မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ အပြင်းအထန် ရှုတ်ချကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အစိုးရ အနေဖြင့် နောက်ထပ် တိုက်ချင်းပစ် ဒုံးကျည်လက်နက်များ စမ်းသပ်မှု မပြုရန် တောင်းဆိုကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားက မေ ၁၄ ရက်တွင် ပစ်ခတ်ခဲ့သည့် ဒုံးကျည်သည် အရွယ်အစား ကြီးမားသည့် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် နည်းပညာသစ်ကို စမ်းသပ်ခြင်းဟု အစောပိုင်းက ကြေညာခဲ့သည်။ အဆိုပါ ဒုံးကျည်သည် အမြင့် ၂၀၀၀ ကီလိုမီတာမျှထိ တက်ရောက်ပြီး မီတာ ၇၀၀ အကွာအဝေးထိ ပျံသန်းကာ ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းလွန် ပင်လယ်ပြင်တွင် ကျရောက်သွားခဲ့သည်။
တောင်ကိုရီးယား စစ်ဘက်က ယခုဒုံးကျည်နှင့် ပတ်သက်၍ မြောက်ကိုရီးယား၏ အဆိုကို အတိအကျ အတည်မပြုနိုင်သေးဟု ဆိုသည်။ သို့သော် လက်နက်ရေးရာ ကျွမ်းကျင်သူများက ဒုံးကျည်သည် ကမ္ဘာ့လေထုကို ဖောက်ထွက်ခြင်းနှင့် ပြန်လည်ဝင်ရောက်ခြင်းတို့ကို အောင်မြင်ချောမွေ့စွာ စွမ်းဆောင်နိုင်ခဲ့ရာ သိသာသည့် နည်းပညာ တိုးတက်မှုများ ရှိနေသည့် သဘောဟု သုံးသပ်ကြသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် ခိုင်မာသော တုံ့ပြန် ဆောင်ရွက်မှုမျိုး ပြသသင့်ကြောင်း၊ နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည်လက်နက်များ ထပ်မံစမ်းသပ်မှုကို လုံးဝ ရှောင်ရှားသင့်ကြောင်း ကြေညာသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မြောက်ကိုရီးယား၏ လက်နက် စမ်းသပ်မှုများနှင့် ဆက်စပ်၍ အရေးယူ ပိတ်ဆို့မှု အစီအမံ ခြောက်ရပ်ကို ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် သတ်မှတ် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် အဆင့်မြင့်စံနှုန်းမီ တိုက်ချင်းပစ် ဒုံးကျည်များသည် ခပ်စောင်းစောင်း ထောင့်ချိုးဖြင့် ပစ်လွှတ်ပါက ခရီးတာ ကီလိုမီတာ ၆၀၀၀ မျှ ပျံသန်းနိုင်လေ့ရှိပြီး မြောက်ကိုရီးယားက နောက်ဆုံးစမ်းသပ်သည့် ဒုံးကျည်မှာမူ ယင်းကဲ့သို့ ထောင့်ချိုးမျိုးဖြင့် ပစ်ခတ်ပါက ခရီးမိုင် ကီလိုမီတာ ၄၀၀၀ မျှထိ ရောက်ရှိနိုင်လိမ့်မည်ဟု လက်နက် သုတေသီများက ယူဆထားသည်။
Ref: Fox News
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်