ပါကစ္စတန်အစိုးရ၏ ငွေကြေးမက်လုံးပေးသည့် အစီအစဉ်တစ်ခုသည် နိုင်ငံတွင်းရှိအုတ်ဖိုများတွင် အလုပ်လုပ်နေသော အသက်မပြည့်သေးသည့် ကလေး ၉၀၀၀၀ နီးပါးကို ကူညီပေးလျက်ရှိကြောင်း အစိုးရအရာရှိများက မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ထိုအစီအစဉ်သည် ကာလရှည်ကြာနေပြီဖြစ်သည့် အလုပ်သမား ပြဿနာတစ်ခုကို ပြေလျော့စေရန် ရည်ရွယ်ထားသည်။
စက်ရုံပိုင်ရှင်များထံသို့ ပေးစရာရှိသည့် အကြွေးအား မျိုးရိုးစဉ်ဆက်ဆပ်နေရသည့် အကြွေးသံသရာကြီးထဲတွင် ပိတ်မိနေသော ပါကစ္စတန်နိုင်ငံသား နှစ်သန်းကျော်ရှိမည်ဟု တက်ကြွလှုပ်ရှားသူများက ခန့်မှန်းကြသည်။ ယင်းအခြေအနေကို ခေတ်သစ်ကျွန်စနစ်ဟုပင် ခေါ်ဆိုလျက်ရှိကြသည်။
ပါကစ္စတန်သည် အိန္ဒိယနှင့် တရုတ်ပြီးလျှင် ကမ္ဘာပေါ်တွင် ယင်းကဲ့သို့အကြွေးသံသရာထဲတွင် ပိတ်မိနေသည့် အလုပ်သမားအများဆုံးရှိသည့် နိုင်ငံဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ ကျွန်ပြုမှုအညွှန်းကိန်းတွင် ဖော်ပြခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်န၀ါရီလက စတင်ခဲ့သော ပန်ဂျပ်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်သည် အုတ်ဖိုများတွင် လုပ်နေသော ကလေး ၈၈၀၀၀ နီးပါးကိုရွေးချယ်ပြီး ထောက်ပံ့ကြေးပေးခြင်းဖြစ်သည်။ ရွေးချယ်ခံရသော ကလေးတစ်ဦးချင်းစီသည် ထောက်ပံ့ကြေးအဖြစ် စစချင်းတွင် ဒေါ်လာ ၂၀ စီရရှိမည်ဖြစ်ပြီး ထို့နောက်လစဉ် ၁၀ ဒေါ်လာစီ ရရှိသွားမည်ဖြစ်သည်။
“ဒီအစီအစဉ်ကရတဲ့ ထောက်ပံ့ကြေးနဲ့ မိသားစုတွေဟာ သူတို့ရဲ့အကြွေးတွေကို ဆပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကလေးတွေကို စရိတ်မတတ်နိုင်လို့ ကျောင်းမထားမယ့်ကိစ္စတွေလည်း လျော့ပါးသွားပါတယ်” ဟု ပန်ဂျပ်ပြည်နယ်၏ ပညာရေးဝန်ကြီး ရာနာမက်ရှ်ဟုဒ်က ပြောကြားခဲ့သည်။
လက်ရှိတွင် ပါကစ္စတန် အစိုးရအရာရှိများသည် အသက်မပြည့်သည့် အလုပ်သမားအများအပြားရှိသည့် အခြားနေရာများသို့ ရောက်ရှိနိုင်စေရန်အတွက် ဗြိတိန်အစိုးရ၏ အကူအညီပေးရေး အေဂျင်စီ၏ ထောက်ကူမှုဖြင့် ထိုအစီအစဉ်ကို ဒေါ်လာကိုးသန်းအထိ ထပ်မံတိုးချဲ့ရန် မျှော်လင့်နေသည်။
မကြာသေးမီကမှ ကလေးလုပ်သားအဖြစ်မှ လွတ်မြောက်လာသူတို့သည် စိတ်အားအထက်သန်ဆုံး လေ့လာသင်ယူသူများ ဖြစ်နေကြသည်ဟု ပန်ဂျပ်ပြည်နယ်၏ မြို့တော်လာဟိုး၏ ဆင်ခြေဖုံးမှ အစိုးရစာသင်ကျောင်း တစ်ကျောင်းရှိ ဆရာမများက ပြောကြားခဲ့သည်။ ထိုကလေးများသည် စာသင်ခန်းသို့မရောက်မီက ၅၀ ဒီဂရီအထိမြင့်သော ပြင်းထန်သည့် နေအပူရှိန်အောက်တွင် အုတ်မှုန့်များ၊ အဆိပ်ဓာတ်ငွေ့များကြားတွင် အလုပ်လုပ်ခဲ့ရသူများဖြစ်သည်။ ထိုကျောင်း၏ ကျောင်းအုပ်ဖြစ်သော ဖာဇီယာအီလာဟီက ၎င်းတို့ကျောင်းတွင် အုတ်ဖိုမှလာသော ကလေး ၄၀ ခန့်ရှိကြောင်း၊ အစပိုင်းတွင် ထိုကလေးများသည် ဘ၀သစ်နှင့်ဝင်ဆံ့ရန် ပြဿနာများရှိခဲ့သော်လည်း မကြာမီမှာပင် ကျော်လွှားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မေ ၁၁ ရက်က လာဟိုးမြို့ပြင်ရှိ ကျောင်းတွင် အတန်းတက်ပြီးနောက် နေအိမ်ပြန်လာကြသော ပါကစ္စတန် ကလေးအလုပ်သမားဟောင်းများ (Photo: AFP) |
“သူတို့ဟာ ထက်မြက်တဲ့ ကျောင်းသားတွေပါ။ အခုဆိုရင် သူတို့ဟာ ဗဟုသုတကြွယ်ဝလာရုံသာမက လူမှုဆက်ဆံရေးစွမ်းရည်တွေလည်း တိုးတက်လာပါတယ်“ ဟု ၎င်းကပြောကြားခဲ့သည်။
ဝေဖန်သူများကမူ လွတ်လပ်သော ယခုငွေပေးသည့် အစီအစဉ်၏ အလားအလာအပေါ် မေးခွန်းထုတ်ခဲ့ပြီး အကြွေးအလုပ်သမားကိစ္စကို တိုက်ဖျက်ရေးသည် ဥပဒေများကို ပြင်ဆင်ရုံဖြင့် မလုံလောက်ကြောင်း၊ အကြွေးဖြင့် ကလေးအလုပ်သမားများကို ခိုင်းစေနေသည့် အုတ်ဖိုပိုင်ရှင်များကို ဖမ်းဆီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
သို့သော် ဖွံ့ဖြိုးရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သော ဖာဆီဇာကာက ထိုနည်းလမ်းများသည် ပြီးခဲ့သည့်အနှစ် ၂၀ လုံးလုံးပြဿနာကို မဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ ဥပဒေအရ ကာကွယ်မှုကလည်း အချို့သော ကျေးလက်ဒေသများမှ လူထုကိုမလွှမ်းခြုံပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး ထိုအခြေအနေတို့ကြောင့် ကလေးများကို ကျောင်းထားရန် မိဘများကို မက်လုံးအဖြစ် ငွေများပေးနေရခြင်းဖြစ်ကြောင်း ဆိုသည်။
ရှုမိုင်လာဘီဘီသည် လာဟိုးကျောင်းမှ အသက် ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သည်။ ဘီဘီ၏ဖခင်သည် မတော်တဆဖြစ်စဉ်တစ်ခုတွင် ဒဏ်ရာရသွားပြီးနောက် လွန်ခဲ့သည့် လေးနှစ်ကတည်းက ဘီဘီတို့ ညီအစ်ကိုမောင်နှမများသည် အုတ်ဖိုတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့ကြခြင်းဖြစ်သည်။
“ဘယ်သူမှတော့ အုတ်ဖိုမှာ မလုပ်ချင်ကြပါဘူး။ ကျွန်မတို့လည်း မတတ်သာလို့ ဒီလိုလုပ်ရတာပါ” ဟု ဘီဘီ၏မိခင်ကဆိုသည်။ “ဒါပေမဲ့ရှုမိုင်လာကို ကျောင်းပြန်ထားနိုင်တဲ့ အစိုးရရဲ့ အခုအကူအညီကြောင့် အရမ်းပျော်ပါတယ်။ သူဟာပညာသင်ကြားပြီးရင် ကျောင်းဆရာမတစ်ဦး ဖြစ်လာမှာပါ” ဟု မိခင်က ဆက်လက်ပြောကြားခဲ့သည်။
AFP
AFP
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်