Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

ဒေါ်တင်ညွန့်ဗီဒီယိုဖိုင် ရိုက်ကူးသူနှင့် ဖေ့စ်ဘွတ်ခ်ပေါ်တင်သူတို့ကို ၆၆(ဃ) ဖြင့် အမှုဖွင့်

 ဒေါ်တင်ညွန့်၏ ကြည့် ရှုရန်မသင့်တော်သော ဗီဒီယိုဖိုင် ကိုရိုက်ကူးခဲ့သူနှင့် လူမှုကွန်ရက် စာမျက်နှာဖေ့စ်ဘွတ်ခ်ပေါ် တင် ခဲ့သူတို့ကို ဒေါ်တင်ညွန့်၏ ခင်ပွန်း ဖြစ်သူက ကညွတ်ကွင်းနယ်မြေရဲ စခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။


ပဲခူးတိုင်း ဖြူးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေါ်တင်ညွန့်၏ ခင်ပွန်းကိုရဲဝင်းက ဇနီးမတင်ညွန့် ၏ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာတွင်တင်ခဲ့သူ တင်ထွဋ်နှင့် ဗီဒီယိုရိုက်ကူးသူဝင်းအေးတို့ကို ရဲစခန်း၌ လာရောက်တိုင်ကြားခဲ့၍ ဇွန်လ ၁၅ ရက် နေ့ လယ်တွင် အမှုဖွင့်ခဲ့ကြောင်း ကညွတ်ကွင်းနယ်မြေရဲစခန်းမှ  ရဲအုပ်စန်းဦးက ပြောသည်။
‘‘ဒီနေ့ နေ့လယ်ပိုင်းအချိန်က လာပြီး အမှုဖွင့်လို့ ၆၆(ဃ)အရ အမှုဖွင့်ထားပါတယ်။ နှစ်ဖက်စ လုံးကို ဖမ်းဆီးထားတာတော့ မရှိ သေးပါဘူး။ အမှုနဲ့ပတ်သက်လို့ ခေါ်ယူ စစ်ဆေးနေတာတွေရှိ တယ်။ ကိုတင်ထွဋ်က သတင်းသမားဆိုပေမယ့် ဘယ်သတင်းဌာနကလဲဆိုတာတော့ မသိရသေးပါဘူး’’ ဟု ၎င်းက ပြောသည်။
ဇွန်လ ၉ ရက်က လယ်ကွင်း အတွင်း နွားကျောင်းသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားခံရသူ ကိုရဲဝင်းက ရဲစခန်းတွင် သွားရောက်ရှင်းလင်းစဉ် နွားများထပ်မံလွှတ်ကျောင်းသဖြင့် မတင်ညွန့်ကသွား
ရောက်တားမြစ်ရင်း ချော်လဲသွားပုံကို ၀င်းအေးက ဗီဒီယိုရိုက်ကူး၍ ၎င်းရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို Tin Htut အကောင့်ပိုင်ရှင် ကိုတင်ထွဋ်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူများပြားခဲ့ကာ လူမှုကွန်ရက်စာမျက်နှာတွင် လူသိများခဲ့သည်။ 
ဗီဒီယိုဖိုင်တွင် ဒေါ်တင်ညွန့် ချော်လဲသွားရာမှ ထဘီလှန်၍ မဖွယ်မရာပြုလုပ်နေပုံနှင့် ဆဲဆိုသည့်အသံများပါဝင်ခဲ့ပြီး ဆဲဆိုကြိမ်းမောင်းသူ ဒေါ်တင်ညွန့်အပါအ၀င်ခုနစ်ဦးကို ကညွတ်ကွင်း ရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ဗီဒီယိုဖိုင်ရိုက်ကူးသူ ကိုဝင်း အေးနှင့် ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ကိုတင်ထွဋ်တို့၏ သက်သေခံပစ္စည်းများသိမ်းဆည်းထားကာ အမှုကိုစစ်ဆေးနေကြောင်း သိရသည်။
7 Day Daily

စင်ကာပူတွင် တိုက်ပေါ်မှ ခုန်ချသတ်သေသွားသည့် မဇင်မာဦးအား သင်္ဂြိုဟ်မည်

ဓာတ်ပုံ-mothership.sg

စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ရင်း ၁၉ ထပ်တိုက်ပေါ်ကနေ ခုန်ချ အဆုံးစီရင်သွားခဲ့တဲ့ မဇင်မာဦးရဲ့ ရုပ်လောင်းကို သင်္ဂြိုဟ်ဖို့ မိသားစုဝင်တွေဖြစ်တဲ့ ဖခင်နဲ့ ဦးလေးတို့ စင်ကာပူနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။

ဇွန် ၁၂ ရက်နေ့က ကွန်ဒိုအဆောက်အဦ ၁၉ ထပ်ကနေ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ မဇင်မာဦးဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာအုပ်စု၊ ဂူတလုံးကျကျေးရွာမှာ နေထိုင်တာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက သူ့မိခင်မှာ သေဆုံးသွားခဲ့ပြီး ဖခင်ကတော့ ကျောက်တော်မြို့နယ်ဘက်မှာ နောက်အိမ်ထောင်ပြုသွားခဲ့တာကြောင့် ငယ်စဉ်ကတည်းက အဖိုး ဦးမောင်ကျော်၊  အဖွား ဒေါ်သန္တာခိုင်တို့ လက်ထဲမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။

ကျီးရာပြင်ကျေးရွာမှာ ၉ တန်းအထိ ပညာသင်ယူခဲ့ပြီးနောက် ရွာကအဆက်အသွယ်နဲ့ စင်ကာပူနိုင်ငံကို လွန်ခဲ့တဲ့ ၁ နှစ်လောက်က သွားရောက်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူကနေ ရွာက အဖိုးအဖွားကို အဆက်အသွယ် တခါပဲရဖူးတယ်လို့ လက်ရှိအဖိုး အဖွားတွေနဲ့ သွားရောက်တွေ့ဆုံတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

“ကောင်မလေးက လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က အိမ်နားမှာရှိတဲ့ လူပွဲစားရှိတယ်။  အဲဒီကနေ အေးဂျင့်တခုနဲ့ ဆက်စပ်ပြီးတော့ သူ့ကို ရန်ကုန် ခေါ်သွားတယ်။ ရန်ကုန်ကနေတဆင့် အကြွေးစနစ်နဲ့ စင်ကာပူကိုပို့လိုက်တယ်။ စင်ကာပူပို့ပြီးနောက် တကြိမ်မှ ပိုက်ဆံရောက်တာမရှိဘူး။ ဖုန်းအဆက်သွယ်က တနှစ်လုံးမှ တခါပဲ ရှိခဲ့တယ်တဲ့။ သူ့မှာ အမေမရှိတော့ဘူး။ အဖေက နောက်အိမ်ထောင်နဲ့၊ သူ့မှာ အသက် ၈၅ နှစ်အဖိုးနဲ့ အသက် ၇၅ နှစ်အဖွားနဲ့နေတာ။ သူ့အဖိုး အဖွားတွေက အိပ်ယာထဲမှာ တုံးလုံးပဲ၊ တော်တော်လေးကို စိတ်ထိခိုက်သွားတဲ့ သဘောရှိတယ်။ ဒီဘက်မှာ သူ့အမျိုးတွေဆိုရင် ကျနော် ဘေးနားမှာကို ငိုနေကြတယ်ဗျာ။”

လတ်တလော ဖခင်ဖြစ်သူနဲ့ သူ့ဦးလေး ၂ ဦးတို့ စင်ကာပူသွားရောက်ဖို့ ရန်ကုန်မှာ ပတ်စ်ပို့တွေ လုပ်ဆောင်နေပြီး သူတို့ရောက်ရင်တော့ ကျန်ရှိနေတဲ့ မဇင်မာဦးရဲ့ ရုပ်အလောင်းကို စင်ကာပူမှာပဲ သင်္ဂြိုဟ်မယ်လို့  ဦးလေးဖြစ်သူ ဦးသာထွန်းအောင်က  ပြောပါတယ်။

“ပတ်စ်ပို့က မနက်ဖြန်မနက်လောက်မှ ရမယ်ထင်ပါတယ်။ ပတ်စ်ပို့ရရင်တော့ စင်ကာပူကိုသွားပါမယ်။ သင်္ဂြိုဟ်ဖို့အစီအစဉ်က ကျနော်တို့ရောက်မှပဲ အတည်ပြုနိုင်မယ်ခင်ဗျာ။ စင်ကာပူမှာလည်း စင်ကာပူရောက် လူငယ်အဖွဲ့အစည်းတွေကလည်း ကျနော်တို့ကို စောင့်နေပါတယ်။”

သေဆုံးသူ မဇင်မာဦးရဲ့ ဒိုင်ယာရီထဲမှာ အဖိုးအဖွားကို ပြန်လည်ပြုစုစောင့်ရှောက်နိုင်တဲ့ မြေးလိမ္မာလေး ဖြစ်ပါရစေလို့ ဆုတောင်းရေးသားခဲ့ပါတယ်။

ဒါကြောင့် ကျန်ရစ်တဲ့ အဖိုးအဖွားတွေကို ကူညီပေးဖို့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက အလှူငွေတွေ ကောက်ခံနေပါတယ်။

အလှူငွေ ကောက်ခံသူတွေထဲက တဦးဖြစ်တဲ့  ကိုငြိမ်းချမ်းဆွေက မဇင်မာဦးရဲ့ ဆန္ဒအရ ဒီလို အလှူငွေကောက်ခံပြီး အဖိုးအဖွားတွေကို ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဦးတည်ချက်ကတော့ ကျန်ခဲ့တဲ့ အဖိုးအဖွားက ဒီကောင်မလေးကို မှီခိုနေရတယ်လို့ သိရတယ်လေ။ ပြီးတော့လည်း ဆင်းရဲတယ်ပေါ့ဗျာ။ အဲတော့ ကျနော်တို့က ဒီဘက်က တတ်နိုင်သလောက် အလှူငွေ ကောက်ခံပြီးတော့ အဲဒီဖိုးအဖွားကို ပေးဖို့မှန်းထားပါတယ်။”

လက်ရှိအချိန်ထိ စင်ကာပူဘက်က အလှူငွေ စင်ကာပူဒေါ်လာ ၆ ထောင်လောက် ရရှိထားပြီဖြစ်သလို မြန်မာနိုင်ငံတွင်းက စေတနာရှင်တွေလည်း လှူဒါန်းတာတွေ ရှိနေပါတယ်။

မဇင်မာဦး မသေဆုံးမီ သူချစ်ခင်ရတဲ့ အင်ဒိုနီးရှား သူငယ်ချင်းထံ ရင်ဖွင့်ပြောထားတဲ့ စကားအရ သူ့ကို မနက်စာကို ၉ နာရီကနေ ၁၁ နာရီခွဲအကြား၊ နေ့လယ်စာကို ၂ နာရီကနေ ၅ နာရီကြား ကျွေးကြောင်း၊ စားလို့အနည်းငယ်သာ ကောင်းကြောင်းနဲ့ ပေါင်မုန့် ၂ ချပ်နဲ့ သောက်ရေသာ ပေးကြောင်း ရင်ဖွင့်ထားပါတယ်။

ဒါ့အပြင် တခါတလေမှာ နေ့လယ်စာ မစားရဘဲ ညနေစာကို ည ၉ နာရီခွဲကနေ ၁၁ နာရီခွဲကြားမှသာ ကျွေးတာကြောင့် ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ သူ့ကို ကူညီဖို့ တောင်းဆိုထားပါတယ်။

စင်ကာပူမှာ ပြီးခဲ့တဲ့နှစ်ကစပြီး အိမ်အကူအလုပ်သမားတွေ မိမိကိုယ်ကို အဆုံးစီရင်မှုတွေ များလာပြီး ၂၀၁၇ ခုနှစ်အတွင်း အလားတူ အမှု ၃ ခု ဖြစ်ပွားခဲ့တယ်လို့ စင်ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ HOME အဖွဲ့က မကေတီအေးမာမာက ဒီဗွီဘီကို ပြောပါတယ်။

“အရင်တုန်းက ဒီလိုမများဘူး။ အခုနောက်ပိုင်း ပိုများလာတယ်။ သူက အသက်ကန့်သတ်ချက်က ၂၃ နှစ်ဆိုတာရှိတယ်။ ဒါပေမယ့် သူတို့က အသက်တွေကို လိမ်ထွက်လာတယ်။ အဲဒါ အစိုးရဘက်ကလည်း သက်ဆိုင်တာပေါ့နော်။ အသက် လိမ်ပေးလိုက်တာ ပါတာပေါ့လေ။ အဲတော့ အသက်တွေက မပြည့်ဘူး၊ ငယ်တဲ့အတွက် စိတ်ဖိစီးမှုဒဏ်၊ အလုပ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ဘူး။ အဓိက စိတ်ဖိစီးမှုဒဏ်ကိုပေါ့နော်။ မခံနိုင်တော့ ဒီလိုခုန်ချတာများလာတယ်။ ရှင်းရှင်းပြောရရင် ပြီးခဲ့တဲ့ နှစ်ကစပြီး များလာတာရှိတယ်။ ဒီနှစ်ထဲမှာကို ဒီလိုဖြစ်တာက ၃ ခုလောက်ရှိပြီပေါ့။ ဒါပေမယ့် ဒီအမှုက သေသွားတာပေါ့။ ကျန်တဲ့လူတွေက မသေဘူး။ ခြေထောက်ထိတယ်။ ဒဏ်ရာရတယ်။”

စင်ကာပူဥပဒေမှာ အလုပ်သမားတွေကို အစားအစာလုံလောက်စွာ ပေးရမယ်လို့ ဆိုထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လတ်တလောအထိ စင်ကာပူအိမ်ရှင်ကို အမှုဖွင့် တရားစွဲတာတွေ မလုပ်ဆောင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဇူလိုင် ၂၆ ရက်ကလည်း အိမ်ရှင်သားအမိ နှိပ်စက်ညှဉ်းပန်းလို့ ချင်းတိုင်းရင်းသူ ဒေါ်ပြောင်ငိုက်ဒွန့် သေဆုံးခဲ့ရပြီး သူ့ရုပ်အအလောင်းကို မြန်မာနိုင်ငံသယ်လာပြီး သူ့ဇာတိမြေ တီးတိန်မြို့နယ် ဒိမ်ပီး ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

DVB

တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့သည့် မိန်းကလေး မိသားစုဝင်များ စင်ကာပူ လာရောက်နိုင်ရေး သံရုံးကူညီ

စင်ကာပူတွင် မြန်မာ မိန်းကလေး မဇင်မာဦး ခုန်ချ သေကြောင်းကြံစည်ခဲ့သော ကွန်ဒို တိုက်ခန်းတွဲ / ခင်လေး ဖေ့စ်ဘုတ်

စင်ကာပူနိုင်ငံ ကွန်ဒို ၁၈ ထပ်မှ မြန်မာ အိမ်အကူ မိန်းကလေးတဦး ခုန်ချ သေကြောင်းကြံစည်မှု ဇွန် ၁၂ ရက် ညနေ က ဖြစ်ပွားခဲ့သည်။

ယခုအခါ သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ်ရပြီဖြစ်ပြီး ၎င်း၏ ဖခင်နှင့် ဦးလေးဖြစ်သူ အမြန်ဆုံး လိုက်လာ နိုင်ရန် စင်ကာပူနိုင်ငံ အခြေစိုက် မြန်မာသံရုံးက လိုအပ်သည်များကို အကူအညီ ပေးနေကြောင်း စင်ကာပူ နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန် ဌာနမှ အရာရှိတဦး က ဧရာဝတီကို ပြောသည်။

“သူ့အဖေနဲ့ ဦးလေး လာဖို့ စီစဉ်နေတယ်။ ရက်အတိအကျတော့ ကာယကံရှင်ဘက်က မဆုံးဖြတ်နိုင်သေးပါဘူး။ သူတို့လာရင် လိုအပ်တာ ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို စာထုတ်ထားပေးပါတယ်” ဟု ၎င်းက ဆိုသည်။

စင်ကာပူ နိုင်ငံ ဒီပို့လမ်းမပေါ်မှ ၂၄ ထပ်အမြင့်ရှိ အင်တာလေ့ (Interlace) ကွန်ဒိုပေါ်မှ ခုန်ချ သေဆုံးသူ မဇင်မာဦး၊ အသက် ၂၅ နှစ်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လာသူဖြစ်ပြီး အိမ်အကူလုပ်နေသည်မှာ ၈ လခန့်ရှိပြီ ဖြစ် ကြောင်း၊ သေကြောင်းကြံစည်သည့် အကြောင်းရင်းကို မသိရသေးဘဲ စင်ကာပူ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး သတင်း အဆက် မပြတ် စုံစမ်းပေးနေကြောင်းလည်း အဆိုပါအရာရှိက ပြောသည်။

သေဆုံးသူ မိန်းကလေး ရုပ်အလောင်းကို စင်ကာပူ အထွေထွေရောဂါကုဆေးရုံရှိ အဆောင် ၉ တွင် မြန်မာ သံရုံး တာဝန်ရှိသူ နှစ်ဦးနှင့်အတူ သွားရောက်ကြည့်ရှုခွင့် ရခဲ့သည့် ဒေါ်ခင်လေး၏ ပြောပြချက်အရ မဇင်မာဦး တိုက်ပေါ်မှ မခုန်ချခင် အချိန် မိနစ် ၉၀ အတွင်းတွင် ကယ်ဆယ်ရေးအဖွဲ့က ဖြောင်းဖျပြောဆိုခြင်း ပြုလုပ်ခဲ့သကဲ့သို့ ပြုတ်ကျ လာနိုင်ခြေရှိသည့် နေရာများတွင်လည်း လေမွေ့ယာများ၊ လေဘောလုံးများ ချထားခဲ့သော်လည်း အဆောက်အဦ၏ ဒီဇိုင်းပုံစံကြောင့် အသက်ကယ်ဆယ်ရန် မအောင် မြင်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်လေးသည် စင်ကာပူအခြေစိုက် လူသားချင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်သည့် HOME အဖွဲ့၏ စေတနာ့ ဝန်ထမ်း တဦးဖြစ်ပြီး အဖွဲ့အနေဖြင့် ဦးဆောင်၍ ငွေကြေးကောက်ယူကာ သေဆုံးသူ မိန်းကလေး၏ ကျန်ရစ်သူ မိသားစုဝင်များ ကို ထောက်ပံ့ပေးရန် စီစဉ်နေသည်ဟု ဆိုသည်။

မြန်မာအစိုးရ အနေဖြင့် စင်ကာပူသို့ အိမ်အကူ အလုပ်သမားပို့မှုကို ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ထားခဲ့ သော ကြောင့် နောက်ပိုင်းလူများသည် တရားမဝင်ဖြစ်သည့် အတွက် ပို့ပေးနေသည့် အေဂျင်စီများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ထားပေးစေချင်ကြောင်း ဒေါ်ခင်လေးက ပြောသည်။

“အဓိက အသက်ငယ်တော့ ကလေးတွေအနေနဲ့ စိတ်ပိုင်းဖြတ်မှု မပေးနိုင်ဘူး။ လုပ်ငန်း အတွေ့အကြုံမရှိဘူး။ စာတွေ့ ရော၊ လက်တွေ့ရော အကုန်အားနည်းနေတဲ့ အနေအထား။ အဲဒါတွေအားလုံး ဖြည့်ပြီးတော့မှပဲ ပို့ပေးကြပါ။ အေဂျင်စီ တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ထားပေးကြပါလို့ တောင်းဆိုချင်တယ်” ဟုလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက စင်ကာပူ၏ ဥပဒေအရ အနည်းဆုံး အသက် ၂၃ နှစ်၊ အတန်းပညာ ၈ တန်းအောင်မှ လက်ခံ ကြောင်း၊ အသက် မပြည့်သေးသူများကို နိုင်ငံကူး လက်မှတ်(Passport)ထုတ်ပေးနေခြင်း၊ နှစ်တန်း မအောင်သည့် ကလေးများကို ရှစ်တန်း၊ ဆယ်တန်း အောင်ဖြစ်ရန် လုပ်ပေးနေခြင်း၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာခွင့်ရရန် ပြရသည့် အသွားအပြန် လေယာဉ် လက်မှတ်၊ Show money များကို မည်သူများက လုပ်ပေးနေကြသလဲ ဆိုသည်က မေးခွန်း ထုတ်စရာဖြစ်နေကြောင်း ပြောဆိုသည်။

“အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ အေဂျင်စီတွေ အပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေပြီ၊ အချိန် ကျ နေပြီလို့ ထင်တယ်။ အဓိကက အေဂျင်စီ တခုတည်းရော အလုပ်သမား ဝန်ကြီးဌာနရော သူတို့နှစ်ယောက်ထဲ လုပ်လို့ မရဘူး။ ပြည်ထဲရေးပါ ပါလာတာပေါ့နော်” ဟု ဒေါ်ခင်လေးက ပြောသည်။

ယခုကဲ့သို့ သေကြောင်းကြံမှု ယခုနှစ် ဖေဖော်ဝါရီက တဦး၊ မေလက တဦး ရှိခဲ့ပြီး ထိုနှစ်ဦးသည် အသက်မသေဘဲ ခါးရိုးကျိုးသွားကြောင်း၊ တဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ပြီး ကျန်တဦးကို လည်း ပြန်ပို့ပေး ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာ အလုပ်သမားများ အနေဖြင့် အခက်အခဲ တစုံတရာဖြစ်လာပါက တဦးတည်း မဖြေရှင်းဘဲ သက်ဆိုင်ရာ သံရုံး တာဝန်ရှိသူများနှင့် မြန်မာ့လူမှု အသိုင်းအဝိုင်းက အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ခေါ်ယူ အကြောင်း ကြား ကြရန် စင်ကာပူရောက် မြန်မာ့အရေး အကူအညီပေးနေသူများက ပြောဆိုကြသည်။

မြန်မာအိမ်အကူ အလုပ်သမား မိန်းကလေးတဦး ၁၈ ထပ်တိုက်ပေါ်မှ ခုန်ချပြီး သေကြောင်းကြံစည်ခဲ့သည့် ဗီဒီယိုဖိုင် များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် စင်ကာပူရောက် မြန်မာများအပါအဝင် မြန်မာနိုင်ငံသားများကြား တုန်လှုပ် ဖွယ်ရာ ဖြစ်ရပ်တခုဖြစ်ခဲ့သည်။

တရားမဝင် စေလွှတ်မှုများကြောင့် စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံမှ အိမ်အကူ အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်နေသူ ၄၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဧရာဝတီ

အွန်လိုင်းတွင် ပျံနှံ့ခဲ့သည့် ရုပ်သံဖိုင်ပါ ဒေါ်တင်ညွန့် အပါအ၀င် ဒေသခံ ခုနှစ်ဦးအား ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်

အွန်လိုင်းတွင် ပျံနှံ့ခဲ့သော ရုပ်သံဖိုင်တွင် ဒေါ်တင်ညွန့်အား တွေ့ရစဉ်

အွန်လိုင်းတွင် ပျံနှံ့ခဲ့သည့် ရုပ်သံဖိုင်ပါ ဒေါ်တင်ညွန့် အပါအ၀င် ဒေသခံ ခုနှစ်ဦးအား ဆဲဆိုကြိမ်းမောင်းမှု၊ အားပေးကူညီမှု စသော ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကညွတ်ကွင်းနယ်မြေ ရဲစခန်းမှ သိရသည်။

“သူတို့ကို အမှုဖွင့်ထားတာ ဟုတ်ပါတယ်၊ ၂၉၄ ၊ ၅၀၆၊ ၁၁၄ နဲ့ဖွင့်ထားတယ်၊ ဆဲတာဆိုတာကို ၂၉၄ နဲ့၊ ၅၀၆ က ဆဲဆို ကြိမ်းမောင်းတာပေါ့၊ ၁၁၄ က အားပေးကူညီတာ သူက အများနဲ့ပေါ့၊ အားလုံးပေါင်း ၇ ယောက်ကို ဖွင့်တာ၊ သူတို့က အပြန်အလှန်ဗျ၊ စားကျက်မြေတွေ နွားကျောင်းတဲ့ဟာတွေ ဘာတွေနဲ့ရှုပ်နေတာ ဖြစ်စဉ်ကတော့ အဲ့လို သူတို့က တစ်ရွာထဲသားတွေ” ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် ၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ကညွတ်ကွင်း နယ်မြေရဲစခန်းအပိုင် သပြေလဟာကျေးရွာအုပ်စု ရွာမကြီးကျေးရွာနေ ကိုဝင်းအေး ၁၉ နှစ် (ဘ)
ဦးထွန်းမှန်သည် ရွာအနောက်ပိုင်းရှိ စားကျက်မြေအတွင်း၌ ၄င်းပိုင် နွား ၄ ကောင်းအား လွှတ်ကျောင်းထားခဲ့ကြောင်း သိရသည်။ ထိုသို့လွှတ်ကျောင်းနေစဉ်
တစ်ရွာထဲနေ ဦးရဲဝင်း ၅၄ နှစ်(ဘ) ဦးထွန်းရွှေ၊ ကိုညှက်စိ ၃၂ နှစ် (ဘ)ဦးနီ၊ မတင့် ၄၀ နှစ်(ဘ) ဦးချစ်မြ ကျဘမ်းလုပ်၊ မမေရှယ် ၁၉ နှစ်(ဘ) ဦးအောင်စိုးမိုး၊
ကိုအောင်ကျော်ဝင်း ၂၇ နှစ် (ဘ) ဦးသန်းလှိုင် တို့မှ ၄င်းတို့ စိုက်ပျိုးထားသည့် စပါးပင်များအား နွားများမှ ၀င်ရောက် စားသောက်သည်ဟုဆိုကာ ကိုဝင်းအေးအား ညစ်ညမ်းစွာဆဲဆို
ခဲ့သည့်အပြင် ကိုအောင်ကျော်ဝင်းမှ အသင့်ပါလာသော တစ်တောင်ခန့်ရှိသည့် ဓားကုတ်ချွန်းနှင့် လိုက်သဖြင့် ကိုဝင်းအေးမှာ ထွက်ပြေးခဲ့ရကြောင်း ကညွတ်ကွင်း နယ်မြေရဲမှတ်တမ်းအရ သိရသည်။

ဆက်လက်ပြီး ဇွန် ၁၀ ရက် နေ့လည် ၁ နာရီ အချိန်ခန့်ကလည်း ကိုဝင်းအေးမှ တစ်ရွာထဲအတူနေ ဒေါ်ထွေးစိန် ၅၀ နှစ် (ဘ) ဦးတင်သောင်း၊ မစန်းအေး ၅၆ နှစ် (ဘ) ဦးသောင်းငွေ၊
မမာသီ ၃၃ နှစ် (ဘ) ဦးအောင်တူးတို့နှင့်အတူ ၄င်းစားကျက်မြေအတွင်း၌ နွားများအား ကျောင်းထားစဉ် ဦးရဲဝင်း၏ ဇနီးဖြစ်သူ ဒေါ်တင်ညွန့် ၆၀ နှစ် (ဘ) ဦးခွေးပုနှင့် ၄င်း၏ သမီးဖြစ်သူ မသက်သက်ဦး ၂၉ နှစ် (ဘ) ဦးရဲဝင်းတို့ နှစ်ဦးမှ ရောက်ရှိလာကာ ကိုဝင်းအေး အား ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းခြင်း၊ ဒေါ်တင်ညွန့်မှ ထမိန်လှန်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ပြသာနာများနှင့် ပတ်သက်၍ ကျေးရွာရာအိမ်မှူး ဦးတင်ထွေးမှ နှစ်ဦးနှစ်ဘက် ပြေလည်စေရန် ကျေးရွာတွင် ခေါ်ယူညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိသောကြောင့်၊ ဆဲဆိုကြိမ်းမောင်းခံရသူ ကိုဝင်းအေးမှ ဒေါ်တင်ညွန့်အပါအ၀င် ၇ ဦးအား ဥပဒေအရ အရေးယူပေးရန် ဇွန် ၁၃ ရက်က အမှုဖွင့် တိုင်ကြားခဲ့သဖြင့် (ပ) ၁၅၇/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၉၄/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားခဲ့ကြောင်း သိရသည်။

Eleven

နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကို သတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့သူအား ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချ


အင်းစိန်မြို့နယ်အတွင်း မှော်ဘီနည်း ပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအား သတ်၍ အလောင်းစွန့်ပစ်ခဲ့သည့် အမျိုးသားအား မေ ၃၀ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယင်းနေ့တွင် တရားသူကြီးက ပြစ်မှုကျူးလွန်သူ သူထက်နိုင်(ခ) သူရအောင်အား ပုဒ်မ ၃၀၂ (၂) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်ထုတ်နုတ် ခံစားခွင့်ရှိကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှုနှင့် ပတ်သက်၍ သေဆုံးသူ မိန်းကလေး၏ ဖခင်ဖြစ်သူက “သမီး အသတ်ခံရတာက ဒဏ်ရာ ဒဏ်ချက်တွေနဲ့ပါ။ အဲဒါကို ဥပဒေက သေနိုင်တဲ့ဒဏ်ရာ မဖြစ်ဘူး။ အချိန်မီ ပြန်ကယ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးပြောသွားတာကို တွေ့ရတယ်။ ဖြစ်သွားတာလည်း ရိုးရိုးတန်းတန်း ဖြစ်သွားတာ မဟုတ်ဘူး။ ကောင်လေးက သမီးကို လာခေါ်ခဲ့ပြီးနောက်ပိုင်း ဖြစ်သွားတာ။ အဲဒါကြောင့် ကြိုတင်ကြံစည်မှု ပါတယ်လို့ ထင်တယ်။

ဒါပေမဲ့ တရားဥပဒေက ဒီလို အမိန့်ချလိုက်တော့ ဦးတို့ ဘယ်လိုလုပ်ရမလဲ။ သမီးလေးကတော့ သေခဲ့ရပြီးပြီ။ အမိန့်နဲ့ပတ်သက်လို့ အထက်တရားရုံးကို ဆက်တက်လည်း ဒီလိုပဲဖြစ်မှာမို့ ဆက်မတက်တော့ပါဘူး”ဟု မေ ၃၀ ရက်တွင် မီဒီယာများကို ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၈ ရက် နံနက်က အင်းစိန်မြို့နယ်၊ ဥက္ကလာလမ်းမနံဘေး အမှတ် (၃၀၁၇) လေကြောင်းကာကွယ်ရေးတပ် ခြံစည်းရိုးအတွင်း နဖူးပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာချိုစောင်း သွေးခြေဥဒဏ်ရာ တစ်ချက်၊ လည်ပင်းညိုမည်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသော မိန်း ကလေး အလောင်းကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် သေဆုံးသူမှာ ထောက်ကြန့်နေ အသက် ၂၂ နှစ်အရွယ်ရှိ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့ပြင် ဇန်န၀ါရီ၂၆ ရက်က မ.......မှာ ၎င်း၏ ချစ်သူနှင့် ဖုန်းပြောဆိုခဲ့ပြီး ခဏနေ ပြန်လာမည်ဟု မိခင်ဖြစ်သူအားပြော၍ နေအိမ်အပြင်ဘက်သို့ ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် သူထက်နိုင်မှာ မ.... ၏ နေအိမ်ရှိရာဘက်သို့ ထွက်လာခဲ့ကာ နေအိမ်အနီး အရောက်တွင် မ.... ထံသို့ ဖုန်းဆက်၍ နေပြည်တော်မှ လက်ဆောင်ပစ္စည်း ထည့်ပေးလိုက်၍ လာယူရန် ပြောကြားခဲ့ကြောင်း၊

မ....... က အပြင်သို့ ထွက်လာရာ ၎င်းက ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်ပြည်လမ်း၊ ရွှေညောင်ပင်မှတ်တိုင် အနီးရှိ လမ်းနံဘေးတွင် ကားအား ရပ်တန့်၍ စကားပြော စဉ် မ....... က လာရောက် တောင်းရမ်းရန် ပြောဆိုကြောင်း၊ ၎င်းးက သရုပ်ဆောင်သင်တန်း တက်ရမည်ဖြစ်၍ မယူနိုင်သေးဟု ပြောဆိုခဲ့ရာမှ တစ်ဆင့် စကားများရန်ဖြစ်ခဲ့ပြီး

မ....... က ၎င်း၏ ပါးကို ရိုက်ခဲ့သဖြင့် ၎င်းက ဒေါသထွက်ကာ မ...... ၏လည်ပင်းကို ၁၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် မ...... ၏ အလောင်းကို ကားဖြင့် သယ်ဆောင်ခဲ့ပြီး အင်းစိန်မြို့နယ်၊ လေဆိပ်လမ်းဆုံ မီးပွိုင့်မှ ဥက္ကလာလမ်းဘက်သို့ မောင်းနှင်ခဲ့ကာ လေကြောင်းရန်ကာကွယ်ရေးတပ် ခြံစည်းရိုး အမှောင်ရိပ်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ဝေလင်းအောင်
Eleven Media

တောင်သမန်ရွာတွင်အိမ်အကူ နှိပ်စက်ခဲ့မှုမှ အိမ်အကူကို ဇွန်လ ၂ ရက် စစ်ဆေးမည်


မန္တလေးမြို့ အမရပူရ မြို့နယ် တောင်သမန်ကျေးရွာ တွင် အိမ်ရှင်လင်မယားက အိမ် အကူကို နှိပ်စက်ခဲ့သည့် အမှု၌ အိမ်အကူမိန်းကလေးကို ဇွန်လ ၂ ရက်တွင် စစ်ဆေးမည်ဟု  အမရ ပူရမြို့နယ်တရားသူကြီးက ပြော သည်။

အသက် (၁၄)နှစ်အရွယ်ရှိ အိမ်အကူမိန်းကလေးကို ဆဲဆို မှု၊ နာကျင်အောင်ပြုလုပ်မှု၊ တုံး သော လက်နက်ဖြင့် နာကျင် အောင်ပြုလုပ်မှု၊ ခြိမ်းခြောက်မှု၊ ကာဣနြေ္ဒပျက်စီးအောင်ပြုလုပ် မှု၊ အရွယ်မရောက်သေးသော ကလေးငယ်ကို နှိပ်စက်မှုတို့ဖြင့် အဆိုပါလင်မယားကို အမရပူရ မြို့နယ်တရားရုံးတွင် တရားစွဲ တင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုထားသည့် အမှု ခြောက်မှုအတွက် တရားလိုပြ သက်သေ ၁၃ ဦးကို တင်ပြထားပြီး မေလ ၂၆ ရက်အထိ တရားလို လှတိုးနိုင်နှင့် တရားလိုပြသက် သေဦးဝင်းမြင့်တို့ကို စစ်ဆေးထား သည်။
အိမ်ရှင်လင်မယားသည် အိမ်အကူမိန်းကလေးကို လက် သီးဖြင့်ထိုးခြင်း၊ ၀ိုင်ယာကြိုးဖြင့် ရိုက်ခြင်း၊ ဆံပင်ဆွဲကာ နံရံဖြင့် ပစ်တိုက်ခြင်းများပြုလုပ်ခဲ့၍ အမ ရပူရမြို့မ ရဲ့တပ်ဖွဲ့စခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၅၊၃၂၆ တို့ ဖြင့် မေလ ၃ ရက်ကအမှုဖွင့်ဖမ်း ဆီးခဲ့သည်။
အိမ်အကူမိန်းကလေးရရှိ သည့် ဒဏ်ရာများကို ဆေးစစ်ခဲ့ ရာ ဆေးစာတွင် သာမန်နာကျင် ဒဏ်ရာများသာဖြစ်ကြောင်း ပေါ် ပေါက်သဖြင့် တရားရုံးတွင် ပုဒ်မ ပြောင်းလဲပြီး ဧပြီ ၃ ရက်၌ အဆိုပါလင်မယား အာမခံရရှိခဲ့ ခြင်းဖြစ်သည်။ 
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၇ ရက်ကစ၍ ၎င်းအိမ် ရှင်လင်မယားထံ၌ တစ်လလျှင် ၅၅,၀၀၀ ကျပ်ဖြင့် လာရောက်လုပ်ကိုင်ခဲ့ပြီး ဒီဇင်ဘာက စတင်ကာ နှိပ်စက်ခံခဲ့ရကြောင်း အိမ်အကူ မအေးကျင်က ပြောသည်။
7 Day Daily

လွိုင်ကော်တွင် အမျိုးသမီးသတင်းထောက်ကို ကားတင်ပြေးသော အမျိုးသားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ

လွိုင်ကော်မြို့တွင် အ မျိုးသမီးသတင်းထောက်တစ်ဦး ကို ကားတင်ပြေးသူ အမျိုးသား နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ် ဆေးနေကြောင်း ကယားပြည် နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကယားပြည်နယ် အခြေစိုက် ကန္တရဝတီသတင်းဌာနမှ အသက် (၂၃) အရွယ်အမျိုးသမီးသတင်း ထောက်တစ်ဦးကို (၃၃)နှစ် နှင့်(၅၃) နှစ်အရွယ် အမျိုးသားနှစ်ဦး က ကားတင်ပြေးမှု မေလ ၂၆ရက်ညနေ ၅ နာရီခန့်က ဖြစ် ပွားခဲ့သည်။
သတင်းထောက်အမျိုးသမီး သည် မိန်းကလေးအဖော်တစ်ဦး နှင့်အတူ ဆိုင်ကယ်ဖြင့် သတင်း စာတိုက်မှ အိမ်ပြန်လာစဉ် အမျိုး သားနှစ်ဦးက မော်တော်ယာဉ်ဖြင့် လိုက်လာကာ ဆိုင်ကယ်ကို ဟန့် တား၍ (၃၃) နှစ်အရွယ် အမျိုး သားက ကားပေါ်ဆွဲတင်သွားခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ ယင်းသို့ခေါ်ဆောင် သွားစဉ် လွိုင်ကော်-ဒီးမော့ဆို လမ်း မိုင်တိုင် (၁၂၃) အနီးတွင် မော်တော်ယာဉ်လမ်းဘေးသို့ ထိုးကျ၍ အမျိုးသမီးသတင်းထောက် သတိလစ်ခဲ့ပြီး ပတ်ဝန်းကျင်က လွိုင်ကော်မြို့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။
ကားတင်ပြေးသည့် အမျိုး သားနှစ်ဦးကို ရဲတပ်ဖွဲ့က မေလ၂၇ ရက်တွင်ဖမ်းဆီးကာ ဒီး မော့ဆိုမြို့မရဲစခန်း၌ ထိန်းသိမ်း စစ်ဆေးနေသည်။ အမျိုးသမီး သတင်းထောက်သည် ရိုးရိုးအေး အေးနေထိုင်လေ့ရှိသူဖြစ်၍ ပြစ်မှုကျူး လွန်သူနှစ်ဦးနှင့် သိကျွမ်းမှုမရှိကြောင်း ၎င်းနှင့်အနီးကပ်နေ သူ လုပ်ဖော်ကိုင်ဖက် အချို့ကပြောသည်။ ၎င်းသည် ယာဉ် မတော်တဆမှုကြောင့် ဒဏ်ရာ မရခဲ့သော်လည်း အဖြစ်အပျက် အားလုံးကို ပြန်မပြောနိုင်သည့် အခြေအနေကြောင့် ဆေးရုံတွင် ကုသနေရသည်။
7 Day Daily

ရန်ကုန်-မုံရွာ ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်ပြီး ယာဉ်နောက်လိုက် တစ်ဦးသေဆုံး၊

 ရန်ကုန်-မုံရွာပြေးဆွဲသည့် ခရီးသည်တင်ယာဉ်တစ်စီး ကားလမ်းမဘေးရှိ သစ်ပင်တစ်ပင်ကို ၀င်တိုက်၍ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးကာ ယာဉ်မောင်း အပါအ၀င် ခရီးသည်ရှစ်ဦး ဒဏ်ရာရရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယတိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ဦးက ပြောသည်။
ချောင်းဦးမြို့နယ် ရေပိုးစားရေကန်အနီး ရန်ကုန်-မုံရွာ ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်၍ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ (ဓာတ်ပုံ − မျိုးမင်းဦး)
ယင်းခရီးသည်တင်ယာဉ် သည် မေလ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာအနီး ရေပိုးစားရေကန်အရောက်တွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းချော်၍ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ခဲ့ကြောင်း ဦးမျိုးထွဋ်ဦးက ပြောကြားသည်။
‘‘ယာဉ်တိုက်မှုကြောင့် မုံရွာ - မန္တလေးကားလမ်း ပိတ်ဆို့ခဲ့ပါ တယ်။ ရှာဖွေကယ်ဆယ်ရေး ယာဉ်နဲ့ လမ်းပိတ်ဆို့နေတဲ့ ယာဉ် ကို မနက် ၉ နာရီခွဲမှာ ရှင်းလင်း ဖယ်ရှားပေးနိုင်ခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။ မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က ‘‘ခရီးသည်တင်ယာဉ်က ၄၅ ယောက်စီးပါ။ ခရီးသည် ၃၀ ခန့်လိုက်ပါလာ တယ်လို့ သိရပါတယ်။ ချောင်းဦး မီးသတ်နဲ့ လူမှုကူညီရေးအသင်း တွေ ပူးပေါင်းပြီး လူနာတွေကို ဆေးရုံကိုပို့ပေးတယ်။ ကားပေါ်မှာပိတ်မိသေဆုံးနေတဲ့ ယာဉ်နောက်လိုက်ကိုလည်း ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေ ကယ်ထုတ်ခဲ့ရတယ်’’ ဟု ပြောသည်။
7 Day Daily

မင်္ဂလာတောင်ညွန့်ပဋိပက္ခတွင် ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦး လာရောက်အဖမ်းခံ

မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ခံရသူများ အနက် တင်လင်းထိုက်နှင့် တင်ဌေးအောင်တို့သည် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့သို့ မေလ ၁၅ ရက်က လာရောက်အဖမ်းခံခဲ့သည်။

ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးခံရသည့် တင်ဌေးအောင်(စတစ်ကော်လာအဖြူအင်္ကျီ)ကို မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် ဖြစ်ပွားခဲ့ သော ပဋိပက္ခ၌ ပါဝင်လှုံ့ဆော် သည့် သံဃာတော်နှစ်ပါးနှင့် လူ ပုဂ္ဂိုလ် ငါးဦးတို့ကို မေလ ၁၁ရက် တွင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ် ခဲ့ပြီး ယင်းနေ့၌ တင်ထွဋ်ဇော် (ခ) ကိုလတ်နှင့်၎င်း၏ဇနီး အောင်အောင်မြင့်တို့ ကို ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီး လေးရက်အကြာတွင် တင်လင်း ထိုက်နှင့် တင်ဌေးအောင်တို့ အ ရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံသို့ လာ ရောက်အဖမ်းခံခဲ့သည်။
 မျိုးသွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတာဝန် ထမ်း ဆောင်နေသည်ဆိုသော တင် လင်းထိုက်နှင့် တင်ဌေးအောင်တို့ ကို ဖမ်းဆီးခဲ့သည့်နေ့တွင်ပင် မင်္ဂလာတောင်ညွန့်တရားရုံး၌ ရမန်ယူ ရုံးထုတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို ယခင်ဖမ်းဆီးခဲ့သူနှစ်ဦးနှင့်အတူ မေလ ၂၂ ရက်တွင် ရုံးထုတ်ရန် ထပ်မံချိန်းဆိုထား သည်။
ထို့ကြောင့် ဖမ်းဝရမ်းထုတ် ထားသူ စုစုပေါင်းခုနစ်ဦးအနက် လေးဦးကို ဖမ်းဆီးထားပြီဖြစ် သော်လည်း သံဃာနှစ်ပါးဖြစ် သည့် ဆရာတော်ဦးသုစိတ္တ၊ ဦးပညာဝံသနှင့် မြတ်ဘုန်းမိုရ်တို့ကို ဖမ်းမိရန် ကျန်ရှိနေသေး သည်။
မင်္ဂလာတောင်ညွန့် ပဋိပက္ခ တွင် ပါဝင်သူများကို ယင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက တရားလိုပြု၍ ရာဇသတ်ကြီးပုဒ် မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှု ဖွင့်ခဲ့သည်။
ပုဒ်မ ၅၀၅(ဂ)သည် လူအ မျိုးအစား အချင်းချင်းဖြစ်စေ၊ လူ မျိုးစုအချင်းချင်းဖြစ်စေ တစ်ဖက် နှင့်တစ်ဖက် ပြစ်မှုကျူးလွန် အောင် လှုံ့ဆော်ရန် အကြံရှိလျှင် (သို့တည်းမဟုတ်) အဆိုပါ လှုံ့ ဆော်ခြင်းကို ဖြစ်တန်ရာသည် အ ကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ ၃၄  သည် အကြံတူတစ်ခုကို အထ မြောက်စေခြင်းငှာ တစ်ဦးထက် ပိုသောသူများကပြုခြင်း၊ တစ်ဦး ထက်ပိုသောသူများသည် မိမိတို့ ၏ အကြံတူတစ်ခုကို အထမြောက်စေရန် ရည်ရွယ်၍ ပြစ်မှုကို ပြုလုပ်ခဲ့လျှင် ထိုပြုလုပ်မှုကို တစ်ဦး တည်းသိသကဲ့သို့ ထိုသူ အသီးသီး၌ တာဝန်ရှိသည်ဟု ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။
7 Day Daily

ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှု ဖော်ထုတ်ရန် တပ်မတော် ပူးပေါင်းမည်ဟု ဆို

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ပြီးခဲ့သည့် အပတ်အတွင်းက အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကချင်တိုင်းရင်းသူ စေတနာ့ ၀န်ထမ်း ကျောင်းဆရာမ ၂ ဦးအမှု အဖြစ်မှန် ပေါ်ပေါက်ရန် မြန်မာ့ တပ်မတော်က ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင် တိုင်းရင်းသူ ဆရာမ
အသတ်ခံရသူ ကျောင်းဆရာမ နှစ်ဦးအတွက် ဇန်န၀ါရီ ၂၁ ရက်က ဆုတောင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ – KBC)

အမှုမှန် ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် အမှုစစ်လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဒေသခံ တဦး၊ ရပ်မိရပ်ဖ တဦးနှင့် ဘာသာရေးအသင်း တဦးတို့ ပါဝင်ခွင့် ပေးထားကြောင်း၊ တပ်မတော်ဘက်မှလည်း တရားခံ ပေါ်ပေါက်ရန် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ဧရာဝတီ သို့ ပြောသည်။
ဦးရဲထွဋ်က“တပ်မတော်မှာ ရှိနေတဲ့ ရဲဘော်တွေကိုလည်း စစ်ဆေးတာ ရှိပါတယ်။ အမျိုးသမီးတွေနေတဲ့ နေရာကလည်း ပတ်ဝန်း ကျင်တွေ ရှိသေးတော့ သူတို့တွေကိုလည်း ထည့်စဉ်းစားစရာတွေ ရှိတယ်။ တံခါးက ချိုးဖွင့်ထားတာ မဟုတ်ဘူး ဆိုရင် သိတဲ့သူ လား၊ ဘယ်သူဖွင့်လဲ ဆိုတာမျိုးတွေပေါ့။ တပ်မတော်အနေနဲ့ ဒီကိစ္စမျိုးကို တရားခံ ဖော်နိုင်ဖို့အတွက် ကျနော်တို့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဘယ်သူကပဲ လုပ်သည်ဖြစ်စေ၊ တရားခံပေါ်လာရင်တော့ ကျနော်တို့ ထိထိရောက်ရောက် အရေးယူမှာပါ။ တရားခံ မပေါ်သေးဘဲနဲ့ မှန်းဆပြီး ပြောရင်တော့ မကောင်းဘူး”ဟု ပြောဆိုသည်။
အသက် ၂၀ ၀န်းကျင်အရွယ်ရှိ လုပ်အားပေး ဆရာမ ၂ ဦးဖြစ်သည့် ခေါန်နန်စင်နှင့် လုရာတို့သည် ကချင်နှစ်ခြင်း ခရစ်ယန်အသင်း ချုပ်(KBC) ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ ပညာသင်ကြား ပေးနေကြသူများဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့ တည်းခိုရာ အိမ်ခန်းတွင် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၉ ရက် ညပိုင်းက အသတ်ခံရခြင်း ဖြစ်ကြောင်း ကျေးရွာဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
သေဆုံးသူ ၂ ဦးနေထိုင်သည့် အိမ်အနီးရှိ ထင်းပုံအနီးတွင် စစ်ဖိနပ်ခြေရာနှင့် တူသည့် ပွိုင့်ထူထူ ဖိနပ်ခြေရာများကြောင့် ရွာကို ရောက်နေသည့် အစိုးရ စစ်တပ် ခြေမြန် တပ်ရင်း(ခမရ) ၅၀၃ တပ်ဖွဲ့ဝင်တချို့အပေါ် ဒေသခံများက သံသယရှိနေကြောင်း၊ ခမရ ၅၀၃ စစ်ကြောင်းသည် ကောင်းခါးရွာသို့ ယခုလ ၁၉ ရက်တွင် ရောက်ရှိလာပြီး သေဆုံးသူနှစ်ဦး နေထိုင်သော အိမ်နှင့် ကိုက် ၁၀၀ ခန့်အကွာ နေရာတွင် စခန်းချ နေထိုင်လျက်ရှိကြောင်း ဒေသခံတချို့က ဧရာဝတီသို့ ပြောသည်။
ယင်းအမှုကို မူဆယ်မြို့နယ် ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောဆိုသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး ဦးစီးအရာရှိ ရဲမှူးကြီး ဆန်းလွင်က“အမှုမှန်ပေါ်ပေါက်ဖို့အတွက် စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ပြီး တော့ အခင်းဖြစ်တုန်းက ဆရာမ ၂ယောက် လက်ထဲမှာ ဆံပင်တွေ တွေ့တယ်။ ကျနော်တို့က အဲဒီမှာ တာဝန် ကျနေတဲ့ စစ်သည် ၂၅ ဦးနဲ့ ရွာသား ၁၀ ဦးရဲ့ ဆံပင်နမူနာတွေကို အုပ်ချုပ်ရေးမှူးရှေ့နဲ့ ခရစ်ယာန် အသင်းတော် ရှေ့က ရယူခဲ့ပါတယ်။ အဲဒါတွေကို နေပြည်တော် မှုခင်းရဲတပ်ဖွဲ့ကို ပို့ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် အခင်းဖြစ်ပွားသည့် နေရာသည် ရဲစခန်းနှင့် ကွာဝေးနေပြီး နယ်မြေ လုံခြုံမှု မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ အခြေချ ထိုင်ပြီး စစ်ဆေး၍ မရနိုင်ခြင်း၊ တပ်မတော်ထံသို့ လုံခြုံရေး တောင်းခံပြီးမှ သွားရောက် ဆောင်ရွက်နေရခြင်းတို့ကြောင့် အလုပ်မတွင်ကျယ်ဟု သိရသည်။
ရဲမှူးကြီး ဆန်းလွင်က“အမှုမှန်ကတော့ အနှေးနဲ့ အမြန် ပေါ်ပေါက်လာမှာပါ။ တပ်ကတော့ ကျနော်တို့ကို သွားရောက် စစ်ဆေးမယ် ဆိုရင်လည်း ကူညီပေးပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ရင် ဗျူဟာမှူး ကိုယ်တိုင် ဦးစီးပြီး ဆောင်ရွက်ပေး ပါတယ်”ဟု ပြောသည်။
စေတနာ့ ၀န်ထမ်း ကျောင်းဆရာမ ၂ ဦး အသတ်ခံရသည့် အမှုအား မုံပေါ် ပြည်သူ့စစ် အဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့၊ ကောင်းခါး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပန်ဆိုင်းမြို့နယ် ရဲစခန်းတို့ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိကြောင်း ကောင်းခါးကျေးရွာမှ ဒေသခံ နောနော်က ဧရာဝတီသို့ ပြောသည်။
နောနော်က “ဒီနေ့က ဆရာမ ၂ဦး ဆုံးသွားတဲ့ ဘုရားကျောင်းမှာ ဆုတောင်းပွဲလုပ်ပေးတယ်။ လူသောင်းချီပြီး လာကြတယ်။ ကျနော်တို့ကတော့ အမှုမှန်ပေါ်အောင် ဝိုင်းဝန်း စစ်ဆေးပေးချင်ပါတယ်။ ဒီလို မုဒိန်းကျင့် လူသတ်မှု မပြောနဲ့ မုဒိန်းမှုဆိုတာ ကျနော်တို့ ရွာမှာ တခါမှ မဖြစ်ဖူးဘူး။ KBC က လွှတ်ပေးတဲ့ စေတနာဝန်ထမ်းက ကျနော်တို့ ဒေသမှာ ဒီလိုဖြစ်တော့ ကျနော်တို့ ဒေသအတွက် နာမည်ပျက်ပါတယ်။ ဗျူဟာမှူး ကိုယ်တိုင်ကလည်း အမှုမှန်ပေါ်ထွက်ဖို့ ကူညီမယ်လို့ ပြောပါတယ်”ဟု ပြောဆိုသည်။
အသတ်ခံရသော စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးသား သုက်ရည်များ တွေ့ရပြီး မျိုးဗီဇ(DNA) ကို စစ်ဆေးလျက်ရှိကြောင်း၊ ဆရာမ နှစ်ဦးကို အဓမ္မကျင့်သူသည် အနည်းဆုံး နှစ်ဦး ဖြစ်နိုင်ကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုထားသည်။
စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး ၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မူဆယ်မြို့မှ မြစ်ကြီးနားမြို့သို့ သယ်ယူ ၍ မြစ်ကြီးနားရှိ ဂျောဘွမ် ကချင်နှစ်ခြင်း ခရစ်ယာန် သင်္ချိုင်း၌ ဇန်နဝါရီ ၂၃ရက်နေ့ တွင် သင်္ဂြိုဟ်ခဲ့ကြောင်း၊ လူသောင်းချီ၍ တက်ရောက် ခဲ့ကြောင်း သိရသည်။
ထိုကျောင်းဆရာမ ၂ ဦး အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ တွင် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်း ခွေ ချခြင်း အခမ်းအနားတခု ပြုလုပ်ခဲ့ကြသည်။
စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦး အသတ်ခံရသည့်အမှု အဖြစ်မှန်ပေါ်ပေါက်စေရန်အတွက်လည်း လူမှုအဖွဲ့အစည်း ကွန်ရက် များကလည်း အမှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးပြီး ဖြစ်ရပ်မှန်ကို ချက်ချင်း ဖော်ထုတ်ပေးရန်၊ အမျိုးသမီးများ ပါဝင်သည့် စုံ စမ်း စစ်ဆေးရေး ဖွဲ့စည်းပေးရန် လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများကွန်ရက် (WON) မှ နော်ဆူစန်နာလှလှစိုးက ပြောဆိုထားသည်။

http://burma.irrawaddy.org/news/2015/01/26/70373.html

ဟင်္သာတ ထောင်ပြေးများကို ရဲတပ်ဖွဲ့ပိတ်ဆို့ ရှာဖွေနေ

ထောင်သား ၃ ဦး ထွက်ပြေးရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဟင်္သာတအကျဉ်းထောင် အုတ်ရိုးပ်ါမှ စောင်နှင့် အ၀တ်အစားတချို့ကို ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ - Hinthata Human Rights Facebook)
ထောင်သား ၃ ဦး ထွက်ပြေးရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဟင်္သာတအကျဉ်းထောင် အုတ်ရိုးပ်ါမှ စောင်နှင့် အ၀တ်အစားတချို့ကို ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းက မြင်တွေ့ရစဉ်(ဓာတ်ပုံ – Hinthata Human Rights Facebook)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ အကျဉ်းထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သူ အကျဉ်းသား ၃ ဦးကို ဖမ်း မိ နိုင်ရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေရေး ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ခိုးမှုဖြင့် ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် သက်ပိုင်စိုး (ခ) အုန်းသီး၊ ထွန်းထွန်းခိုင် (ခ) လဒူနှင့် စစ်ဆေး ဆဲ အချုပ်သားဖြစ်သော ကျော်ဇေယျ (ခ) ဖိုးချိုတို့ ၃ ဦးသည် ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် ၁ နာရီခန့်က ထောင်ဖောက်၍ ထွက် ပြေးလွတ်မြောက်သွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျှက် ရှိသော်လည်း ဖမ်းမိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“သူတို့ကို ဖမ်းမိနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ သူတို့ပုန်းခိုသွားလာနိုင်တဲ့ နေရာအကုန်လုံး ကျနော်တို့အဖွဲ့တွေ ပိတ်ဆို့ရှာဖွေနေတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး အောင်နိုင်မိုးက ဧရာဝတီကို ပြောပြသည်။
ထောင်ဖောက်ပြေးသူ အကျဉ်းသား ၃ ဦး၏ ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အလက်များ၊ ပြစ်မှုမှတ်တမ်းများ အားလုံးကို ဧရာဝတီ တိုင်း အတွင်းရှိ ရဲဌာနအသီးသီးသို့ ပေးပို့၍ ဖမ်းဆီးရန် ညွှန်ကြားထားပြီး ကျန်တိုင်းနှင့် ပြည်နယ်အားလုံးရှိ ရဲတပ်ဖွဲ့မှူးရုံးများထံသို့လည်း ဖြန့်ဝေထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
ထောင်ဖောက်ပြေးခဲ့သူ အကျဉ်းသား ၃ ဦးကို ထောင်တာဝန်ရှိသူများက အကျဉ်းထောင်အတွင်း တရားစခန်းဖွင့်လှစ် အသုံးပြုသည့် အမှတ် ၅ အိပ်ဆောင်အပေါ်ထပ်တွင် ချုပ်နှောင်ထားရှိခဲ့ကြောင်း သိရသည်။
၎င်းအကျဉ်းသားများက ၂၁ ရက်နေ့ ည ၁ နာရီခန့်တွင် အိပ်ဆောင်ကြမ်းခင်းနှင့် အောက်ထပ်ရှိ သစ်သားတန်းကိုဖောက်၍ အပြင် သို့ထွက်ခဲ့ပြီး ၁၅ ပေခန့်မြင့်သည့်ထောင်အုတ်ရိုးကို စောင်နှင့်အင်္ကျီများ အသုံးပြု ကျော်တက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထောင်သားများ ထွက်ပြေးသည့် အခြေအနေကို အကျဉ်းထောင်တာဝန်ရှိသူများက နံနက် ၅ နာရီကျမှသာ သိရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။
“ဟင်္သာတမှာတော့ ရဲတွေက လိုက်ရှာပြီး ဖမ်းမိဖို့ကြိုးစားနေကြတယ်။ ဟိုတနေ့ကတော့ အဲဒီ အကျဉ်းသားတွေက သူတို့ခင်မင်တဲ့ အရက်ဆိုင်မှာဝင်ပြီးတော့ ဓားတောင်းတယ်၊ လမ်းစရိတ် တောင်းတယ်လို့ သတင်းကြားတယ်”ဟု ဟင်္သာတမြို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့(HRDP)မှ ကိုကျော်သက်ဦးက ပြောသည်။
အကျဉ်းသား သက်ပိုင်စိုး (ခ) အုန်းသီးမှာ ဟင်္သာတမြို့ရှိ ဘော်ဒါဆောင်တခုအတွင်း ဖောက်ထွင်း ၀င်ရောက်၍ ဆိုင်ကယ်ခိုးမှုဖြင့် ဟင်္သာတအကျဉ်းထောင်၌ ထောင်ဒဏ် ၃ နှစ် ကျခံနေရသူဖြစ်ပြီး ယင်းအမှုတွဲတွင် ပါဝင်သူ ထွန်းထွန်းခိုင် (ခ) လဒူမှာ ထောင် ဒဏ် ၁ နှစ်ကျခံနေရသူ ဖြစ်သည်။ ကျော်ဇေယျ (ခ) ဖိုးချိုမှာ ငါးမွေးမြူရေးစခန်းမှ ကြေးနန်းကြိုးခွေများရောင်းချမှုကြောင့် ဟင်္သာတမြို့နယ်တရားရုံး၌ တရားစွဲဆိုခံနေရဆဲ အချုပ်သားတဦးဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် အိမ်မဲမြို့မရဲစခန်း အချုပ်ခန်းအား သံဖြတ်လွှဖြင့် ဖောက်ထွင်း၍ အချုပ်သား ၃ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်များ အရေးယူခံခဲ့ရသည်။

အဓမ္မကျင့် အသတ်ခံရသည့် ကျောင်းဆရာမ နှစ်ဦးအမှု အဖြစ်မှန် ပေါ်ရေး တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း မကြာသေးခင် ရက်ပိုင်းက အဓမ္မပြုကျင့် အသတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်း ဆရာမနှစ်ဦး၏ အမှုကို အဖြစ်မှန် ပေါ်ပေါက်ရန်အတွက် လူမှုကွန်ရက် အဖွဲ့အစည်း ၂၆ ဖွဲ့က သက်ဆိုင်ရာသို့ တောင်းဆို လိုက် သည်။

    အသတ်ခံရသော ကျောင်းဆရာမ ၂ ဦးအတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံး၌ ပြုလုပ် သည့် သတင်းစာ ရှင်လင်းပွဲ (ဓာတ်ပုံ - နန်းဆိုင်နွမ် / ဧရာဝတီ)
အသတ်ခံရသော ကျောင်းဆရာမ ၂ ဦးအတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံး၌ ပြုလုပ် သည့် သတင်းစာ ရှင်လင်းပွဲ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နှင့် လုရာ အမည်ရှိ ကျောင်းဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ လာရောက် ပညာ သင်ကြားပေးနေသူများ ဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ တည်းခိုရာ အိမ်ခန်း၌ ဇန်န၀ါရီ ၁၉ ရက်က သေဆုံးနေကြခြင်းဖြစ်ပြီး ၂၀ ရက်တွင် ဒေသခံများက တွေ့ရှိခြင်း ဖြစ်သည်။
အမှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးပြီး ဖြစ်ရပ်မှန်ကို ချက်ချင်း ဖော်ထုတ်ပေးရန်၊ အမျိုးသမီးများပါဝင်သည့် စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပေးရန် လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုသွားမည် ဟု မြန်မာနိုင်ငံ အမျိုးသမီး များကွန်ရက် (WON) မှ နော်စူစန်နာ လှလှစိုး က ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်(MJN) ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်လင်းပွဲတွင် ပြောကြားသည်။
“မတရားမှုတွေ က စစ်ဖြစ်နေတဲ့နေရာမှာ ပိုဖြစ်နေတာ တွေ့ရပါတယ်။ တရားမျှတမှုကို ကျမတို့က ဆက်လက် တောင်းဆိုရမှာပါ။ ကျူးလွန် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေအပေါ်မှာ ဝမ်းနည်းမှုအနေနဲ့ တပတ်လုံး အင်္ကျီအနက်ရောင် ဝတ်မယ်။ ပြီးတော့ ညာ ဘက် ရင်ဘတ်မှာလည်း အဖြူရောင် ဖဲကြိုး တပ်သွားပါမယ်”ဟု နော်စူစန်နာလှလှစိုးက ဆိုသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးကလည်း“တရားခံသည် တပ်ကပဲဖြစ်ဖြစ်၊ လက်နက်ကိုင်ကပဲ ဖြစ်ဖြစ်၊ အရပ်သားတွေပဲဖြစ်ဖြစ် ကျူးလွန်တဲ့ တရားခံကို တိတိလင်းလင်း ပြတ်ပြတ်သားသား အရေးယူသင့်ပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အမျိုးသမီးများအတွက် လူ့အခွင့်အရေး အာမခံချက်ပေးပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်မှသာလျှင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ရရှိနိုင်မည် ဖြစ်ကြောင်း၊ ထိုဖြစ်ရပ်သည် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံသား အနေဖြင့် သော်လည်းကောင်း၊ အမျိုးသမီးများ၏ ဘ၀လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် အသွင်သဏ္ဍန်ဆောင် နေသည့် ဖြစ်ရပ်ဖြစ်နေကြောင်း ယနေ့ထုတ်ပြန်သည့် လူမှုကွန်ရက်များ၏ ထုတ်ပြန်ချက်တွင်လည်း ထည့်သွင်း ရေးသားထားသည်။
“ကျမတို့ အမှုတွေများလာတိုင်း ဒီလိုပဲပျောက်သွားတာတွေများနေပြီ။ ဘယ်အမျိုးသမီးကို ထိထိ ကျမတို့အမျိုးသမီးထုကို ထိတာပဲ။ ဒါကြောင့်မလို့ ဒီနိုင်ငံမှာ ဖြစ်နေတာက ဘယ်အသက်အရွယ် အမျိုးသမီးမဆို အမျိုးသမီးတွေလုံခြုံမှုမရှိဘူး ဆိုတာကိုခံယူ နေရ တယ်။ အမှုဖြစ်လာပြီး ကျမတို့က သွားမေးရင် သူတို့က စစ်တပ်က မဟုတ်ဘူး။ စစ်ပြေးဖြစ်သွားပြီလို့ ပြန်ဖြေတယ်။ ဒါဆို ကျမတို့ အနေနဲ့ ဒီအစိုးရကိုဘယ်လို အားကိုးရမှာလဲ။ ဘယ်လို ဒီထက် တောင်းဆိုမှုတွေလုပ်မှာလဲ ဆိုတာ ကျမတို့လည်း အင်အားတွေကုန်နေပါပြီ”ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မစုစုဆွေကလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အသတ်ခံရသော စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးသား သုက်ရည်များ တွေ့ရပြီး မျိုးဗီဇ(DNA) စစ်ရန် လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဆရာမ နှစ်ဦးကို အဓမ္မကျင့်သူသည် အနည်းဆုံး နှစ်ဦး ဖြစ်နိုင်ကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုထားသည်။
ထိုကျောင်းဆရာမ နှစ်ဦး၏ ရုပ်အလောင်းကို ဇန်န၀ါရီ ၂၃ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျော်ဘွမ် ကချင် နှစ်ခြင်း ခရစ်ယာန် သင်္ချိုင်းတွင် သင်္ဂြိုဟ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း ဆရားမ နှစ်ဦးအတွက် ဝမ်းနည်းသည့် အထိမ်း အမှတ်အနေဖြင့် မဟာဗန္ဓုလ ပန်းခြံ၌ ပန်းခွေများ ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က“ကောင်းခါးရွာဖြစ်စဉ်မှာ တရားခံကို ဖော်ထုတ်အရေးယူနိုင်ဖို့ အတွက် ဆောင်ရွက်နေပါတယ်။ အစိုးရ အနေနဲ့ ဒီလို ရက်စက်တဲ့ လုပ်ဆောင်ချက်များကို လက်မခံပါဘူး။ စုံစမ်းစစ်ဆေးဆဲကာလမှာ ဘယ် သူ လုပ်တာဖြစ်နိုင်သလဲဆိုတာကို ခန့်မှန်းပြောဆိုလိုခြင်း မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဒေသခံ တဦးဖြစ်သည့် ဦးဘောက်တင်က“ဒီနေ့ ဆရာမ နှစ်ယောက်ရဲ့ အိမ်နီးချင်း တွေနဲ့ ဆရာမနဲ့ ဓာတ်ပုံ တွဲရိုက် ထားတဲ့ ကလေးတွေကို မူဆယ်မြို့နယ် ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးနေပါတယ်”ဟု ပြောသည်။
ယင်းအမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း မူဆယ်မြို့နယ် စခန်းမှူး ဇော်မင်းထွန်းကလည်း ပြောဆိုသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်သည့်ဖြစ်စဉ်တွင် အဓိက ပါဝင်ဦးဆောင်နေကြသည့် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ လူ့အခွင့်အရေး ကော်မရှင်၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) များ အနေဖြင့် စစ်ပွဲနေရာများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် တာဝန်ယူဆောင်ရွက်ပေးရန် နှင့် ကုလ သမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံရုံးများက လည်း လက်ရှိအစိုးရကို တွန်းအားပေးရန် လူမှုကွန်ရက် အဖွဲ့များက တောင်းဆိုကြသည်။
ယင်းသို့ တောင်းဆိုသည့်အဖွဲ့ပေါင်း ၂၆ ဖွဲ့ရှိကြောင်း၊ ကချင်ပြည်နယ် အမျိုးသမီးများ ကွန်ရက်(KSWN)၊ ကချင် အမျိုးသမီး အဖွဲ့အစည်း (KWA)၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်(KPN)၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက် (KWPN)၊ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့များ ကွန်ရက် (WON)၊ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ ဖန်တီးအိမ်၊ ကျား၊မ တန်းတူ ညီမျှရေး ကွန်ရက် အစရှိသည့် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
ထိုနည်းတူ ဇန်နဝါရီ ၂၀ ရက် နေလယ်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ခူမော်ရွာတွင် အမျိုးသမီး တဦး  လိင်ပိုင်း ဆိုင်ရာ အကြမ်းဖျက်မှုခံရပြီး ဒဏ်ရာ အပြင်းအထန် ရရှိမှု ဖြစ်ပွားခဲ့သည်။

http://burma.irrawaddy.org/news/2015/01/22/70238.html

မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရ အိမ်ရာမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် အေးချမ်းမြတ်မိုး ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ဓားထိုးခံရမှုကြောင့် သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံမြို့နယ် ရဲစခန်းရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲ ခန့်မှာ မော်ဒယ်လ် အေးချမ်းမြတ်မိုးက ဦးဝိစာရ အိမ်ရာမှာရှိတဲ့ သူမနေထိုင်ရာ တိုက်ခန်း တတိယထပ်ကို တဦးတည်း ပြန်လာစဉ် အေးချမ်းမြတ်မိုးကို တဖက်သတ်ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက ဒုတိယထပ်လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ မော်ဒယ်လ်အေးချမ်းမြတ်မိုးရဲ့ အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ဧရာဝတီကို ပြောပြပါတယ်။

“ဘာအငြိုးအတေးရှိလို့ သတ်တယ်မသိဘူး။ ညီမလေး ပြန်မလာခင်ကတည်းက တိုက်ခန်းအောက်မှာ ထိုင်စောင့် နေတယ်လို့ မြင်တဲ့သူတွေကပြောပြတယ်။ ဒုတိယထပ်က ဝုန်းခနဲ အသံတချက်ကြားလိုက်တယ်။ ညီမလေး လည်ပင်းမှာ
သွေးတွေရွှဲလို့။ အမေရေ ကယ်ပါဦး ဆိုပြီး အခန်းဆီ ပြေးတက်လာတဲ့အချိန်ထိ ညီမလေးမှာ သတိရှိနေသေးတာ။ သွေး ထွက်တာလွန်နေပြီး အရေးပေါ်ရောက်မှ ဆုံးသွားတာ”လို့ မအေးချမ်းမြတ်ဖြိုး က အခင်းဖြစ်တဲ့ညက ဖြစ်စဉ်ကို ပြန်ပြောင်း ပြောဆိုပါတယ်။

လည်ပင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံ အံ့ဖြိုးပိုင်ကိုတော့ ဦးဝီစာရ အိမ်ရာဝန်းထဲမှာ နေထိုင်သူတွေက ၀ိုင်းဖမ်းဆီးပြီး ရဲစခန်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။

အေးချမ်းမြတ်မိုး အသတ်ခံရတဲ့ အမှုကို ဒဂုံမြို့မ ရဲစခန်းမှာ ပ/၁၈၄/၁၄/ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲစခန်းမှူး ရဲအုပ် ဇာနည်ထွဋ် က ပြောပါတယ်။

“ကျူးလွန်တဲ့ တရားခံကို ဖြစ်ဖြစ်ချင်းဖမ်းမိထားတယ်။ ဖြစ်စဉ်အသေးစိတ်က စုံစမ်းတုန်းဆိုတော့ ပြောလို့မရသေးဘူး”လို့ ရဲအုပ် ဇာနည်ထွဋ်က ဆိုပါတယ်။

ကိုအံ့ဖြိုးပိုင် က သေဆုံးသူမော်ဒယ်လ် ရဲ့ အိမ်ကို အရင်က အဝင်အထွက်ရှိခဲ့ပြီး မိသားစု တခုလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မျိုး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ စာရိတ္တကို မကြိုက်တာကြောင့် အဆက်အဆံ မလုပ်ဖြစ်တာကြာပြီလို့ ကျန်ရစ်သူ မိသားစုက ဆိုပါတယ်။ ကိုအံ့ဖြိုးပိုင်နဲ့ သေဆုံးသူ မော်ဒယ်လ်အေးချမ်းမြတ်မိုးက သမီးရည်းစားတွေဖြစ်တယ်ဆိုတဲ့ သတင်း တွေကို ကျန်ရစ်သူ မိသားစုက မဟုတ်မှန်ကြောင်း ပြောဆိုပါတယ်။

“သစ်ထူးလွင် က ရေးသလို သမီးရည်းစားချင်း ရန်ဖြစ်တာလုံးဝမဟုတ်ဘူး။ ညီမလေးရဲ့ ဖုန်းမှာကျန်ခဲ့တဲ့ မက်ဆေ့ခ်ျတွေအရ ပုံမှန်ဆက်ဆံရေးမျိုးပါ။ ဘာမှတောင် ဖြေရှင်းခွင့်မရဘဲ ဆုံးသွားတဲ့ညီမလေးအပေါ် မမှန်တာတွေမရေးစေချင်၊ မပြောစေချင်ဘူး ”လို့ မအေးချမ်းမြတ်ဖြိုး ကပြောပါတယ်။

ကွယ်လွန်သူ မော်ဒယ်အေးချမ်းမြတ်မိုးရဲ့ နာရေးဈာပနကိုတော့ သြဂုတ်လ ၃၀ နေ့ စနေနေ့၊ မွန်းလွဲ ၂ နာရီ ၊ ရေဝေး သုသာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မော်ဒယ်လ် အေးချမ်းမြတ်မိုး ဟာ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာမှ အနုပညာ လောက ထဲကို ဝင်ရောက် လာသူ ဖြစ်ပြီး Laurel Art Academy မှာ သင်တန်းတက်နေဆဲ ကျောင်းသူတဦး ဖြစ်ပြီး လတ်တ လော ကြော်ငြာတချို့၊ မဂ္ဂဇင်း မျက်နှာဖုံးတချို့ နဲ့ အလှဓာတ်ပုံတချို့ လက်ခံရိုက်ကူးနေတဲ့ မော်ဒယ်လ် သရုပ် ဆောင် တဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

http://burma.irrawaddy.org/news/2014/08/27/63784.html

ထွန်တုံးတိုက်ပွဲ ၀င်မည့်သူများကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ ၈ ဦး ဒဏ်ရာရ

စဥ့်ကူး ညောင်ဝန်းကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် အခင်းဖြစ်ပွားသည့် ကြာသပတေးနေ့ ညပိုင်းက ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ – ကိုစိန်သန်း ဖေ့စ်ဘုတ်)

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်း စံပြကျေးရွာရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲဝင်ရန် စီစဉ်နေစဉ် ရဲ တပ်ဝင်ဖွဲ့များက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်မှုပြုလုပ်၍ ရွာသား ၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ညောင်ဝန်းကျေးရွာတွင် ညောင်ဝန်းရွာသား ၁၀၀၀ ၀န်းကျင်က ထိုသို့ စီစဉ်နေစဉ် ရဲ အင်အား ၅၀ ခန့်က ဒေသခံများကို ခြောက်လှန့်ပြီး သေနတ်ဖြင့် ပစ်ခတ်သည့် အပြင် သေနတ်ဒင်ဖြင့် ရိုက်ခြင်း၊ ထိုးကြိတ် ကန်ကျောက်ခြင်း ပြုလုပ်ခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ရွာသားများက ပြောပြသည်။

“ကျနော်တို့ လွန်ခဲ့တဲ့ ၂ လက ထွန်တုံးတိုက်ပွဲ တခု လုပ်တယ်။ အဲဒီတုန်းက ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ လယ်ဧက ၂၀၀၀ ပြန် ရ တယ်။ အခုက ကျနော်တို့ စီစဉ်နေတုန်းပဲ ရှိသေးတယ်။ ရဲတွေက အင်အားနဲ့ ရွာကိုဝင်စီးပြီး သေနတ်တွေနဲ့ ပစ်တာပါ”ဟု ဒေသခံ ဦးမောင်စန်းက ဧရာဝတီသို့ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခြေထောက်တွင် ကျည်ဆန်ထိသူ ဒေသခံတဦး အပါအ၀င် ရွာသား ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နေ အိမ် တလုံးနှင့် စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့ပြီး ရဲတပ်သားများအား အကြမ်းဖက်မှုဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လယ်သမားများကို ကူညီဆောင်ရွက်နေသည့် ကိုသန့်ဇင်ထက် ဆိုသူက ပြောဆိုသည်။

“ခြေထောက်မှာ ကျည်ထိတဲ့ ဒေါ်စန်းကြင်နုကို မန္တလေး ဆေးရုံကြီးကို ပို့လိုက်ရပြီ။ ခြေထောက် ဖြတ်ရမယ် ထင်တာပဲ။ ဒဏ်ရာပြင်း တာ တယောက်တည်းပါ။ ကျန်တဲ့ရွာသားတွေတော့ နဖူးကွဲ၊ ခေါင်းပေါက်တာပဲ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရွာသားများက ပျက်စီးနေသည့် အိမ်နှင့် ကျောင်းကို ပြန်လည် ပြုပြင်ပြင်ပေးရန်၊ အကြမ်းဖက် အင်အား သုံးသည့် ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဆိုခွင့် ရရှိရန်၊ ခြေထောက်ဒဏ်ရာ ရရှိသည့် ဒေါ်စန်းကြင်နုကို ဘဝအာမခံချက် ပေးရန်၊ နောင် တွင် အကြမ်းဖက်မှုများ ထပ်မံမပြုလုပ်ရန် တို့ကို သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်သည့် ရဲများကို စဥ့်ကူးမြို့နယ် လက်ပန်လှ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ထားသော်လည်း အမှုကို လက်မခံကြောင်း၊ ကျည်ဆန်မှန်ထားသည့် ဒေသခံတဦးကိုလည်း သက်ဆိုင်ရာက တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ဆက်ပြောပြသည်။
ပြန်လည်ရရှိသည့် လယ်ယာမြေဧက ၂၀၀၀ ကျော်တွင် ပဲစင်းငုံ နှင့် ကြက်ဆူပင်များ စိုက်ပျိုးထားကြောင်း၊ ဘိုးဘွားပိုင် လယ် ယာမြေများ ပြန်လည်ရရှိရန်အတွက် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ဒေသခံ ဦးမောင်စန်းက ပြောသည်။

ဒေသခံတဦးဖြစ်သူ မသဲစုမွန် ကလည်း“လယ်ယာမြေတွေ မရှိတော့ တောင်ပေါ်မှာ ဝါးတွေခုတ်၊ မျှစ်ချိုးတာတွေ လုပ်ကြ တယ်။ အခုတော့ ဝါးတွေလည်း မရှိတော့ပါဘူး။ ကျမတို့ လယ်ယာတွေရဖို့ အတွက် ဆက်လက် လှုပ်ရှားရဦးမယ်”ဟု ပြော ဆို သည်။

ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး စဥ့်ကူးမြို့နယ် လက်ပံလှ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ရဲစခန်းမှ ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထိုဒေသရှိ လယ်ယာမြေ ဧက ၆၀၀၀ ကို ၁၉၇၂ ခုနစ် ဝန်းကျင်က စဥ့်ကူးမြို့ အခြေစိုက် ထောက်ပို့တပ် အမှတ် ၁၂၁ တပ်မှ သိမ်းယူထားခြင်း ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဂရိတ်ဝေါလ် ကုမ္ပဏီသို့ ကြံစိုက်ပျိုးရန် အငှားစနစ်ဖြင့် ပေးခဲ့သည့်မြေများ ဖြစ်ကြောင်း သိရသည်။

ဒေသခံ တောင်သူများက ၂၀၁၂ ခုနှစ်မှ စတင်ပြီး နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ စာဖြင့် အကြိမ်ကြိမ် တင်ပြခဲ့သည်ဟု ပြောဆိုသည်။

http://burma.irrawaddy.org/news/2014/08/15/63265.html

ယာဉ်တိမ်းမှောက်၍ ကားကြုံလိုက်စီးသည့် ဆရာမ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့နယ် ကန်ကလေးကျေးရွာ မြောက်နဝင်း အ.ထ.က ကျောင်းမှ ပြန်လာသည့် ဆရာမ ၈ ဦးနှင့် သံဃာတော်တပါးကို ကားဖြင့် လမ်းကြုံတင်လာရာမှ ကားတိမ်းမှောက်သဖြင့် ဆရာမ ၂ ဦးသေဆုံးပြီး ၃ ဦး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရကြောင်း သတင်းရရှိသည်။

တိမ်းမှောက်ခဲ့သည့် ကားကို ပြည်မြို့ အမှတ်(၃) ရဲစခန်းတွင် သက်သေခံ ပစ္စည်းအဖြစ် ထိန်းသိမ်းထားစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)


သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က ပြည်-အောင်လံ အဝေးပြေးလမ်းမ ပြည်မြို့မှ ၉ မိုင်အကွာ  မိုင်တိုင်အမှတ် ၁၈၉/၁ နှင့် ၁၈၉/၂ တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ကုသနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့်ကားမှာ ပြည်မြို့နယ်အတွင်းပြေးဆွဲနေသည့် မာဇဒါ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်း မိုးကျော် မောင်းနှင်လာသည့် ကားဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာတွင် ဆရာမ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူ ဆရာမ ၄ ဦးထဲမှ တဦးမှာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း၊ ကျန် ၃ ဦးမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ် ကုသမှု ခံယူနေရကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူးက ဧရာဝတီသို့ ပြောသည်။

“ပွဲချင်းပြီးဆုံးသွားတဲ့ ဆရာမဆို ပထမဆုံး အလုပ်ခန့်စာရလို့ ကျောင်းလာတက်တဲ့နေ့ အပြန်မှာ ဖြစ်တာပဲ။ ကျန်တဲ့ တယောက်ကတော့ ဆေးရုံရောက်မှ ဆုံးတာ။ ရန်ကုန်ပို့ထားတဲ့ ဆရာမ ၃ ယောက်ကတော့ နိုင်ငံခြားကလာတဲ့ ဆရာဝန်ကြီးတွေ ရောက်တာနဲ့ ကြုံလို့ ဝင်ကုပေးလို့ မစိုးရိမ်ရတော့ဘူးလို့ သိရတယ်။ ကားသမားကတော့ အောင်လံဘက်ကို အော်ဒါလိုက်သွားပြီးအပြန် ဆရာမတွေနဲ့ ဘုန်းကြီးကို လမ်းကြုံတင်ခေါ်လာတာ။ ပိုက်ဆံလည်းမရဘဲ ဒုက္ခတော့ရောက်တာပေါ့။ အခု ပြည်ထောင်ကြီးကို ပို့ပြီး ပုဒ်မ ၃၀၄(က)/၃၈၈ နဲ့ ကားသမားကို အရေးယူထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပွဲချင်းပြီး သေဆုံးသူမှာ ပြည်မြို့နယ်၊ မိမ္မရဲကျေးရွာမှါ အသက် ၁၉ နှစ်အရွယ် ဆရာမဖြစ်ပြီး ကျန်သေဆုံးသူ တဦးမှာ ဝက်ထီးကန်မြို့နယ်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဆရာမတဦးဖြစ်ကြောင်း သိရသည်။

အရေးပေါ် ကုသရသည့် ဆရာမ ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း၊ ကျန်ဆရာမ ၃ ဦးနှင့် သံဃာတော်တပါးမှာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

http://burma.irrawaddy.org/news/2014/08/15/63238.html

အမျိုးသမီးများ တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရမှု ထိရောက်စွာ မဖြေရှင်းနိုင်သေး


လူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် လူငယ်များကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက ရန်ကုန် ဒလ သင်္ဘော တစင်းပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး ဇနီးမယားများအဖြစ် နှစ်စဉ် ရောင်းစား ခံနေရသော်လည်း ထိရောက် စွာ မဖြေရှင်းနိုင်သေးကြောင်း သိရသည်။

ယင်းပြဿနာကို ဖြေရှင်းရန် အတွက် အခက်အခဲများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ က ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု မြင့်တက်နေရခြင်း အကြောင်းမှာ တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ထိစပ်သော နယ်စပ် ဧရိယာမှာ ရှည် လျားသဖြင့် ၀င်ထွက်သွားလာရာ အလွန် လွယ်ကူနေခြင်း၊ တရုတ်-မြန်မာ နယ်စပ်တွင် တရားဝင် ၀င်ထွက်ပေါက်များ သတ်မှတ်ထား သော် လည်း တရားမ၀င် ၀င်ထွက် ပေါက်များစွာ ရှိနေခြင်း၊ နှစ်နိုင်ငံ နယ်စပ်တွင် ၀င်ထွက်ပေါက် အလွန်များသဖြင့် တားဆီး နှိမ်နင်း ရေး ပိုင်းကို သေချာစွာ စောင့်ကြပ်ပိတ်ဆို့ရေး မလုပ်နိုင်သည့် ပြဿနာများရှိနေခြင်းတို့ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ် ဖော် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း လူကုန်ကူးခံရမှု ၆၀ ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံဘက်သို့ ဇနီး မယား အဖြစ်ရောင်းစားမှုနှင့် အဓမ္မလုပ်အား ခိုင်းစေမှု အပါအ၀င် အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အမှု ၄၂ မှုကိုသာ ဖမ်းဆီး ကယ်တင်နိုင်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးသော အမှုများလည်း ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးခံရမှု ၆၀ တွင် အဆိုပါ ၄၂ မှုသာ ကယ်တင်နိုင်ခဲ့ပြီး ၁၈ မှုကို မဖော်ထုတ်နိုင်သေးကြောင်း၊ ၂၂ မှုသည် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံရသည့် အမှုများဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် လူကုန်ကူးခံရမှုပေါင်း ၁၀၂ မှု ၊ ၂၀၁၂ ခုနှစ် အမှု ၁၂၀၊ ၂၀၁၁ ခုနှစ်တွင် ၁၃၆ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ ဒု ရဲမှူးကြီး ဒေါ်ဥမ္မာက ဧရာဝတီသို့ ပြောကြားသည်။

တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်း အချက် ၅ ချက်ခန့် ရှိကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံတွင် ယောကျာ်း ၊ မိန်းမ လူဦးရေ အချိုးအစားတွင် ယောကျာ်းဦးရေ အဆမတန် များပြားနေခြင်း၊ ထို အမျိုးသားများ အတွက် သတို့သမီးများ လိုအပ်နေခြင်း၊ မင်္ဂလာဆောင်ရာတွင် သတို့သမီးတင်တောင်း စရိတ်များပြားခြင်း၊ မြန်မာနှင့် တရုတ် ငွေ တန်ဖိုး ကွာခြားခြင်းနှင့် မြန်မာ မိန်းကလေးများမှာ အယုံလွယ်ပြီး စွန့်စားလိုစိတ် များနေခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်ရသည် ဟု နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့က ထုတ်ပြန်သည်။

“တရုတ်မှာ ယွမ် နှစ်သောင်းက မြန်မာ ငွေနဲ့ဆိုရင် ကျပ် သိန်း ၃၀ လောက်ရတယ်။ အဲဒီလို အခြေအနေမျိုး မှာ မြန်မာနိုင်ငံဘက်က အမျိုးသမီးလေးတွေကို လိမ်ညာ လှည့်ဖျားပြီး ရောင်းစားတဲ့ ဈေးကွက်တခု ပေါ်လာတယ်။ မြန်မာ အမျိုးသမီးလေးတွေကို ငွေမက် လုံး တွေပေးတဲ့ အခါကျတော့၊ ဒီဘက်မှာကလည်း ငွေကြေး သိပ်အဆင်မပြေလို့ အလုပ်လုပ်ချင်တဲ့ မိန်းကလေးတွေကို ပိုက်ဆံ ပိုရမှာ၊ လစာ ပိုရမှာလို့ ပြောပြီး လွယ်လွယ်နဲ့ စည်းရုံးသွားကြတာ”ဟု ဒုရဲမှူးကြီး ဒေါ်ဥမ္မာက ပြောသည်။

ဒေါ်ဥမ္မာက ဆက်လက်ပြီး“ဟိုဘက်မှာ လိင်ပိုင်းဆိုင်ရာ အလုပ်တွေ လုပ်ပြီး ပြန်လာတဲ့ မိန်းကလေးတွေကလည်း နည်းနည်းအနေကြာ လာတော့ သူတို့က တရုတ်စကားတွေ ကောင်းကောင်းပြောတတ်တဲ့ အခါကျတော့ သူတို့အနီးဝန်းကျင်မှာရှိတဲ့ သားချင်းတွေ ဆီ ကို ပြန်လာပြီး မိန်းကလေးက အမြဲလိုနေတော့ အချင်းချင်းစည်းရုံးသိမ်းသွင်းပြီး ခေါ်ကြပြန်တယ်။ ဒီဘက်မှာ အဆင်မပြေလို့ ဟို ဘက် မှာ သွားအလုပ်လုပ်တယ်။ ဟိုရောက်တော့ သူများမယားအဖြစ် ရောင်းစားခံရတယ်။ ပြီးတော့ လစာကိုလည်း ခေါင်းပုံဖြတ်ခံ ရတယ်။ မပြီး သေးဘူး။ ပွဲစားတွေက နောက်တနေရာကို ထပ်ရောင်းစားသေးတယ်”ဟုလည်း ပြောဆိုသည်။

ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဖောစေးဝါးက ၄င်းတို့ အဖွဲ့အစည်းထံသို့ ရောက်ရှိလာသော အမှုအများစုမှာ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံများသို့ လူကုန်ကူးခံရသော အမှု အများဆုံး ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဟိုဘက်မှာ သွားလုပ်ရင် ပိုက်ဆံ ဘယ်လောင်တောင်ရမှာ။ အဲဒီလိုပြောရင် ယုံကြတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး Awareness (ဗဟုသုတ) ကလည်းမရှိတော့ ပါသွားကြတယ်။ ဟိုရောက်တော့မှ ဒုက္ခရောက်ကြတာ။ အစားအစာတောင် လောက်ငအောင် မရကြ ဘူး”ဟု ဖောစေးဝါးက ပြောပြသည်။

သူကဆက်ပြီး “အမှုတခုဆိုရင် ကောင်မလေးတယောက်ကို လခကောင်းကောင်းရမယ်ဆိုပြီး တရုတ်ပြည်ဘက်ခေါ်သွားတယ်။ ဒါပေ မယ့် တရုတ်ကို မပို့ခင် တောင်ကြီးက မာဆတ်တခုမှာ အရင် အလုပ်လုပ် ခိုင်းထားတယ်။ လစာ ၂ သိန်းရမယ်ဆိုပြီး ခေါ်သွားတာ။ ဟိုရောက်တော့ လစာမရတဲ့အပြင် အပြင်လည်း မထွက်ခိုင်းတော့ဘူး။ နောက်ဆုံး ကလေးမလေးက ပြန်ထွက်ပြေးလာလို့ ကျမတို့ဆီရောက်လာတာ”ဟု ပြောပြသည်။

လူကုန်ကူးမှု ဖြစ်ရသည့် အကြောင်းအရင်းမှာ ငွေကြေးခက်ခဲနေချိန်တွင် အလုပ်အကိုင်မရရှိခြင်း၊ အလုပ်ရှိသော်လည်း ပိုမိုများပြား သော ငွေကြေးရမည်ဆိုသည့် မျှော်လင့်ချက်များ၊ တချို့မှာ နိုင်ငံခြားသို့ စွန့်စားသွားရောက် လုပ်ကိုင်လိုသည့် ဆန္ဒများကြောင့် ဖြစ် သည်ဟု လာရှိုးမြို့နယ် အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းများက ဧရာဝတီသို့ ပြောဆိုသည်။

“ပွဲစားတွေ ပြောတာကို အလွယ်တကူ ယုံလိုက်ကြတယ်။ ငွေကြေးကွာဟမှု ရှိတဲ့အခါမှာ၊ သူတို့ပိုက်ဆံက အများကြီး ပေးတာ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာငွေနဲ့ကျတော့ ပိုက်ဆံက အများကြီး ဖြစ်နေတာပေါ့။ ဒီမိန်းကလေးက ရောင်းစားခံရတယ်။ အဲဒီလို ရောင်းစား ခံရပြီးရင် ထပ်ဆင့်ပြီးတော့ ရောင်းစားခံရတာမျိုးတွေလည်း ရှိတယ်”ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတဦးက ပြော သည်။

တရုတ်နိုင်ငံ၏ အမျိုးသမီးရှားပါးမှု ပြဿနာကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအို နှင့် ဗီယက်နမ် နိုင်ငံများမှ အမျိုး သမီးများကို ၀ယ်ယူ ပေါင်းသင်းသည့် ဈေးကွက်တခု ပေါ်ပေါက်လာရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ အသိပညာ ပေး ဟောပြောပွဲများ၊ လက်ကမ်း စာစောင်များ၊ ကြော်ငြာ ဆိုင်းဘုတ်များ လုပ်ဆောင်နေကြောင်း၊ ထို့အပြင် မိတ်ဘက် UN ၊ INGO ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံ အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရ သည်။

“ကားဂိတ်၊ လေဆိပ်တွေမှာ ၀င်ထွက်ပေါက်တွေမှာ အထောက်အထားတွေ မပါဘူး။ လူကုန်ကူးခံရနိုင်တယ်လို့ သံသယ ရှိတယ် ဆိုရင် သူတို့ကို အသိပညာပေးပြီးတော့ မိဘတွေဆီကို ပြန်ပို့တယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဇာတ်လမ်း ခွေတွေ ဖြန့်တယ်။ မီဒီယာတွေကို သတင်းတွေ ပေးတယ်။ ဂျာနယ်တွေကို ချပြတယ်”ဟု ဒု ရဲမှူးကြီး ဒေါ်ဥမ္မာက ရှင်းပြသည်။

http://burma.irrawaddy.org/news/2014/08/12/63061.html

နီးစပ်ရာ ရဲစခန်းသို့ လေသေနတ်များ အမြန်ဆုံးအပ်ရန် ရဲတပ်ဖွဲ့ သတိပေး

ရန်ကုန်မြို့မှာ လျို့ဝှက်ရောင်းချနေတဲ့ လေသေနတ် အရောင်းဆိုင်တဆိုင်ကို ဖမ်းဆီးခဲ့ပြီးနောက် လိုင်စင်မရှိဘဲ လေသေနတ် ကိုင်ဆောင်အသုံးပြုသူတွေ အနေနဲ့ သေနတ်တွေကို နီးစပ်ရာ ရဲစခန်းများထံမှာ အမြန်ဆုံး လာရောက် အပ်နှံကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေး တိုက်တွန်းလိုက်ပါတယ်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ အရောင်းဆိုင် ဂိုဒေါင်မှာ ဖမ်းမိတဲ့ လေသေနတ်များ (ဓာတ်ပုံ – MOI)

ကျောက်တံတား မြို့မရဲစခန်းမှ ဒုရဲအုပ် ထွန်းနိုင်ဇော် က “တာမွေဘက်က ဆိုင်တဆိုင်မှာ ဖမ်းမိပြီး နောက်ပိုင်း လေသေနတ် ကိုင်တဲ့သူရှိရင် ရဲစခန်းမှာ လာအပ်ဖို့ ထုတ်ပြန်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

အခုလ ၇ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းထဲမှာ လေသေနတ်တွေ ရောင်းချနေတဲ့ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ကော်စေ့ထည့်ပြီး ပစ်တဲ့သေနတ်တွေ အပြင် သံဘောစေ့ထည့်ပြီး ပစ်ခတ်လို့ရတဲ့ လေသေနတ်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ်လ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။

လေသေနတ် အတို၊ အရှည် စုစုပေါင်း ၁၀၄ လက် သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ အရောင်းဆိုင်အနေနဲ့ လေသေနတ် အလက် ၅၀ ခန့်ကို အဆက်အသွယ်တွေ ကတဆင့် ရောင်းချထားပြီး ဖြစ်တဲ့အတွက် လိုင်စင်မဲ့ ကိုင်ဆောင်ထားသူတွေ အနေနဲ့ နီးစပ်ရာ ရဲစခန်းတွေမှာ အမြန်ဆုံး လာရောက်အပ်နှံဖို့ ရဲတပ်ဖွဲ့က သတိပေး တိုက်တွန်းထားတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ လက်နက်တွေဟာ ကျည်စစ်ကျည်မှန်နဲ့ ပစ်ခတ်လို့ရတဲ့ ပကတိ သေနတ်တွေနဲ့ ဆင်တူနေတဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် အယောင်ဆောင်ပြီး ပြစ်မှုကျူးလွန်မယ့် အန္တရာယ်ရှိနိုင်သလို၊ သံဘောစေ့ကို အသုံးပြု ပစ်ခတ်ရတဲ့ လက်နက်တွေ ဟာလည်း အနီးကပ် ပစ်ခတ်ပါက အသက်အန္တရယ်ကို ထိခိုက်စေနိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ပြောဆိုပါတယ်။

လိုင်စင်မဲ့ လေသေနတ်တွေကို လက်ဝယ်ထားရှိသူတွေ အနေနဲ့ နီးစပ်ရာ ရဲစခန်းတွေကို အမြန်ဆုံး အပ်နှံဖိုလိုကြောင်း အကယ်၍ အပ်နှံခြင်းမပြုပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“သေနတ်အပ်ခိုင်းတာက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ သဘောမျိုးပါ။ လာမအပ်ဘဲနေရင် သတင်းရလို့ ၀င်ရှာဖွေတဲ့ အခါတွေ့ရင် အရေးယူခံရနိုင်တယ်။ ဒါဟာ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့လည်း ငြိပါတယ်” လို့ ဒုရဲအုပ် ထွန်းနိုင်ဇော်က ရှင်းပြပါတယ်။
လိုင်စင်မဲ့ လေသေနတ်တွေကို နီးစပ်ရာ ရဲစခန်းတွေမှာ ပြန်အပ်ဖို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီးနောက် လတ်တလောမှာ ဒဂုံမြို့နယ်ရဲစခန်းမှာ လေသေနတ်တလက် လာရောက် အပ်နှံသွားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လေသေနတ်တွေကို တရားမဝင် တင်သွင်းရောင်းချနေတဲ့ ဆိုင်ရှင်ကိုလည်း လိုင်စင်မဲ့သေနတ်များနဲ့ ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း ပြုလုပ်မှုနဲ့ တာမွေမြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

လေသေနတ်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးလျက်ရှိတဲ့ လက်နက်ကိုင်ဆောင်ရေး မူအရ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စိစစ်ခွင့်ပြုချက် လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုကြောင်း၊ အခုဖမ်းဆီးရမိတဲ့ လေသေနတ်တွေဟာ လိုင်စင်မဲ့တွေ ဖြစ်တဲ့အပြင် တရားဝင် တင်သွင်းခွင့် ပြုမထားတဲ့ အကောက်အခွန်မဲ့ ပစ္စည်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလေသေနတ် အမျိုးအစားတွေဟာ စစ်တပ်မှာသုံးနေကြတဲ့ လက်နက်တွေနဲ့ ဆင်တူပေမယ့် အပျော်တမ်း ပစ်ခတ်ကစားဖို့ ထုတ်ထားတဲ့ သေနတ်တွေဖြစ်ကြောင်း၊ ဒါပေမယ့် လူကို အန္တရာယ်ပေးနိုင်တဲ့ အဆင့်တော့ရှိတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလေသေနတ်မျိုးကို အပျော်တမ်း သုံးစွဲနေတဲ့ ကိုနိုင်လွင်ဦးက ပြောပါတယ်။

“ပုံမှန်ကောင်တွေက ၅ ကိုက်အတွင်း ပုလင်းကို ထုတ်ချင်းပေါက်ထွက်နိုင်တယ်။ ကွဲနိုင်တယ်။ Sniper နဲ့တွေ့ရင် ၁၀ ကိုက်အတွင်း ကော်သီးက အသားထဲဝင်နိုင်တယ်။ မျက်လုံးလောက်ဆိုရင် အနီးကပ် မလိုဘူး။ ၁၀ ကိုက်အတွင်းက ပစ်ရင် ပေါက်နိုင်တယ်။ ပုံမှန်မဟုတ်ဘဲ တွန်းကန်အား ပြင်းအောင် ပြင်ထားတဲ့ သေနတ်တွေ ဆိုရင်တော့ ပိုပြီး အန္တရာယ်များတယ်” လို့ ကိုနိုင်လွင်ဦးက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဒီလို လေသေနတ်တွေကို အသုံးပြုပြီး တဖက်နဲ့ တဖက် ပစ်ခတ်တိုက်ခိုက် ကစားကြတဲ့ ကစားကွင်းတွေ ဖွင့်လှစ်ပေးထားတာ ရှိပါတယ်။ အဲဒီကစားကွင်းတွေမှာတော့ ကော်ကျည်သီးတွေ တိုးမပေါက်နိုင်တဲ့ မျက်မှန်၊ ဦးထုပ်နဲ့ အင်္ကျီတွေကို ဝတ်ဆင် ကစားကြရတာ ဖြစ်ပါတယ်။

http://burma.irrawaddy.org/news/2014/08/12/63042.html

Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၂ ဦး နှင့် သတင်းသမား ၃ ဦးကို ပုဒ်မပြောင်း တရားစွဲ

ကြားဖြတ်အစိုးရသတင်း ရေးသားမှုဖြင့် Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၂ ဦး ၊ အယ်ဒီတာ ၃ ဦးနှင့် သတင်း ထောက် ၁ ဦး ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံချက် ပုဒ်မ ၅ (ဃ)၊ ပုဒ်မ ၅ (ည) တို့ဖြင့် အမှုဖွင့်ထားခဲ့ရာ ယနေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ပြောင်းလဲအမှုဖွင့် တရားစွဲဆိုလိုက်ပြီး ဖမ်းဆီးထားသူများအနက်မှ အယ်ဒီ တာ ၁ ဦး ကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း  သိရှိရသည်။

Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ ၊ သတင်းသမားများကို ယနေ့ နံနက်ပိုင်း ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု များအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင် မြှောက်”ဆိုသော သတင်းရေးသားသူ Bi မွန်းတည့်နေ ဂျာနယ်မှ ထုတ်ဝေသူ  ၂ ဦး နှင့် သတင်းသမား ၃ ဦး စုစုပေါင်း ၅ ဦးကို သြဂုတ်လ ၄ ရက် နေ့တွင် ပန်းဘဲတန်း မြို့နယ် တရားရုံး တွင် ပထမဆုံးအကြိမ်  တရားရုံးတင် စစ်ဆေးခဲ့ပြီး  အရေး ပေါ် စီမံချက် ပုဒ်မ ၅ (ဃ) ၊ ၅(ည)တို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာမှ  နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅(ခ) ဖြင့် ပြောင်း လဲ တရားစွဲဆို လိုက်ကြောင်း သိရှိရသည်။

Bi မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ ၁ ဦးဖြစ်သူ ဦးရဲမင်းအောင် ကိုမူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆၉ အရ တရား စွဲဆို တင်ပို့ရန် အချက် အလက် လုံလောက်မှု မရှိသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း  Bi မွန်းတည့်နေ ဂျာနယ် မှ သတင်း သမား များ၏ အမှုလိုက်ရှေ့နေ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြော သည်။

“အယ်ဒီတာ ၁ ဦး လွတ်သွားတော့ ၅ ယောက်ပဲ ကျန်တယ်။ အမှုကို ဆက်ကြားနာဖို့အတွက် ၁၄ရက်နေ့ နံနက် ၁၀ နာရီမှာ ချိန်းဆိုလိုက်တယ်။ ပုဒ်မ ၅၀၅(ခ)/၃၄ ဆိုပြီးအမှုကို ပုဒ်မ ပြောင်းပေးလိုက်တယ်။ ပြစ်ဒဏ် လျော့သွားမှာပေါ့ ။ အရင် ပုဒ်မက တမှုကို ထောင် ၇ နှစ် ချလို့ရတယ်။ ပုဒ်မ ၂ ခုဆိုတော့ ၁၄ နှစ်ချလို့ရတယ်။ အခုပြောင်းသွားတဲ့ ပုဒ်မ ၅၀၅ (ခ)ရဲ့ ပြစ်ဒဏ်က အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ပဲ။ ငွေဒဏ်လောက်နဲ့လည်း ပြီးသွားနိုင်တယ်”ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ပြောင်းလဲ အမှုဖွင့် တရားစွဲဆိုခံရသူများမှာ Bi မွန်းတည့်နေဂျာနယ်မှ  ထုတ်ဝေသူ ဦးယဉ်မင်းထွန်းနှင့် ဦးကျော်မင်းခိုင် ၊ အယ်ဒီတာ ဦးဝင်းတင် ၊ တာဝန်ခံအယ်ဒီတာ ဦးသူရအောင် (အောင်သန့်-ကျိုက်ကော်) နှင့် သတင်းထောက် ကျော်ဇောဟိန်း(မင်းဝဿန်) တို့ဖြစ်သည်။

လတ်တလော သတင်းသမားများကို ဖမ်းဆီးထောင်ချနေခြင်းများ အပါအ၀င် ဒီမိုကရေစီနောက်ကြောင်းပြန်လှည့်သော လုပ်ရပ်များကြောင့် မြန်မာနှင့် အမေရိကန်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေကြောင်း သတိပေးရန် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီကို  အမေရိကန်လွှတ်တော်အမတ် ၇၀ ကျော်က တောင်းဆိုထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် နေပြည်တော်တွင် သြဂုတ်လ ၁ဝ ရက်နေ့ ကျင်းပမည့် ASEAN Regional Forum (ARF) အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

http://burma.irrawaddy.org/news/2014/08/04/62741.html

ရန်ကုန် မြို့လယ်တွင် ရမ်းကားမောင်းနှင်သော ယာဉ်ကြောင့် ၃ ဦးသေ၊ ရဲ ၁ ဦး ဒဏ်ရာရ

ရန်ကုန်မြို့လယ်ခေါင်၊ ဆူးလေဘုရားလမ်းပေါ်  ရှန်ဂရီလာဟိုတယ်( ယခင် Trader ဟိုတယ်) ရှေ့တွင် ဇူလိုင်လ ၂၈ ရက် နေ့ ညပိုင်းတွင် လမ်းပြောင်းပြန် ရမ်းကားမောင်းနှင်လာသည့် ပရိုဘောက်မော်တော်ယဉ်တစီးက  လူ ၇ ဦးကို တိုက်မိ ပြီး ၃ ဦးသေဆုံးကာ ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ရမ်းကားမောင်းနှင်သော ပရိုဘောက်ကား (ဓာတ်ပုံ – ဧရာဝတီ)

ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က ပန်းဘဲတန်းမြို့နယ် ၊ မဟာဗန္ဓုလလမ်းပေါ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား တွင် ရပ်ထားသည့် မော်တော်ကားတစီးကို စမ်းချောင်းမြို့နယ်တွင် နေထိုင်သော ဦးမောင်မောင် မောင်းနှင်လာသော 2D-6213 ပရိုဘောက် အမျိုးအစား မော်တော်ယဉ်က ပွတ်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါ မော်တော် ယာဉ် သည် ဆူးလေဘုရားလမ်းမသို့ လမ်းပြောင်းပြန် ၀င်ရောက်ပြီး ဆာကူရာ တာဝါအနီးရှိ လမ်းလယ်ကျွန်းပေါ်သို့ တက် ကာ လူ ၇ ဦးကို အရှိန်ဖြင့် ၀င်တိုက်မိခဲ့ကြောင်း၊ ထို့ပြင် ရဲတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ အဲဒီနေရာမှာ ရောက်နေတဲ့ ကျနော်တို့ လှည့်ကင်း ရှိတယ်။ ကားကို ရပ်ဆိုပြီး တားတဲ့အခါမှာ မရပ်ပေးဘဲ ဆက်မောင်း တော့ ဒုတပ်ကြပ်သက်ပိုင်စိုးက သူ့ကို တိုက်မိမှာဆိုးလို့ ကားဘော်နက်ပေါ်ကို ခုန်တက်ပြီး ပါသွားတယ်။ နောက်ပြီး ပလက်ဖောင်း ပေါ်ကို ကားတက်သွားတဲ့အခါကျတော့ ကျနော့် ရဲဝန်ထမ်း ပြုတ်ကျသွားတယ် ” ဟု ပန်းဘဲတန်းမြို့နယ် မြို့မ ရဲစခန်းမှရဲအုပ် အောင်နိုင်မြင့်က ပြောပြသည်။

ကားတိုက်ခံရသော လူ ၇ ဦး အနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့မှာ ယဉ်တိုက်မိသော ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ပြီး အမျိုးသမီး၁ ဦးမှာလည်း စိုးရိမ်ရသော အခြေ အနေ တွင် ရှိနေကြောင်း၊ ကားပေါ်မှ ပြုတ်ကျသဖြင့် ဒုတပ်ကြပ် သက်ပိုင်စိုးမှာ လက်ဖျံ ၊ တံတောင် ဘယ်ညာ နှစ်ဖက်စလုံး စုတ်ပြတ်ဒဏ်ရာ ၊ ဒူးပြဲ ၊ ခါးနာ စသည် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးခွင့်ပေးထားရကြောင်း သိရသည်။

ရန်ကုန်မြို့လည်ခေါင်တွင် ယဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်ရန် ကြိုးစားသူ ဦးမောင်မောင်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄ (က) လူသေစေအောင် မောင်းနှင်မှု ၊ ပုဒ်မ ၃၃၈ အပြင်းအထန် ဒဏ်ရာရစေမှု ၊ ပုဒ်မ ၃၃၇
သာမန် ဒဏ်ရာ ရစေမှု ၊ ၂၀၂(က) ထွက်ပြေး တိမ်းရှောင်မှု အပါအ၀င် ယဉ်တိုက်မှု တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ထွန်းနိုင်ဇော်က ပြောဆိုသည်။

ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားစဉ်က ယင်းပရိုဘောက် ကားပေါ်တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး လိုက်ပါစီးနင်း ကြပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အဖမ်းမခံဘဲ ထွက်ပြေးကြကြောင်း၊ ရဲနှင့် ပြည်သူတချို့က လိုက်လံဖမ်းဆီးရာ အမျိုးသမီး ၂ ဦးကိုသမ္မတရုပ်ရှင်ရုံအနီးတွင် ဖမ်းမိခဲ့ကြောင်း၊ ထိုအမျိုးသမီး ၂ ဦးကို စစ်ဆေးမေးမြန်းချက်အရ ယာဉ်မောင်း ဖြစ်သူ ဦးမောင်မောင်ဆိုသူဖြစ်ကြောင်း သိရှိရသဖြင့်   ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် စမ်းချောင်း မြို့နယ်တွင် လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“ယာဉ်မောင်း တရားခံ ဖြစ်တဲ့ ကိုမောင်မောင်ကိုတော့ ဖမ်းမိထားတယ်။ ဒီနေ့ ကျောက်တံတားမှာပဲ ရမန်ယူမှာပါ ” ဟု ကျောက်တံတား မြို့နယ် ရဲစခန်းမှဒုရဲအုပ် ထွန်းနိုင်ဇော်က ပြောသည်။

http://burma.irrawaddy.org/news/2014/07/29/62501.html

သံတော်ဆင့်ဂျာနယ်တာဝန်ရှိသူများအား အောင်သပြေစစ်ကြောရေးစခန်းတွင် ခေါ်ယူစစ်ဆေး

ရန်ကုန်- မြန်မာသံတော်ဆင့်ဂျာ နယ်၏ ငွေကြေးစီးဆင်းလည်ပတ် ပုံနှင့် အယ်ဒီတာချုပ်၏ ကိုယ်ရေး ရာဇ၀င် အသေးစိတ်ကို မေးမြန်း ရန် ရဲအထူးသတင်းတပ်ဖွဲ့က သံတော်ဆင့်အယ်ဒီတာချုပ် ဦး ကျော်စွာဝင်းအား အောင်သပြေ စစ်ကြောရေးစခန်းသို့ ဇူလိုင် ၂၃ ရက်က ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

‘‘မြန်မာသံတော်ဆင့် ဖြစ် ပေါ်လာပုံနဲ့ အယ်ဒီတာချုပ်ရဲ့သမိုင်းကြောင်း၊ ငွေကြေးလည်ပတ်ပုံတွေကို ဖိတ်ခေါ်မေးမြန်းတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း လိုအပ်ရင် ထပ်ဖိတ်ခေါ်မေးမယ်လို့ ပြောပါတယ်။ အရင်တစ်ခါထက် ပိုသွားတာက အယ်ဒီတာချုပ်ရဲ့ နောက်ကြောင်း ရာဇ၀င်ကို အသေးစိတ်မေးတာပါ။ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ဘယ်သူ့ဆီကမှ တစ်ပြားတစ်ချပ်ယူပြီး ထောက်ပံ့ခံပြီးဂျာနယ်ထုတ်နေတာ မဟုတ်ပါဘူး။ သူတို့ဘက်က  တလေးတစားနဲ့ ဖိတ်ခေါ်ပြီးမေးရင် ကျွန်တော်တို့က ဖြေဖို့အသင့်ပါပဲ’’ဟု ခေါ်ယူတွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် တာဝန်ခံအယ်ဒီတာ ဦးအောင်ကိုကိုကပြောကြားသည်။

ဂျာနယ်တိုက်များ၏ ဘဏ္ဍာ ရေးဆိုင်ရာ အခြေအနေများကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူစစ် ဆေးမှုများအနက် သံတော်ဆင့် ဂျာနယ်တိုက်မှာ ဒုတိယအကြိမ် ခေါ်ယူစစ်ဆေးခံရခြင်းလည်းဖြစ် သည်။

‘‘သံတော်ဆင့်ကို နည်းနည်း ပါးပါး မေးမြန်းစရာရှိလို့ ခေါ်ပြီး စစ်ဆေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အင်းစိန်ထောင်ကိုပို့တာ တော့ မဟုတ်ရပါဘူးဗျာ။ သတင်း အမှားတွေပါ’’ဟု ၎င်းကပြော သည်။

သံတော်ဆင့်ဂျာနယ်တိုက် သို့ ဇူလိုင် ၂၂ရက်တွင် ရဲသတင်းတပ်ဖွဲ့က လာရောက်ခဲ့ရာ ဂျာနယ်တိုက် တာဝန်ရှိသူများမရှိ၍ နောက်တစ်ရက်တွင် အောင်သပြေစစ်ကြောရေးစခန်းသို့ လာရောက်ရန်ဖိတ်ခေါ်စာဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ခံအယ်ဒီတာဦးအောင်ထွန်းလင်းက ပြောသည်။

မြန်မာသံတော်ဆင့်ဂျာနယ် မှာ ဦးဆန်းဆင့်နှင့်ပတ်သက်သည် ဟု သတင်းများထွက်ပေါ်နေခြင်း မှာ လုံးဝမဟုတ်မှန်သည့်အပြင် ယမန်နေ့က ဦးဆန်းဆင့်၏ ရုံး ထုတ်စစ်ဆေးမှုအပြီး သံတော် ဆင့်ကို
ထပ်ခံခေါ်ယူစစ်ဆေးခြင်း မှာလည်း လုံးဝပတ်သက်မှုမရှိ ကြောင်း ဦးအောင်ကိုကိုက ပြောသည်။

‘‘ဦးဆန်းဆင့်တင်မကဘူး။ အဘတော်တော်များများနဲ့ ကျွန် တော်တို့က ပုဂ္ဂိုလ်ရေးအရ ရင်းနှီး ပါတယ်။ ကျွန်တော်တို့က အရင် ပြည်ခိုင်ဖြိုးမှာ လုပ်ခဲ့တာကိုး။ ဒါ ပေမဲ့ ဦးဆန်းဆင့်ဆီက ငါးပြား တစ်စေ့မှ အထောက်အပံ့မယူ ထားပါဘူး။ ဘာမှပတ်သက်မှုမရှိ ပါဘူး။ သူရုံးထုတ်လို့ ကျွန်တော် တို့ကိုခေါ်တွေ့တာလည်း မဟုတ် ပါဘူး’’ဟု ၎င်းကပြောသည်။

ရဲသတင်းတပ်ဖွဲ့က အောင် သပြေစခန်းသို့ ခေါ်ယူမှုတွင် သံ တော်ဆင့်၏ အယ်ဒီတာချုပ် ဦး ကျော်စွာဝင်းနှင့်အတူ တာဝန်ခံ အယ်ဒီတာ ဦးဆန်းဝင်းထွန်းနှင့် ဦးအောင်ကိုကိုတို့ လိုက်ပါသွား ကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/story/16634