ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်ဖတ်ကာ-မူဆယ် လမ်းမဘေးရှိ မလွန်ဘန်ခါး ကျေးရွာတွင် နေထိုင်ကြသည့် ကချင် အမျိုးသားသုံးဦး မီးသွေးဖိုသို့ အလုပ်သွားရာမှ ပျောက်ဆုံးနေရာ မိသားစုများက မူဆယ်မြို့နယ် ရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။
ပျောက်ဆုံးနေကြသည့် ကိုလထော်ခွန်ဖုန်း (၁၈ နှစ်)၊ ကိုမဟော်လဂျာ(၂၁ နှစ်) နှင့် ကိုမရန်ယောဟန် (၂၀ နှစ်) တို့မှာ ဇန်န၀ါရီလ ၂၅ ရက်၊ နေ့လည်ပိုင်းက ၎င်းတို့နေထိုင်ရာ မလွန်ဘန်ခါး ကျေးရွာမှ တမိုင်ခန့်ဝေးသည့် မီးသွေးဖုတ်ဖိုသို့ အလုပ်လုပ်ရန် သွားရောက်ရာတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့ မိသားစုဝင်များက ဧရာဝတီသို့ ပြောသည်။
ပျောက်ဆုံးခဲ့သူများနှင့်အတူ လိုက်ပါသွားခဲ့သည့် ကိုမရန်လဒွဲက ရွာကို ပြန်ရောက်ရှိလာပြီး ပြန်လည်ပြောပြရာတွင် လမ်း၌ တပ်မတော်စစ်ကြောင်းများနှင့် တွေ့ကာ အားလုံး ဖမ်းဆီးခြင်းခံခဲ့ရစဉ် ၎င်းက ထွက်ပြေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုမရန်လဒွဲက “မီးသွေးဖိုကို သွားတဲ့လမ်းမှာ စစ်သားတွေနဲ့ တွေ့တာ။ ကျနော်တို့ကို သေနတ်တွေနဲ့ ချိန်ပြီး ဖမ်းမယ်လုပ်လို့ ကျနော်က ရွာကို ပြန်ပြေးတယ်။ သေနတ်နဲ့ နောက်က လိုက်ပစ်တယ်။ ကျနော့်ခြေထောက်မှာ ကျည်ဆံ ရှပ်ထိလာတယ်။ သူတို့က ‘ရပ်’၊ ‘မပြေးနဲ့’ လို့ အော်တော့ ခွန်ဖုန်းတို့တွေက ကြောက်ပြီး မပြေးဘဲ ကျန်နေခဲ့တာ” ဟု ပြောသည်။
ထိုအမှုနှင့် ပတ်သက်ပြီး မူဆယ်မြို့နယ် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ညီမာန်က “သူတို့သားတွေကို တပ်က ဖမ်းသွားလို့ဆိုပြီး စခန်းကို လာကြပါတယ်။ ဖမ်းထားသလား၊ လွှတ်ပေးဖို့ လာရှာကြတယ်။ ကျနော်တို့ အနေနဲ့ တပ်နဲ့ဆိုင်တဲ့ ကိစ္စဆိုတော့ အမှုဖွင့်ဖို့ ခက်ပါတယ်။ ကိုင်တွယ်ဖို့လည်း ခက်တယ်။ ဒါ့ကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ကို လွှဲပေးထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇန်န၀ါရီလ ၂၄ ရက်က မလွန်ဘန်ခါး ကျေးရွာအနီး သေနတ်သံများ ကြားခဲ့ရသဖြင့် ရွာသားများက တိုက်ပွဲ ဖြစ်နေသည်ဟု ယူဆကာ မီးသွေးဖုတ်သည့်ဖိုသို့ မသွားဘဲ ရွာထဲတွင်သာ နေခဲ့ကြကြောင်း၊ ဇန်န၀ါရီလ ၂၅ ရက်တွင် သေနတ်သံများ မကြားရတော့သဖြင့် အန္တရာယ် မရှိနိုင်တော့ဟု ယူဆကာ အလုပ်သွားစဉ် ထိုသို့ ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ကိုမရန်လဒွဲက ဆိုသည်။
တပ်မတော်မှ ဖမ်းဆီးခြင်းခံခဲ့ရသူများအနက် ကိုလထော်ခွန်ဖုန်း၏ မိခင်ဖြစ်သူ ဒေါ်ဇခုံခေါင်နန်းက “သား ထွက်သွားတာ ကျမတို့ မသိလိုက်ဘူး၊ သူလည်း တိုက်ပွဲတွေ ရပ်ပြီ ဆိုပြီး သွားတာ၊ ကျမတို့ရွာ ဥက္ကဋ္ဌကို တိုင်ထားတယ်၊ သူကလည်း စုံစမ်းနေဆဲလို့ပဲ ပြောတယ်၊ ကျမသားအတွက် အရမ်းစိတ်ပူတယ်” ဟု ပြောသည်။
တပ်မတော်မှ ဖမ်းဆီးသွားသည်ဆိုသည့် မလွန်ဘန်ခါး ကျေးရွာသား ၃ ဦးမှာ မီးသွေးဖုတ်သည့် အလုပ်လုပ်ကို လုပ်ကြသည့် လူငယ်များ ဖြစ်ပြီး ပြန်လည် လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းတို့၏ မိဘများက ဆိုသည်။
မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၉ ရက်က ကောင်းခါးကျေးရွာတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး မုဒိမ်းကျင့် အသတ်ခံခဲ့ရသည်။ ဇန်န၀ါရီ ၂၀ ရက်က ကွတ်ခိုင်မြို့နယ်၊ မောဟန်ကျေးရွာတွင် ကချင်အမျိုးသား ၂ ဦးကို တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးသွားခဲ့ပြီး တဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ တဦးမှာ အလောင်းသာ ပြန်တွေ့ခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/news/2015/01/27/70446.html
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်