်ခန်းမသို့ ၎င်းတို့ မြေပိုင်ဆိုင်မှု အထောက်အထားများ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာက လက်မခံ

ဇူလိုင် ၁ ရက်က မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူများ မြို့တော်ခန်းမသို့ ၎င်းတို့မြေပိုင်ဆိုင်မှု အထောက်အထားများ ပေးပို့ခဲ့သည်ကို တွေ့ရစဉ်


သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် မြေအပိုင် ၁၊ ၂၊ ၃ အသိမ်းခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေသူများက သပိတ်စခန်း ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲအပြီးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြသူ ၁၀၀ ကျော်က မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်စီးတန်းကာ မြေသိမ်းခံရမှုအား “နိုင်ငံတော်အစိုးရ ပြည်ထောင်စုအစိုးရ ညှိနှိုင်းပေး ဖြေရှင်းပေး”၊ “ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖြေရှင်းပေး”၊ “ဒီမိုကရေစီအစိုးရ ဥပဒေကို လိုက်နာပါ”၊ “မိကျောင်းကန်မြေ ဘယ်သူ့မြေလဲ... ငါတို့မြေ... ငါတို့မြေ”၊ “တပ်ပိုင်မြေဆိုတာ မဟုတ်ဘူး” ဟုကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

ထို့နောက် သပိတ်ဦးဆောင်သူ ၁၀ ဦးက မြို့တော်ခန်းမအတွင်းရှိ တာဝန်ရှိသူများထံသို့ ၎င်းတို့၏ ဘိုးဘွားအစဉ်အဆက် နေထိုင်မှု၊ ပိုင်ဆိုင်မှု အထောက်အထားများနှင့် နေထိုင်ခဲ့စဉ် အခွန်ဆောင်ခဲ့ကြသည့် စည်ပင်ခွန်၊ ရေခွန်၊ မီတာခွန်၊ အိမ်ထောင်စု သန်းခေါင်စာရင်း စာရွက်စာတမ်းများကို သေတ္တာတစ်ခုထဲထည့်ကာ သွားရောက်ပို့ဆောင်ခဲ့ကြသည်။

ထို့သို့ သွားရောက်ပို့ဆောင်ခဲ့သော်လည်း မြို့တော်ခန်းမအတွင်းရှိ တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကမျှ ယင်းစာရွက်စာတမ်းများ ပါရှိသော သေတ္တာကို လက်ခံယူဆောင်ထားခြင်း မရှိသလို ဆန္ဒပြသူများနှင့် တွေ့ဆုံမှုများ မရှိခဲ့ပေ။

“ကျွန်တော်တို့ ဘိုးဘွားတွေ ယခင်ပါလီမန်ခေတ် အဆက်ဆက်ကတည်းက မိကျောင်းကန်မြေပေါ်မှာ နေထိုင်ခဲ့တယ် ဆိုတာကို တိုင်းဒေသ အစိုးရအဖွဲ့နဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ သိအောင်လို့ အထောက်အထားတွေဖြစ်တဲ့ မြေခွန်၊ ရေခွန်တွေ မြေပိုင်ဆိုင်မှု အထောက်အထား စာရွက်တွေကို မြို့တော်ခန်းမကို ပို့ဆောင်ခဲ့တယ်။ နယ်လုံဝန်ကြီးက ဆန္ဒပြနေတဲ့သူတွေက ပိုင်ဆိုင်မှု၊ နေထိုင်မှု အထောက်အထားတွေ မပြနိုင်ဘူးဆိုလို့ အထောက်အထားတွေ လာပို့တော့လည်း တာဝန်ရှိသူတွေက လက်ခံတာမျိုလည်း မရှိဘူး။ ထွက်တွေ့တာမျိုးလည်း မရှိဘူး။ အစိုးရပိုင်း တာဝန်ရှိသူတွေ အနေနဲ့ မြေအသိမ်းခံရတဲ့ ပြည်သူတွေ အခက်အခဲတွေကို ဖြေရှင်းပေးမှုမရှိဘဲ လျစ်လျူရှုထားတာက ကောင်းမွန်တဲ့အစိုးရ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဖြေရှင်းပေးမှု တစ်စုံတစ်ရာ မရှိမချင်း ဆန္ဒပြ တောင်းဆိုသွားမှာပါ” ဟု ဆန္ဒပြရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုအောင်ကျော်စိုးက The Daily Eleven သတင်းစာသို့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

တပ်မ ၂၂ က သိမ်းဆည်းထားသည်ဟုဆိုသော မိကျောင်းကန်မြေအပိုင် ၁၊ ၂၊ ၃ ပြန်လည်ရှိရေးအတွက် သပိတ်စခန်း ဆန္ဒပြ တောင်းဆိုနေသည်မှာ ၃ လကျော် ကြာမြင့်ပြီဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းများမှ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးသည့်အတွက် ဆန္ဒပြသူ ၁၀၀ ကျော်မှာ ငွေကြေးပြတ်လပ်မှုများကြောင့် စားသောက်ရေး အခက်အခဲများနှင့် ကျန်းမာရေးချို့တဲ့မှုများ ခံစားနေရကြောင်း သိရသည်။

မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ၊လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့တော် ခန်းမအတွင်း ဧပြီ ၁ ရက်က တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှု မရှိခဲ့ကြောင်း သိရပြီး သက်ဆိုင်ရာက မတ် ၃၀၊ ၃၁ ရက် နံနက်အစောပိုင်းတို့တွင် သပိတ်စခန်းကို အင်အားသုံးဖယ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်ထိ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

ဝေလင်းအောင်

0 မှတ်ချက်များ: