ရန်ကုန်-မုံရွာပြေးဆွဲသည့် ခရီးသည်တင်ယာဉ်တစ်စီး ကားလမ်းမဘေးရှိ သစ်ပင်တစ်ပင်ကို ၀င်တိုက်၍ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးကာ ယာဉ်မောင်း အပါအ၀င် ခရီးသည်ရှစ်ဦး ဒဏ်ရာရရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယတိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ဦးက ပြောသည်။
ချောင်းဦးမြို့နယ် ရေပိုးစားရေကန်အနီး ရန်ကုန်-မုံရွာ ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်၍ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ (ဓာတ်ပုံ − မျိုးမင်းဦး) |
ယင်းခရီးသည်တင်ယာဉ် သည် မေလ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာအနီး ရေပိုးစားရေကန်အရောက်တွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းချော်၍ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ခဲ့ကြောင်း ဦးမျိုးထွဋ်ဦးက ပြောကြားသည်။
‘‘ယာဉ်တိုက်မှုကြောင့် မုံရွာ - မန္တလေးကားလမ်း ပိတ်ဆို့ခဲ့ပါ တယ်။ ရှာဖွေကယ်ဆယ်ရေး ယာဉ်နဲ့ လမ်းပိတ်ဆို့နေတဲ့ ယာဉ် ကို မနက် ၉ နာရီခွဲမှာ ရှင်းလင်း ဖယ်ရှားပေးနိုင်ခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။ မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က ‘‘ခရီးသည်တင်ယာဉ်က ၄၅ ယောက်စီးပါ။ ခရီးသည် ၃၀ ခန့်လိုက်ပါလာ တယ်လို့ သိရပါတယ်။ ချောင်းဦး မီးသတ်နဲ့ လူမှုကူညီရေးအသင်း တွေ ပူးပေါင်းပြီး လူနာတွေကို ဆေးရုံကိုပို့ပေးတယ်။ ကားပေါ်မှာပိတ်မိသေဆုံးနေတဲ့ ယာဉ်နောက်လိုက်ကိုလည်း ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေ ကယ်ထုတ်ခဲ့ရတယ်’’ ဟု ပြောသည်။
7 Day Daily
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်