၆နှစ်ကလေးတောင် ပလက်ဖောင်းပေါ်လျှောက်ရမှာ ကြောက်သွားပါတယ်

          ဖြစ်စဉ်မှာ စာရေးသူသည် တူမလေးနှင့်အတူ ပန်းဆိုးတန်းမှ ဆူးလေသို့ သွားရာတွင် ဆူးလေ Giordanoဆိုင်သို့ အရောက်တွင် မျက်နှာချင်းဆိုင်မှ လာသော ၂၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက ကျွံနေသော ပလပ်ဖောင်းပေါက်ထဲသို့ ခြေထောက်တစ်ဘက် ကျွံကျသွားသည်ကို တွေ့မြင်လိုက်ရသည်။
          ထိုဖြစ်စဉ်ကို မြင်ပြီး ကျွန်တော့်၏တူမလေးဖြစ်သူ ၆နှစ်အရွယ်ကလေးငယ်က "ဦးရေ အောက်ကို ဆင်းလျှောက်ရအောင်၊ ဟိုဦးလေးကြီးတောင် အပေါက်ထဲ ခြေထောက်ကျွံသွားတာ၊ သမီးဆိုရင် လူပါ ပြုတ်ကျသွားမှာ၊ အောက်ဆင်းလျှောက်မယ်နော် ဦး" လို့ ကျွန်တော့်ကို အလန့်တကြားပြောလာ ပါတယ်။ မျက်နှာအမူအရာမှာလည်း ထိန့်လန့်သွားပုံပါပဲ။ ထိန်လန့်မယ်ဆိုလည်း ထိန့်လန့်ချင်စရာပါ။ ကျွန်တော်တောင် လန့်သွားတာပဲလေ။ ပတ်ဝန်းကျင်က လမ်းသွားလမ်းလာတွေ ဖေးမကူညီမှုနဲ့ ထိုသူမှာ အပေါက်ထဲက ညှပ်သွားတဲ့ ခြေထောက်ကို ဆွဲထုတ်နိုင်ခဲ့ပြီး ခြေထောက်တွင် သွေးများ ထွက်နေသည်။
           စည်ပင်သာယာက လမ်းအတော်များများကို ကွန်ကရစ်ခင်းနေသော်လည်း အချို့လမ်းများမှာ ပြင် ဆင်ခြင်း မရှိဘဲ လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်များလှသည်မှာ အထွေအထူးပြောစရာမလိုဘဲ အားလုံးမြင်တွေ့နေကြမှာပါ။ အလုပ်လုပ်ပြတာလား၊ တကယ်လုပ်တာလားဆိုတာတော့ ပြည်သူက ဆုံးဖြတ်မှာပါ။
          နောက်တစ်ခုက ပလပ်ဖောင်းပေါ်မှာ ဒီမိုကရေစီတို့ လွတ်လပ်ခွင့်တို့ လွတ်လပ်စွာ စီးပွားရှာခွင့်တို့ကို အယူမှား အသုံးချပြီး အများအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားတစ်ခုကိုပဲ ကြည့်ပြီး ပလပ်ဖောင်းအပြည့် ရောင်းချနေသောဈေးသည်များနှင့် ခိုစာရောင်းချသူများကြောင့်လည်း ပြည်သူများမှာ ပလပ်ဖောင်းပေါ် လမ်းမလျှောက်နိုင်ဘဲ အန္တရာယ်ကြားက ကားလမ်းမမှာ ဆင်းလျှောက်နေရ သည်ကိုလည်း တွေ့မြင်နေရပါသည်။
         စာရေးသူ နံနက်တိုင်း ဆူးလေဘက်မှ လသာသို့ လမ်းလျှောက်ရာတွင်လည်း သိမ်ကြီးဈေးအနီးတွင် ခိုစာရောင်းချနေသူများကြောင့် လမ်းသွားစရာမရှိအောင် ခိုတွေပြည့်နေပြီး အပေါ်ဝါယာကြိုးများမှာလည်း ခိုအပြည့်နားနေပြီး မတော်တဆ ဓာတ်ကြိုးပြတ်ကျမှုများ၊ ငှက်မှ ပိုးမွှား များနှင့် ကူးစက်နိုင်သောရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများရနိုင်မှာစိုးသဖြင့်   အောက်ဆင်းလမ်းလျှောက်နေရပါသည်။ အောက်ဆင်းလျှောက်ပြီး သိမ်ကြီးဈေးကွေ့နားရောက်တော့ လမ်းကူးဖို့ တံတားပေါ်တက်ရန် ဘယ်က တက်ရမှန်းမသိဖြစ်နေပါတယ်။ သံစကာတွေကြောင့်ပါ၊ အဲ့နားက ကားတွေကလည်း အရမ်းကွေ့တော့ ဘယ်လိုသွားရမှန်းမသိဖြစ်နေပါတယ်။
          လမ်းဘေးဈေးသည်တွေကို နေရာသတ်မှတ်ပေး၊ ပလပ်ဖောင်းတွေပြင်ပြီးရင် ပြည်သူလူထုကို လွတ်လပ်ဘေးကင်းလုံခြုံစွာ သွားလာနိုင်အောင် ဆောင်ရွက်ပေးရင် ဘယ်သူမဆို လမ်းမှာ လိုက်ပြီး ပလပ်ဖောင်းပေါ်တက်လျှောက်ပါလို့ အော်တာတို့၊ လူကူးမျဉ်းကျားက ကူးပါလို့ လိုက်အော်ပြီး လိုက်ဖမ်း၊ ဒဏ်ငွေကောက်အရေးယူနေဖို့ မလိုဘဲ အားလုံးက ကိုယ့်အသိစိတ်နဲ့ ကိုယ် လိုက်နာလာကြမှာပါ။
         ဒါတွေကို ပြည်သူတွေဆီက အခွန်တွေယူထားတဲ့ အစိုးရက ဖြေရှင်းပေးဖို့ တာဝန်အများကြီး ရှိပါတယ်။ ဆေးရုံရောက်မှ ၀န်ကြီးက လာတွေ့ပြီး ငါးထောင်၊ တစ်သောင်းလောက်ပေးတာဟာ လူမြင် ကောင်းအောင် လုပ်ရုံပါပဲ။ ဘယ်သူမှလည်း ရောဂါအရခံပြီး ဒီငွေလေးကို မက်မနေပါဘူး။ လိုချင်တာက ပြည်သူကို လုံခြုံနွေးထွေးမှုပေးဖို့ပါ။ အဲဒါဆိုရင် သတင်းစာတွေ တီဗီတွေမှာ ရိုက်မပြလည်း ပြည်သူက အစိုးရကို ချစ်မှာပါ။
          ပြုပြင်စေချင်သဖြင့် အပြုသဘောဆောင် ဝေဖန်ခြင်းဖြစ်ပါသည်။ ဌာနဆိုင်ရာတွေက အလုပ် လုပ်တာကို ဝေဖန်ခြင်းမဟုတ်ဘဲ လုပ်ရန်ကျန်ရှိနေတာတွေကို အပြုသဘောဆောင် အကြံပြုတင်ပြခြင်းသာ ဖြစ်ပါသည်။ တရားစွဲမယ်ဆိုရင်လည်း တရားရင်ဆိုင်ဖို့ အသင့်ရှိနေပါတယ်။
ကေ

0 မှတ်ချက်များ: