အိုင်အက်စ်နှင့် ပတ်သက်သည့် ထိပ်တန်းအဆင့် လျှို့ဝှက် သတင်းအချက်အလက်များကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားထံ မျှဝေခဲ့ကြောင်း သိရသည်။
အမည်ဖော်မပြသည့် အိမ်ဖြူတော် အရာရှိ အချို့က အမေရိကန် မီဒီယာများထံသို့ ယင်းအချက်ကို အတည်ပြု ပြောကြားခဲ့သည်။ အတိုက်အခံ ဒီမိုကရက်များက ထရမ့်သည် ရုရှားနှင့် အလွန်ကျွမ်းဝင်သည့် ဆက်ဆံရေးမျိုး ရှိနေကြောင်း စွပ်စွဲနေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
Washington Post သတင်းစာက ထပ်ဆင့် စုံစမ်းမှုများအရ အဆိုပါ အချက်အလက်များသည် အမေရိကန်၏ မဟာမိတ် နိုင်ငံတစ်ခုဆီမှ ရရှိထားခြင်း ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံက ယင်းအချက်အလက်များကို ရုရှားထံ မျှဝေပေးရန် ခွင့်မပြုထားဟု သိရှိရကြောင်း ဖော်ပြခဲ့သည်။
ထရမ့်သည် အိမ်ဖြူတော်တွင် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်ကို လက်ခံတွေ့ဆုံချိန်၌ အဆိုပါ ထိပ်တန်းအဆင့် လျှို့ဝှက် သတင်းအချက်အလက်များကို မျှဝေခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရအဖွဲ့ တာဝန်ရှိသူများက Washington Post၏ ဖော်ပြချက်ကို ငြင်းဆန်ခဲ့သော်လည်း တစ်ချိန်တည်းတွင် ထရမ့်၏ ရီပတ်ဘလစ်ကန် ပါတီ အရာရှိ တစ်ဦးက ထိုကိစ္စကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်ကြောင်း တောင်းဆိုလာသည်။
ထရမ့်သည် ရွေးကောက်ပွဲကြို မဲဆွယ်မှုများ အတွင်းကတည်းက ရုရှား အလိုတော်ရိ တစ်ဦးဟု စွပ်စွဲခံရသလို ရွေးကောက်ပွဲတွင် ၎င်းအသာစီး ရစေရန် ရုရှားဟက်ကာများက ပါဝင် ကူညီခဲ့ကြောင်း သတင်းများလည်း အခိုင်အမာ ထွက်ပေါ်ခဲ့သည်။ သို့သော် ယင်းသတင်း အားလုံးသည် အခြေအမြစ် မရှိသည့် ကောလာဟလများဟု ထရမ့်က ပယ်ချခဲ့သည်။
သို့သော် ထရမ့် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိအဖြစ် ခန့်အပ်သည့် မိုက်ကယ်ဖလင်းကဲ့သို့ ထိပ်တန်း အရာရှိများမှာ ရုရှားနှင့် မူမှန်မဟုတ်သော ဆက်သွယ်မှုမျိုး ရှိခဲ့ကြောင်း ဖော်ထုတ် ပေါ်ပေါက်လာသဖြင့် ပြဿနာများ ရှုပ်ထွေးခဲ့သေးသည်။
Washington Post သတင်းစာက ၎င်းတို့ထံ သတင်းပေးသည့် အမေရိကန် အရာရှိများက ထရမ့်၏ လုပ်ရပ်သည် မဟာမိတ် နိုင်ငံတစ်ခု၏ ယုံကြည်မှုအပေါ် စည်းဖောက်သည့် သဘောမျိုး ဖြစ်ခဲ့ပြီး အနာဂတ်တွင် မဟာမိတ် နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကဏ္ဍအပေါ် ထိခိုက်လာစေနိုင်သည်ဟု မှတ်ချက်ပေးခဲ့ကြောင်းလည်း ဖော်ပြသွားသည်။
Ref: Washington Post
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်