မဟနနှင့် မဘသကွဲလျှင် သံဃာကွဲရာမှ တိုင်းပြည်ပါပြိုလဲသွားနိုင်ဟု မဘသဥက္ကဋ္ဌဆရာတော်မိန့်

 နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (မဟန)နှင့် အမျိုး ဘာသာသာသနာ စောင့်ရှောက် ရေးအဖွဲ့ (မဘသ)တို့ ကွဲလျှင် သံဃာကွဲ၊ သံဃာနောက်မှ ဆရာ ဒကာ၊ ဒကာမကွဲပြီး တိုင်းပြည်ပါ ပြိုလဲသွားနိုင်ကြောင်း မဘသဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသက မိန့်ကြားသည်။
မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲအခမ်းအနားတွင် မဘသဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသ မိန့်ကြားနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
‘‘မဘသအဖွဲ့တွေက ညီ ညွတ်တာပဲလို့မြင်ရင် ကျန်တဲ့သူ တွေက လန့်သွားလိမ့်မယ်။ သူတို့ ဘာသာ နောက်ဆုတ်သွားလိမ့် မယ်။ တပည့်တော်တို့အချင်းချင်း ညီညွတ်ဖို့ မလိုအပ်ဘူးလား။ ပထမဆုံး မဘသနဲ့ မဟန ကွဲ အောင် သူတို့မလုပ်ဘူးလား။ ဒါ က မဟနဆုံးဖြတ်တယ်ဆိုပေမယ့် မဟနက တရားခံတော့ မဟုတ် ဘူးနော်။ ဒါကိုတော့ နည်းနည်း သတိထားရမယ်။ အဲဒီတော့ ဆိုလိုတာက မဟနနဲ့ မဘသကွဲရင် သံ ဃာကော မကွဲဘူးလား။ သံဃာ ကွဲတာနဲ့တစ်ပြိုင်တည်း ပြဿနာ တွေ ရောက်မသွားဘူးလား။ သံ ဃာနောက်က ဆရာ ဒကာ၊ ဒကာမတွေပါ ကွဲမသွားဘူးလား။ တိုင်းပြည်ပါ ပြိုလဲသွားနိုင်တယ်’’ဟု အင်းစိန်ရွာမကျောင်းတိုက် ဆရာတော် ဦးတိလောကာဘိဝံသက ယမန်နေ့က မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့ (မဟန)က မဘသအ မည်ကို သုံးစွဲပြီး မည်သည့်အမှု ကိစ္စမျိုးကိုမျှ မလုပ်ဆောင်ရန် နှင့် မြန်မာပြည်အနှံ့အပြား စိုက် ထူထားသော မဘသအဖွဲ့ ဆိုင်း ဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထားဖြုတ်သိမ်းရန် ဆုံး ဖြတ်ချက်ထုတ်ပြန်ပြီး လေးရက် အကြာ မေလ ၂၇ ရက်က ပြုလုပ် သည့် ‘မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနား’တွင် မဘသဦးဆောင် ဆရာတော်ကြီးက အထက်ပါအ တိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
မဟနအဖွဲ့သည် တကယ့် ရန်သူအစစ် မဟုတ်ကြောင်း မဘသအဖွဲ့အတွင်းရေးမှူးဆရာ တော်တစ်ပါးဖြစ်သော မြစေတီ ဆရာတော် (မော်လမြိုင်)က တက်ရောက်လာသည့် မဘသအဖွဲ့ဝင် များအား မိန့်ကြားသည်။
 ‘‘တကယ့်ရန်သူအစစ်ကို လည်း ရှာတတ်ဖို့။ အခု တပည့် တော်တို့နဲ့ တွေ့နေတာ တကယ့် ရန်သူမဟုတ်ဘူး။ တပည့်တော်တို့အချင်းချင်း ဘာလုပ်ပေးနေ လဲ၊ တိုက်ပေးနေတာ။ တိုက်ပေး ရင် တပည့်တော်တို့အချင်းချင်းပဲ မနာဘူးလား။ နာတော့ ခြေကုန် လက်ပန်းကျတဲ့အခါမှ ခွေးက စားမှာ တပည့်တော်တို့ကို။ ဘယ် သူစားမှာလဲ ခွေးစားမှာ။ ကျား စားမယ်မပြောနဲ့။ ကျားက မရှိ ဘူး။ ကျားက တောထဲမှာရှိတာ။ စားရင် ခွေးစားမှာ။ ဟုတ်တယ် နော်။ အဲဒါဆိုရင် ဘယ်သူဝမ်းသာ မလဲ၊ ခွေးတွေပဲ ဝမ်းသာမှာ’’ဟု မြစေတီဆရာတော်က မိန့်ကြား သည်။
မဘသအဖွဲ့အစည်း၏ လုပ် ရပ်များအပေါ် ဝမ်းမသာဘဲ ဝမ်း နာနေသူများအတွက် ဝမ်းနုတ် ဆေး ကျွေးထားရန် လိုအပ် ကြောင်း မြစေတီဆရာတော်က ဆက်လက်မိန့်သည်။
 ‘‘လမ်းကြောင်းရှိတယ်ဆို ရင် ဘယ်ဘက်ကလည်း ကွေ့ချင် ကွေ့မယ်။ ညာဘက်ကလည်း ကွေ့ချင်ကွေ့မယ်။ တပည့်တော် တို့ ရောက်လိုတဲ့နေရာကို အချိန် မီရောက်ဖို့က အဓိကပဲ။ နည်း နည်းလေး တစ်လမ်း၊ နှစ်လမ်း ပို လျှောက်ရတာတော့ ရှိတာပေါ့။ ကွေ့ရတာကိုး။ ဘယ်ဘက်က လည်း ပိတ်တယ်၊ ညာဘက်က လည်း ပိတ်တယ်၊ အလယ် ကောင်ကနေလည်း မရှောင်ဘူး ဆိုတော့ အရင်တပည့်တော်ပြော ထားတဲ့စကား အရှင်ဘုရားတို့ ကြားယောင်ပါလိမ့်မယ်။ ဘာတဲ့ လဲ မသိဘူး။ တက်နင်းမယ်လို့ တပည့်တော် ပြောထားတယ်။ တက်နင်းတဲ့နေရာမှာ အားမလို ဘူးလား။ အဲဒီအားကို တပည့် တော်တို့က မွေးထားရမယ်’’ဟု မြစေတီဆရာတော်က မိန့်ကြား သည်။
အင်းစိန်မြို့နယ်ရှိ အောင် ဆန်းတောရတပ်ဦးကျောင်းတိုက် တွင် ပြုလုပ်သည့် မဘသအဖွဲ့ဝင် များကို အထူးအသိပေးရှင်းလင်း ပွဲ၌ သံဃာ ၂,၅၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၃,၀၀၀ ကျော် တက်ရောက် ခဲ့သည်။ နံနက်နှင့် နေ့လယ်အစီအစဉ်နှစ်ခုဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး နံနက်တွင် မဘသဥက္ကဋ္ဌ ဆရာတော်နှင့် ဒုဥက္ကဋ္ဌဆရာတော်တို့က ဩဝါဒများပေးပြီး မေလ ၂၃ ရက်က မဟနနှင့် သွားရောက်တွေ့ဆုံသည့် အကြောင်းအရာများကို ပြန်လည်ပြောပြခဲ့သည်။
ထို့နောက် နေ့လယ်ပိုင်းအစီ အစဉ်တွင် မဘသ၏ လက်ရှိအခြေအနေများကို သိစေနိုင်ရန် အဖွဲ့ဝင်အချင်းချင်း မေးခွန်း အမေး၊ အဖြေများ ပြုလုပ်ခဲ့ပြီး ဆရာတော်ကြီးများနှင့် မဘသ ဥပဒေအထောက်အကူပြု အဖွဲ့ ဝင်များက ပြန်လည်ဖြေဆိုခဲ့ကြ သည်။ မဘသဗဟိုအလုပ်အမှုဆောင် အရှင်သောပါကက မဘသသည် သံဃာဂိုဏ်းခွဲ မဟုတ်၍ သံဃနာယက၏ စည်းမျဉ်းများနှင့် ငြိစွန်းမနေဘဲ မဟနအနေဖြင့် ကြီးကြပ်စရာမလို ကြောင်း မိန့်သည်။
‘‘မဘသ စတင်ဖွဲ့စည်းက တည်းက မဟန၏ ကြီးကြပ်မှုကို ခံယူစရာမလိုသော်လည်း နိုင်ငံ ဦးသျှောင်ဆရာတော်ဘုရားများ ကို အရိုအသေပေးပြီး ကြီးကြပ်မှု ကို ခံယူဖို့လုပ်ခဲ့ပါတယ်’’ဟု အရှင်သောပါကက မိန့်သည်။
မဘသ ဥပဒေအထောက် အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးကျော် ကျော်ကလည်း မဟနသည် အာဏာပိုင်အဖွဲ့အစည်း မဟုတ်၍ မဘသဖျက်သိမ်းရန် အမိန့်မပေး နိုင်ဟုဆိုသည်။ ထို့ကြောင့် မဟန နောက်ကွယ်တွင် လက်မည်းကြီး ရှိနေကြောင်း ၎င်းကဆိုသည်။
‘‘မဟနဆရာတော်ကြီးတွေ က အကြောင်းအမျိုးမျိုးကြောင့် မလွှဲသာမရှောင်သာဘဲ ဒီလိုဆုံး ဖြတ်ချက်ချခဲ့တာလို့ ယုံကြည်ပါ တယ်’’ဟု ၎င်းက ပြောသည်။
 မေလ ၂၃ ရက်က မဟန အဖွဲ့နှင့် သွားရောက်တွေ့ဆုံရာ တွင် မဟနဆရာတော်ကြီးများက မဘသအဖွဲ့ကို ဖျက်သိမ်းခိုင်းခြင်းမဟုတ်ဘဲ တရားမဝင်အသင်းဖြစ်သောကြောင့် မဘသအမည်ကို မသုံးစွဲရန် မိန့်ကြားခဲ့ခြင်းသာဖြစ်ကြောင်း မဘသဥက္ကဋ္ဌဆရာတော် ဦးတိလောကာ ဘိဝံသက မိန့်ကြားသည်။
‘‘နိုင်ငံတော် သံဃမဟာ နာယကက ဆုံးဖြတ်တာဟာ တပည့်တော်တို့ သွားလို့မရ အောင် ဆုံးဖြတ်တာမဟုတ်ဘူး။ ဒါလည်း တပည့်တော်တို့ရဲ့ အ ခွင့်အရေး၊ သာသနာရဲ့ တန်ခိုးလို့ ပြောလို့ရတယ်။ သူတို့ဆုံးဖြတ် ချက်ကို တပည့်တော်တို့ ခေါ်ပြီး တော့ ဖတ်ပြတဲ့အချိန်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်က ဘာဆိုလိုရင်းလဲ၊တပည့်တော်တို့ရှေ့လမ်းကို သွား လို့မရဘူးလား၊ ရတယ်လား စဉ်း စားလိုက်တဲ့အခါမှာ ထွက်ပေါက် တစ်ခု ရနိုင်တဲ့အခွင့်အရေးတွေ အများကြီးရှိတယ်။ တပည့်တော် တစ်ပါးအနေနဲ့ဆိုရင် လက်ခံပါ တယ်၊ ကြိုဆိုပါတယ်၊ လိုက်နာ ပါ့မယ်။ ဘာလို့လဲဆိုတော့ လမ်း မှမပျောက်ဘဲနဲ့။ လမ်းမပျောက် ရင် သွားလို့မရဘူးလား။ အဲဒါကို နားလည်ဖို့၊ သဘောပေါက်ဖို့ အ ရေးကြီးတယ်။ အရှင်ဘုရားတို့၊ တပည့်တော်တို့ကော ညီညွတ်ဖို့ အရေးမကြီးဘူးလား’’ဟု မဘသ ဥက္ကဋ္ဌ ဆရာတော်က မိန့်ကြား သည်။
မဟနအဖွဲ့က မဘသအဖွဲ့ အပေါ် စာထုတ်ပြန် ဆုံးဖြတ်ပေးမှုနှင့် ပတ်သက်၍ မေလ ၂၄ ရက်တွင် 7Day Daily သတင်း ထောက်က မဟနအဖွဲ့၏ အကျိုး ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံ မေးမြန်းရာ မဘသအဖွဲ့ကို ဖျက်သိမ်းခိုင်းလိုက်ခြင်း သာဖြစ်ကြောင်း မိန့်ကြားသည်။
‘‘ဘုန်းဘုန်းတို့က သူတို့ကို ဖျက်သိမ်းခိုင်းတာ။ အဓိကက တော့ အဲဒါပါပဲ။ ဒီအဖွဲ့ကိုပဲ ဖျက် သိမ်း။ နောက်လုပ်ချင်လို့ရှိရင် ဘုန်းကြီးတို့ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ညီတဲ့အဖွဲ့မျိုးကို ထပ်ပြီးတော့ ဆွေးနွေးပြီး၊ တိုင်ပင်ပြီးလုပ်ဖို့တော့ သူတို့ကို ပြောထားပါတယ်’’ဟု အကျိုးဆောင်ဆရာ တော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက 7Day Daily အား မေလ ၂၄ ရက်က မိန့်ကြားသည်။
မဘသအဖွဲ့အမည်ကို သုံး စွဲပြီး မည်သည့်အမှုကိစ္စမျိုးကိုမျှ မလုပ်ဆောင်ရန်နှင့် မြန်မာပြည်အနှံ့အပြား စိုက်ထူထားသော မဘသအဖွဲ့ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ဖြုတ်သိမ်းပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က မေလ ၂၃ ရက်စွဲဖြင့် ထုတ် ပြန်ထားသည်။
မဟနအဖွဲ့၏ ၂၀၁၆ ဇူလိုင် ၁၁ ရက်က ပြုလုပ်သည့် ၄၇ ပါး စုံညီအထူးအစည်းအဝေးဆုံးဖြတ် ချက်များကို မဘသအဖွဲ့က လိုက်နာခြင်းမရှိသောကြောင့် ယခုကဲ့ သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အမည်ခံ ပုဂ္ဂိုလ်များသည် တစ်ဦးချင်းဖြစ် စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသ အမည်ကို သုံးစွဲလျက် မည်သည့် အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်း မပြုလုပ်ရန် မဟနက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ အပြင် ဆုံးဖြတ်ချက်များကို လိုက် နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ် လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူ ရန် ပါရှိသည်။
ထိုဆုံးဖြတ်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံး အရေးယူပေးရန် မဟနက ထုတ် ပြန်ထားသည်။
‘မဘသအဖွဲ့ဝင်များအား အ ထူးအသိပေးရှင်းလင်းပွဲအခမ်းအ နား’ကို မေလ ၂၇ နှင့် ၂၈ ရက် နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ယနေ့ ပြုလုပ်မည့် ရှင်းလင်းပွဲတွင် ထုတ် ပြန်ချက်များ ထုတ်ပြန်ရန်ရှိနေပြီး မဘသအဖွဲ့ အမည်အစား ဗုဒ္ဓ ဓမ္မပရဟိတအသင်း (သို့မဟုတ်) ‘ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း’ ဟု အမည်ပြောင်းလဲရန်ရှိကြောင်း မဘသအဖွဲ့ ဗဟိုအလုပ်အမှု ဆောင် ဆရာတော် ဒေါက်တာ အရှင်သောပါကက မိန့်ကြား သည်။
နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ (မဟန)သည် မြန်မာနိုင်ငံ တွင် အမြင့်ဆုံး သံဃာဦးဆောင် အဖွဲ့ဖြစ်သည်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)သည် ၂၀၁၃ ဇွန်လ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က  မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ် နည်း၊ သံဃနာယက လက်စွဲညွှန်ကြားလွှာများ၌ ဖော်ပြပါရှိခြင်း မရှိသည့်အပြင်  အဆိုပါညွှန်ကြားလွှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့မဟုတ်ကြောင်း ၂၀၁၆ ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ကြေညာထား သည်။

0 မှတ်ချက်များ: