မင်္ဂလာဈေးအနီး လျှပ်စစ်နှင့် လူသုံးကုန်ပစ္စည်းသိုလှောင်သော တိုက်ခန်းတစ်ခုတွင် ကာလတန်ဖိုး ကျပ်ငွေ သိန်း ၂၅၀၀၀ ခန့် (၂၄၈၉၀ ကျပ်သိန်း) တန်ဖိုးရှိသော WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြားအလုံးရေ ငါးသိန်းခန့်အား ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် ၁၂၆ လမ်းရှိ တိုက်ခန်းပထမထပ်သို့ ရန်ကုန်အနောက် မူးယစ်(အထူး)အဖွဲ့၊ နယ်မြေရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများက သတင်းအရ ည ၉ နာရီတွင် ၀င်ရောက် ရှာဖွေရာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ပစ္စည်းနှင့် စားသောက်ကုန်စက္ကူဂျပ်ဖာများတွင် စိတ်ကြွရူးသွပ်ဆေးပြားများအား အထပ်ထပ်ထုပ်ပိုး ထည့်သွင်းထားသော ဆေးပြား ၄၉၇၈၀၀ လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ပမာဏများပြားလွန်း၍ အံ့သြမိကြောင်း ရှာဖွေဖမ်းဆီးစဉ်က ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
“ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ဒီလောက်ပမာဏ ဖမ်းဆီးမှု ရလဒ်ကြောင့် တုန်လှုပ်သွားတယ်။ အရင်ကတော့ ဒီနယ်မြေမှာ မကြာခဏ ဖမ်းဆီးရမိတာရှိတယ်။ ဒီလမ်းမှာပဲ ဆေးပြား တစ်သိန်းရှစ်သောင်းမိဖူးတယ်။ ဒီတစ်ခါမိတာ ကတော့ အများဆုံးပါပဲ” ဟု ဖမ်းဆီးစဉ်ပါဝင်ခဲ့သော တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စိတ်ကြွဆေးပြားများ သိုလှောင်ထားသော တိုက်ခန်းတွင် ပစ္စည်းအသွင်း၊ အထုတ်ပြုလုပ်ရာ၌ မသင်္ကာစရာရှိနေခြင်းကို ရပ်ကွက်နေသူများ၏ သတင်းပေးချက်ဖြင့် သိရှိခဲ့ခြင်းဖြစ်သည်။ သက်ဆိုင်ရာမှ ရှာဖွေခွင့်ဝရမ်းဖြင့် ၀င်ရောက်ရှာဖွေချိန်တွင် ဖမ်းဆီးမိသော အမျိုးသားသည် စိတ်ကြွဆေးပြားများ သိမ်းဆည်းထား သော နေရာကို အသာတကြည်ပြသခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
စိတ်ကြွဆေးပြားများ အမြောက်အမြား ဖမ်းဆီးမိသော တိုက်ခန်းသည် ပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုနေခြင်းဖြစ်ပြီး ဖမ်းဆီးရမိသော အမျိုးသားသည် ၁၂၃ လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal Facebook

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်