ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် အရေးပေါ် အခြေအနေ အဆင့်တွင် မရှိတော့ကြောင်း ဘရာဇီး အာဏာပိုင်များက ထုတ်ပြန် ကြေညာလိုက်သည်။
ဘရာဇီးတွင် လွန်ခဲ့သော တစ်နှစ်ခန့်က အဆိုးရွားဆုံး ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ခဲ့သည့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ၉၅ ရာခိုင်နှုန်းထိ လျော့ပါး ကျဆင်းသွားကြောင်း သိရသည်။ ခြင်များ သယ်ဆောင်လာလေ့ရှိသည့် ဗိုင်းရပ်စ်သည် သာမန်လူများတွင် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်မှု မရှိသော်လည်း ကိုယ်ဝန်ဆောင်များထံ ကူးစက်ပါက မွေးဖွားသည့် ကလေးသည် မွေးရာပါ ဦးခေါင်းသေးငယ်သည့် ချွတ်ယွင်းမှုမျိုး ဖြစ်နိုင်ခြေ ရှိကြောင်း ဆရာဝန်များက သတိပေးခဲ့သည်။
ပြီးခဲ့သည့် နှစ်အတွင်း ဘရာဇီးတွင် မူမှန်မဟုတ်ဘဲ မွေးရာပါ ဦးခေါင်းသေးငယ်သော ကလေးငယ် ထောင်ဂဏန်းမျှ မွေးဖွားခဲ့ရာ ဇီကာနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိမည်ဟု သုတေသီများက ခန့်မှန်းခဲ့ကြသည်။ ၂၀၁၆ ခုနှစ်၊ ရီယိုဒီဂျနေရိုး အိုလံပစ်နှင့် တိုက်ဆိုင်နေသော ကာလတွင် ဇီကာကူးစက်မှု အန္တရာယ်သည် ခြိမ်းခြောက်မှု အမြင့်ဆုံး အဆင့်ထိ ရောက်ရှိခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)သည် နိုင်ငံတကာ ကျန်းမာရေး ပြဿနာ တစ်ခုအဖြစ် ဇီကာဗိုင်းရပ်စ်ကို သတ်မှတ်ထားရာမှ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ယင်းကြေညာချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ ဇီကာသည် အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၃၀ နီးပါးကို ပျံ့နှံ့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ် ဆိုးဆိုးရွားရွား စတင်ပျံ့နှံ့ခဲ့သည့် ဘရာဇီးတွင် အမျိုးသားအဆင့် အရေးပေါ် အခြေအနေကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာကတည်းက ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ တစ်နိုင်ငံလုံးတွင် ခြင်နှိမ်နင်းရေးကို ဖိဖိစီးစီး အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ဇီကာကူးစက်မှုမှာ ၇၉၁၁ ခုရှိခဲ့ပြီး ယင်းမတိုင်မီ တစ်နှစ်က အလားတူ ကာလတွင် ၁၇၀၅၃၅ ခုထိ ရှိခဲ့ကြောင်း ဘရာဇီး ကျန်းမာရေးဌာန တာဝန်ရှိသူများက ကြေညာသည်။ ယမန်နှစ်က ဇီကာနှင့် ဆက်စပ်ပြီး သေဆုံးသူ ၈ ဦးထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် အသေအပျောက် လုံးဝ မရှိဟုလည်း သိရသည်။
ပုံမှန်အားဖြင့် ဇီကာသည် အလွန်ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုး မဟုတ်သော်လည်း ရောဂါ လက္ခဏာများ ပြင်းထန်လာခြင်းကို ခံနိုင်ရည် မရှိသူများ အသက်အန္တရာယ် ထိခိုက်လေ့ရှိသည်။ ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ ခုနှစ်က ယူဂန္ဓာနိုင်ငံရှိ မျောက်မျိုးစိတ် တစ်ခုတွင် ပထမဆုံးအကြိမ် ဖော်ထုတ် တွေ့ရှိခဲ့သည်။
၁၉၅၄ ခုနှစ်တွင် နိုက်ဂျီးရီးယား၌ လူသားကို ဇီကာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ထို့နောက်ပိုင်းတွင်မူ အာဖရိက၊ အရှေ့တောင်အာရှ၊ ပစိဖိတ် ကျွန်းစုများ၌လည်း ဇီကာ ကူးစက်မှုများ ဖြစ်ပေါ်ဖူးသည်။ သို့သော် ၂၀၁၅ ခုနှစ်၊ မေလတွင် ဘရာဇီး၌ စတင်ဖြစ်ပွားသည့် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဇီကာဗိုင်းရပ်စ်ကို ကုသသည့် ဆေးဝါး မရှိသေးဘဲ ကာကွယ်ဆေးကိုလည်း စမ်းသပ် ဖန်တီးနေဆဲ ဖြစ်သည်။ ယင်းဗိုင်းရပ်စ်ကို ကာကွယ်ရန် အခြေခံ အကျဆုံး နည်းလမ်းမှာ ခြင်ကိုက်မခံရအောင် ရှောင်လွှဲရန်နှင့် ခြင်နှိမ်နင်းမှုများ လုပ်ဆောင်ရန်သာ ရှိကြောင်းလည်း သိရသည်။
Ref: TIME
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်