အတင့်ရဲလာတဲ့ ဆိုက်ကားသမားတွေကို အရေးယူပိုင်ခွင့်မရှိဘူးဆိုသတဲ့



မေလ ၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ၆ရပ်ကွက်တွင် တိုက်နေပြည်သူတစ်ဦးနှင့် တိုက်လှေကားပိတ်ရပ်ထားသော ဆိုက်ကားသမားတစ်ဦးနှင့် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲများ အချင်းများခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့တော်ခန်းမရုံးစိုက်ရာ ကျောက်တံတားမြို့နယ် ၆ရပ်ကွက်အတွင်းရှိ တိုက်ခန်းတစ်ခန်း၏ တိုက်လှေကားအောက်တွင် ဆိုက်ကားနှစ်စီး တိုက်လှေကားဝင်ပေါက်အား ပိတ်ဆို့ရပ်တန့်ထားသဖြင့် လှေကားတက်ရန်အတွက် တိုက်နေအမျိုးသမီးးတစ်ဦးက ဖယ်ပေးရန် ပြောဆိုရာမှ ဆိုက်ကားသမားတစ်ဦးက မချေမငံပြောဆိုပြီး ရန်ရှာခဲ့သဖြင့် လမ်းထိပ်ရှိ စည်ပင်ရဲများနှင့် စည်ပင်သာယာဝန်ထမ်းများကို တိုင်ကြားခဲ့သော်လည်း ပုဂ္ဂိုလ်ရေးမကျေမနပ်ချက်သာဖြစ်ပြီး ၄င်းတို့နှင့် သက်ဆိုက်မှုမရှိကြောင်း ဆိုက်ကားများအား စည်ပင်မှ အရေးယူပိုင်ခွင့်မရှိကြောင်း စည်ပင်ရဲတပ်သားနှစ်ဦးနှင့်အတူ  တာဝန်ကျသော စည်ပင်မှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မင်းဦးဆိုသူက မချေမငံပြောဆိုသော ဆိုက်ကားသမားအား တိုင်ကြားခဲ့သူ တိုက်နေပြည်သူတစ်ဦးအား အများပြည်သူရှေ့မှောက်တွင် ရှင်းလင်ပြောဆိုခဲ့သည်ကို ကမ္ဘာ့ရွာကလေးဆိုက်ဒ် သတင်းထောက်ကိုယ်တိုင် မျက်မြင် ကြားတွေ့ခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်သွားသော မချေမငံပြောဆိုခဲ့သူ ဆိုက်ကားသမား

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့လည်း မမြင်ဘူးဗျာ၊ မြင်ရင်တော့ အရေးယူပါတယ်။”ဟူသော ၄င်းစည်ပင် အရာရှိတစ်ဦးမှတိုက်နေပြည်သူအားပြောဆိုမှုကို အခုဟာက အစ်ကိုတို့ရှေ့မှာ ဖြစ်နေတာလေ အရေးမယူဘူးလားဟု တိုက်နေပြည်သူက ပြန်လည်မေးမြန်ရာ ကားတွေနဲ့ သာလိုက်ဖမ်းခြင်းဖြစ်ကြောင်း ယခု ကားမရှိသဖြင့် ဖမ်းလို့မရကြောင်း အများပြည်သူရှေ့မှောက်တွင် ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုက်ကားသမား မချေမငံပြောဆိုကာ ရန်ရှာမှုကို ခံခဲ့ရသူ၏ မိသားစုဝင်တစ်ဦးက “ကိုမျိုးမင်းဦးဆိုတဲ့ စည်ပင်ရဲတပ်သားတစ်ယောက်ကတော့ တာဝန်ယူဖြေရှင်းပေးပါတယ်။ 

ကာယကံရှင်တွေ ကျေနပ်သည်အထိ တောင်းပန်ခိုင်းပါ့မယ်၊ ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှုပပျောက်အောင် လုပ်ပေးချင်တာပါလို့ပြောပြီး တောင်းပန်ခိုင်းပေမယ့် ဆိုက်ကားသမားက မတောင်းပန်နိုင်ဘူး၊ တောင်းပန်စရာမလိုဘူးလို့ပြောတယ်၊ သူအနေနဲ့ မတောင်းပန်လို့ အမှုဖွင့်မယ် စည်ပင်ရဲက ဖမ်းပြီး ရဲတပ်ဖွဲ့ကို လိုက်အပ်ပေးပါလို့ ပြောတော့လည်း ကိုမျိုးမင်းဦး ကူညီပေးပေမယ့် စည်ပင်က လက်ထောက်ကြီးကြပ်ရေးမှူး ဇော်မင်းဦးဆိုသူနဲ့ တခြား စည်ပင်ရဲတပ်သားတစ်ဦးက သူတို့နဲ့မဆိုင်ဘူး၊ ဒါတွေက အမကြီးတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေလို့ ပြောတယ်ဆိုတော့ အများပြည်သူသွားလာတဲ့လမ်းမှာ အများပြည်သူနေထိုင်တဲ့ တိုက်လှေကားဝတွေ ပိတ်ဆို့ရပ်ပြီး လမ်းဖယ်ပေးဖို့ ပြောတဲ့လူတွေကို ရန်ရှာနေတာကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ဆိုပြီး မဖြေရှင်းပေးနိုင်တာ၊ သူတို့မှာ အရေးယူပိုင်ခွင့်မရှိဘူးဆိုတာတွေက သူတို့ကို ဘာလို့လမ်းမှာ ထားထားလဲ၊ မလိုအပ်ဘူးလေ၊ ဒါလား ရဲတွေ၊ ပြည်သူကို တော်တော်ကာကွယ်ပေးတယ်လို့ ပတ်ဝန်းကျင်ကလည်း ပြောသွားကြတယ်လေ၊ ဒါတွေက တကယ်အဖြစ်အပျက်တွေ”ဟု ပြောပြသည်။

ယင်းနောက် စည်ပင်များနှင့် စည်ပင်ရဲများက ဆိုက်ကားသမားတွေကို သွားခိုင်းပြီး ၄င်းတို့ကို ရှာမတွေ့တော့ဘဲ ခေါ်ယူမပေးသဖြင့် စည်ပင်မှ ကာကွယ်ပေးသည်ဟု အများမှ ထင်စရာဖြစ်ခဲ့သည်။ ထို့အပြင် ၄င်းစည်ပင်ရဲများမှ အဝေးသို့ထွက်ခွာသွားပြီး ရှောင်ဖယ်သွားကြသဖြင့် အဆင့်ဆင့် တိုင်ကြားခဲ့သော်လည်း မည်သို့မျှ မထူးခြားဘဲ လက်လျှော့ခဲ့ကြပြီး ကာယကံရှင်များရော ပတ်ဝန်းကျင် ပြည်သူများပါ သက်ဆိုင်ရာတို့၏ လုပ်ရပ်ကို ၀မ်းနည်းဖွယ် မျက်မြင်တွေ့ရှိခဲ့ကြရသည်။
“သိတဲ့အတိုင်း အစိုးရကတော့ မူဝါဒတွေ ကောင်းတယ်။ ဘာလုပ်မယ် ညာလုပ်မယ်နဲ့ တစ်ရေးနိုးထလုပ်တယ်။ ပြီးရင် ငြိမ်သွားကော။ တိုင်လို့ရှိရင်လည်း ဟိုလူနဲ့ မဆိုင် ဒီလူနဲ့မဆိုင်သလိုပဲ။ သူတို့တွေက စည်ပင်တွေကို ပိုက်ဆံပေးထားလို့ မဖမ်းတာလားဆိုတာ သံသယဖြစ်စရာပဲလေ။ သတင်းစာမှ ကြေငြာစရာမလိုဘူး ကျွန်တော်တို့ တကယ့်အပြင်မှာ အမှန်တကယ် ကြုံတွေ့မြင်နေရတာတွေကို ပြည်သူတိုင်းသိတယ် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ရပ်က အစိုးရနဲ့ နိုင်ငံရဲ့ ပုံရိပ်ကိုထင်ဟပ်စေတယ်လေ ဒီတော့က အစိုးရကို ဘယ်ပြည်သူက ယုံတော့မှာလဲ၊ အရေးယူတယ်ဆိုတာ သတင်းစာမှာပဲ တွေ့နေရတယ်။ တကယ်ဆင်းကြည့်ပါဦး ကျွန်တော်တို့ ပြည်သူတွေ ဘယ်မှာမှ တိုင်လို့မရဘူး။ ဒါလူတိုင်းအသိပါ သတင်းစာဖတ်စရာမလိုဘူး”ဟု အချင်းများရာနေရာရှိ လူငယ်တစ်ဦးက ပွင့်လင်းရင်းနှီးစွာပြောပြသည်။

နိုင်ငံပိုင်သတင်းစာများမှ ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုက်ကားများအား တားမြစ်ထားပြီး အရေးယူမည်ဟု ကြေညာထားသော်လည်း အမှန်တကယ်တွင်မူ စည်ပင်နှင့် ဆိုက်ကားများ အပေးအယူတည့်စွာဖြင့် နေ့ခင်းများတွင်ပင် စည်ပင်များရှေ့တွင် ပေါ်ပေါ်တင်တင်နှင့် စည်းကမ်းမဲ့ သွားလာနေကြောင်း မြို့နေပြည်သူများ နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ အချို့သောနေရာများတွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို စနောက်ခြင်းများ၊ တစ်ချို့ဆိုက်ကားသမားများသည် ပြည့်တန်ဆာ ပွဲစားများအဖြစ်ပါ လုပ်ဆောင်နေကြသည်။ ထို့အပြင် လမ်းသွားလမ်းလာများအား အနှောက်အယှက်ပြု ရန်ရှာလာသည်အထိ အတင့်ရဲလာကြပြီး ပြည်သူများကလည်း စည်ပင်အားကိုး မိုက်နေကြသော သေမထူးနေမထူး ငမိုက်သားကြီးများကို တိုင်ခွင့်မရသဖြင့် ကြောက်နေကြရသည်။

အချင်းများရာနေရာမှာ မြို့တော်ခန်းမရှိရာ ရန်ကုန်မြို့လယ်ခေါင်ဖြစ်ပြီး ၃၈လမ်းစည်ပင်ရုံးရှိပြီး ယင်း၏အနီးတစ်ဝိုက်တွင် ဆိုက်ကားဂိတ်များ ပေါများစွာ ရှိလာခြင်းသည် တရားဝင် ခွင့်ပြုလာခြင်း ဖြစ်သည်ဟု ပြည်သူများ ထင်မြင်နေကြသည်။
မိုးစက် (မြန်မာအွန်လိုင်းမီဒီယာဂရုပ်)

0 မှတ်ချက်များ: