ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့် ပြန်လာခဲ့စဉ် လမ်းခုလတ်၌ ယာဉ်မောင်းမှမောင်းနှင် ထွက်ပြေးမှုတစ်ရပ် ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ကိုအောင်ဇေယျ (၂၅) နှစ် ပဲကုမ္ပဏီကိုယ်စားလှယ်နှင့် သူငယ်ချင်းဖြစ်သူ နှင်းမောင်မောင် ပဲကုမ္ပဏီဝန်ထမ်းတို့သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော သလ္လာမွန် ပဲကုမ္ပဏီပိုင်ငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘဏ်အနီးမှ အ၀ါရောင် (နံပါတ်မမှတ်မိ) အငှားယာဉ်အား ကျပ် ၂၀၀၀ ဖြင့် ငှားရမ်း၍ ပြည်လမ်းအတိုင်း မောင်းနှင်လာခဲ့ရာ စိုက်ပျိုးရေးကားမှတ်တိုင်ကျော် အရောက်တွင် ကားပျက်သွားခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ကားပေါ်ပါလာသူ ကိုအောင်ဇေယျတို့နှစ်ဦးမှ ကားအားတွန်းပေးစဉ် စက်နိုးသွားပြီး ယာဉ်မောင်းမှ ကားအားမောင်းနှင်
ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပဲကုမ္ပဏီအား သွားရောက်မေးမြန်းရာ "ကိုအောင်ဇေယျနဲ့ ကိုနှင်းမောင်မောင်တို့နှစ်ယောက်က
အဲဒီဖြစ်စဉ်ဖြစ်ကတည်းက ကုမ္ပဏီကို မလာတော့ဘူး။ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လိုက်လံဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
အဆိုဖြစ်စဉ်ကို ကမာရွတ်ရဲစခန်းမှ (ပ) ၈/၂၀၁၃၊ ပုဒ်မ-၃၇၉ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှကျူးလွန်သွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ကျူးလွန်သွားတဲ့သူကို ဖြစ်စဉ်ဖြစ်သွားတဲ့အချိန်ကစပြီးတော့ အဲဒီပဲကိုယ်စားလှယ်ရယ် သူ့သူငယ်ချင်းနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့သူကို လိုက်လံစုံစမ်းစစ်ဆေးနေတုန်းပါဘဲ။ အခုထိတော့ မမိသေးပါဘူး" ဟု ကမာရွတ်မြို့နယ်
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရန်အတွက် တိုင်းအဆင့် စုံစမ်းဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Eleven Media Group မှ ကူးယူဖော်ပြထားပါသည်။

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်