စည်ပင်တွေတောင် ကြောက်နေရပြီလား



စည်ပင်များနှင့် စည်ပင်ရဲများသည် ဈေးသည်များ၏ မလေးစားမှုနှင့် ပြန်လည် ရန်ရှာလာမှုများကြောင့် ညအခါတွင် ကားများဖြင့်လှည့်လည်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်း ဦးထုပ်များနှင့် နံပါတ်တုတ်များဖြင့် လှည့်လည်လာကြရပြီး စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များအား အရေးမယူရဲလာကြကြောင်း နေ့စဉ် မျက်မြင်တွေ့ရှိမှုများကြောင့် ပြည်သူများအကြား ဝေဖန်ပြောဆိုစရာများ ဖြစ်လာကြသည်။
ထို့အပြင် သတ်မှတ်ချက်များထုတ်ပြန်ပြီး ဈေးသည်များအား စည်ပင်များက ကားများဖြင့် လိုက်လံသတိပေးကြေငြာနေမှုကိုလည်း နေ့စဉ်တွေ့မြင်နေရသောလည်း ၄င်းတို့လိုက်လံကြေငြာနေချိန်မှာ ည၁၀နာရီကျော်ဖြစ်သဖြင့် ဈေးသည်များမရှိဘဲ မြို့နေပြည်သူများနှင့် သက်ကြီးရွယ်အိုများ၏ တရားအားထုတ်မှုနှင့် အိပ်စက်မှုကို အနှောက်အယှက်သာဖြစ်စေကြောင်း အမှန်တကယ် အလုပ်မလုပ်ဘဲ အလုပ်လုပ်ပြနေခြင်းလားဟု သံသယဖြစ်ဖွယ်ဖြစ်ကြောင်း အမှန်တကယ် သတိပေးကြေငြာလိုလျှင် နေ့ခင်းပိုင်း ဈေးသည်များရှိနေချိန်တွင် ကြေငြာပြီး လိုက်နာမှုမရှိမှုများကို အမှန်တကယ် အရေးယူသင့်ကြောင်း ပြည်သူများက မြင်တွေ့မှုများကို ရင်ဖွင့်ပြောဆိုနေကြသည်။
“စည်ပင်တွေ ညဆိုကားနဲ့လှည့်တယ် လှည့်တဲ့အချိန်က  ၁၀နာရီကျော်ပြီ ရပ်ကွက်တွေမှာ ဈေးသည်ဆိုတာ မရှိတော့ဘူး၊ လူတွေ အိပ်ချိန်၊ သက်ကြီးပိုင်းတွေဆို အိပ်ကုန်ပြီ၊ တစ်ချို့ တရားအားထုတ်တယ်၊ သူတို့အတွက် စိတ်အနှောက်အယှက်ဖြစ်တယ်၊ လှည့်ပြီး အဖြစ်ရှိအောင်လည်း မလုပ်ဘူး၊ အထွေအထူးပြောစရာမလိုဘူး လူတိုင်း မျက်မြင်ကိုယ်တွေ့ပဲ။ ဘယ်သူ့မေးမေး ဖြစ်ရပ်မှန်ကို လူတိုင်းသိတယ်။ လသာတို့ဘက်မှာဆိုရင်တော့ ဈေးသည်တွေရှိသေးတယ်။ ဒါပေမယ့် သူတို့ကားရပ်တယ် လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ် ပြီးတော့ ဘာမှလည်း မဟုတ်ဘူး၊ အရေးယူတာလည်း မဟုတ်ဘူး တားဆီးတာလဲမဟုတ်ဘူး၊ နိုင်ငံ့ဘဏ္ဍာအကုန်ခံ ဆီကုန်ခံပြီး ကားပတ်မောင်း လမ်းပတ်လျှောက်သလိုပဲ၊ ကျွန်တော်တို့ အခွန်ဆောင်ပေးတာ သူတို့ကို လျှောက်လည်ဖို့ မဟုတ်ဘူး”ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
တစ်ချိန်တစ်ခါကလည်း စည်းကမ်းမဲ့ ရောင်းချနေသော ဈေးသည်တစ်ဦး၏ စည်းကမ်းမဲ့ ကွမ်းထွေးမှုကို ခံရပြီး တောင်းပန်ခြင်းမပြုသည့်အပြင် ဟားတိုက်ရယ်မောပြီး ကွမ်းတံတွေးထွေးခံရသူမှ ပြန်လည် ပြောဆိုသောအခါ ဆဲဆိုရန်ရှာခြင်းသာခံရပြီး စည်ပင်မြို့နယ်ရုံးတိုင်ကြားခဲ့သော်လည်း ထမင်းစားချိန်ဖြစ်သည့်အတွက် ၁၂နာရီခွဲရင် လာဖြေရှင်းပေးမည်၊ ခဏစောင့်ပါဟု ချိန်းဆိုထားသောလည်း အမှန်တကယ် ချိန်းဆိုထားသော နေရာသို့ လာရောက်ဖြေရှင်းပေးခြင်းမရှိဘဲ နေပူထဲတွင် စောင့်ခဲ့ရသဖြင့် စည်ပင်နှင့် စည်ပင်ရဲများကို အယုံအကြည်မရှိတော့ဘဲ ပြန်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံခဲ့သူ အသက်၂၃နှစ်အရွယ် အမျိုးသားကပြောပြသည်။
ယခုအခါတွင် သက်ဆိုင်ရာမှ အမှန်တကယ်အရေးယူခြင်းမရှိသည့်အတွက် လမ်းဘေးဈေးသည်များနှင့် ဆိုက်ကားများသည် အတင့်ရဲလာပြီး လမ်းသွားလမ်းလာ ပြည်သူများကို အမှုမထားဘဲ ရိုင်းစိုင်းလာကြကြောင်း သက်ဆိုင်ရာအပေါ်လည်း မလေးမစား မထီမဲ့မြင်ပြုလာပြီး ဥပဒေကို ရဲတင်းစွာ ကျောခိုင်းလာလျက်ရှိသည်နှင့် စည်ပင်များမှလည်း ၄င်းတို့လုံခြုံရေးအတွက် မပြောမဆိုရဲဘဲ ၀တ်ကျေတန်းကျေသာ လှည့်လည်ပြီး ဦးထုပ်နှင့် နံပါတ်တုတ်များ ကိုင်ဆောင်ကာ လှည့်လည်နေရသည်ကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသဖြင့် ပြည်သူမျာမှ စည်ပင်များအပေါ် အယုံအကြည်မဲ့ပြီး ဝေဖန်မှုများလည်း ရှိလာခြင်းဖြစ်သည်။
မိုးစက် (မြန်မာအွန်လိုင်းမီဒီယာဂရုပ်)

0 မှတ်ချက်များ: