တောင်ကိုရီးယား သမ္မတသစ်နှင့် ပထမဆုံးအကြိမ် ဆွေးနွေးမှုတွင် တောင်ကိုရီးယား၌ THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်ခြင်းကို ဆန့်ကျင်ကြောင်း တရုတ်ဘက်က အသိပေး ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် မွန်းဂျေအင်း ရွေးကောက်ပွဲ အနိုင်ရကာ သမ္မတရာထူးကို ဆက်ခံယူပြီးနောက် တရုတ်သမ္မတ စီကျင်းပင်က ၎င်းနှင့် ဆက်သွယ်ဆွေးနွေးပြီး THAADနှင့် ပတ်သက်၍ ရှင်းလင်းတိကျသော ဖြေရှင်းရပ်တည်မှုမျိုး ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
THAADသည် အမေရိကန်လုပ် ခေတ်မီ ဒုံးခွင်းဒုံး လက်နက်ဖြစ်ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်များရန်မှ ကာကွယ်ရန် ဖြန့်ကျက်ထားခြင်းဟု တောင်ကိုရီးယားက ကြေညာသည်။ သို့သော် THAADတွင် တပ်ဆင်ထားသည့် ရေဒါများမှာ အားကောင်းလွန်းသောကြောင့် အမေရိကန်က မိမိတို့ ပိုင်နက်နယ်မြေထဲထိ ထောက်လှမ်းမှုများ ပြုလုပ်လာနိုင်ကြောင်း တရုတ်က ထောက်ပြကာ THAADစနစ် ဖြန့်ကျက်ခြင်းကို ကန့်ကွက်ခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် တောင်ကိုရီးယားကြား ဆက်ဆံရေး အေးခဲတင်းမာမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ တောင်ကိုရီးယား သမ္မတသစ် မွန်းအနေဖြင့် အစဉ်အလာ မဟာမိတ် အမေရိကန်နှင့် မြောက်ကိုရီးယား အရေးတွင် ပါဝင်ကူညီ ဖြေရှင်းပေးနေသည့် တရုတ်တို့အကြား ဟန်ချက်ညီမျှအောင် ထိန်းညှိရပ်တည်ရမည့် အခြေအနေမျိုး ကြုံနေသည်။
တောင်ကိုရီးယား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက တရုတ်ခေါင်းဆောင်သည် မွန်းထံ ဆက်သွယ်ပြီးနောက် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်တိုင် ဆက်လက် အကောင်အထည် ဖော်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားသွားသည်။
“သမ္မတကလည်း မြောက်ကိုရီးယားဘက်က ရန်လိုခြိမ်းခြောက်မှု လုံးဝ မရှိတော့ဘူးဆိုရင် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကို ရုပ်သိမ်းနိုင်လိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်”ဟု တောင်ကိုရီးယား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ယွန်ယောင်ချန်းက ဆိုသည်။
မွန်းသည် ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်အခြေစိုက် တောင်ကိုရီးယား ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများအပေါ် တန်ပြန် ရိုက်ခတ်မှု ရှိလာနိုင်သည်ကို နားလည် သဘောပေါက်ထားပြီး မြောက်ကိုရီးယားအရေး၊ THAAD အရေးတို့ကို ညှိနှိုင်းဖြေရှင်းရန် တရုတ်ထံ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည်ဟုလည်း သိရသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း အပြန်အလှန် ဆက်ဆံရေး ကဏ္ဍကို တကျော့ပြန် နွေးထွေး ခိုင်မာလာစေရန် နှစ်နိုင်ငံလုံးက လိုလားဆန္ဒရှိကြောင်း ဆိုသည်။
စီနှင့် မွန်းတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပိုမို တူညီသည့် လမ်းစဉ်မျိုးကို ဖော်ဆောင်ရန် လိုလားကြကြောင်းလည်း သိရသည်။ မွန်းသည် မြောက်ကိုရီးယား အရေးကို ဖြေရှင်းရာ၌ ယခင် သမ္မတဟောင်း ပက်ခ်ဂွမ်ဟေးထက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်းလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပေးသွားခဲ့သည်။
Ref: Reuters
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်