ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် လွန်ခဲ့သည့် မေလ ၃ ရက်၌ နှုတ်ထွက်သွားသော ဝန်ထမ်းများအနက်အချို့မှာ ငွေကြေး အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း Orchid Hotel မှ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောကြားသည်။
ယင်းဝန်ထမ်းများသည် မေလ ၂ ရက်နေ့အထိ အလုပ်ဆင်းခဲ့ပြီး ၃ ရက်နေ့တွင် တာဝန်လွှဲအပ်မှု တစုံတရာ မပြုလုပ်ဘဲ အလုပ်မှနှုတ်ထွက်စာ တင်ခဲ့ကြောင်း၊ ယင်းဟိုတယ်ရှိ တာဝန်ရှိသူများမှ ငွေစာရင်းတာဝန်များ စနစ်တကျလွှဲပေးပါရန် သုံးကြိမ်တိုင်တိုင် စာပို့၍ အကြောင်းကြားခဲ့ပြီး ၄၉ ရက်တိုင်တိုင် စောင့်ဆိုင်းပေးခဲ့သော်လည်း လာရောက်တွေ့ဆုံခြင်း မပြုလုပ်ခဲ့ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“သူတို့ဘက်က အကြောင်းကြားခဲ့သလို ကျွန်မတို့ဘက်ကလည်း မေးချင်တာ သိချင်တာ ရှိရင် ကျွန်မတို့ အိမ်ကိုဖြစ်စေ Orchid မဟုတ်တဲ့ တခြားနေရာကို လာလို့ ရတယ်လို့ ဖုန်းနဲ့ရော စာနဲ့ပါ အကြောင်းကြားခဲ့ပါတယ်” ဟု Chief Accountant က ပြောကြားသည်။
ယင်းကဲ့သို့ လာရောက်တွေ့ဆုံခြင်း မပြုလုပ်ခဲ့သည့်အတွက် ပြင်ပစာရင်းစစ်အဖွဲ့များ ငှားရမ်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ USD $ 12372 (ကျပ် သိန်း ၁၂၀ ခန့်) လျော့နည်း ပျောက်ဆုံးနေကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများဖြစ်သော ဘဏ္ဍာရေး တာဝန်ခံ ၊ Chief Accountant၊ Credit Collector နှင့် ငွေကိုင်တို့အား ပုဇွန်တောင် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ဦးဌေးအောင်က ပြောကြားသည်။
“ငွေကျပ်သိန်း ၁၂၀ လောက် လျော့နည်း ပျောက်ဆုံးနေတယ်ဆိုတာ သူတို့ တစ်ဖက်သတ် စစ်တဲ့အတွက် စာအုပ်အကုန်မပါလို့ ကျန်နေတဲ့ ဟာတွေ ရှိနေလို့ gap ဖြစ်နေတာလားပေါ့။ ကျွန်တော်တို့ကို တရားစွဲတဲ့ကိစ္စကိုလည်း
ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ကာယကံရှင်တွေ အကုန် လုံးက တစ်ပြိုင်တည်း ဝုန်းခနဲ ထွက်သွားတဲ့အခါကျတော့ လိုရာစွဲစစ်တဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို မတရားလုပ်နေတာပါ”ဟု တရားစွဲဆိုခံထား ရသူ Orchid Hotel မှ GM ဟောင်း ဘဏ္ဍာရေးတာဝန်ခံက ပြောကြားသည်။
“အမှုဖွင့်ထားတယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာပါတယ်။ ကျွန်မတို့ဘက်ကလည်း နားလည်တတ်ကျွမ်းသူတွေနဲ့ ဖြေရှင်းဖို့ စီစဉ်နေပါ တယ်။ ဒီကိစ္စမှာ ကျွန်မက စာရင်းပဲ ကိုင်ခဲ့ရတာပါ။ ငွေကိုင်ခဲ့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ်” ဟု Chief Accountant က ပြောကြားသည်။
ယင်းကိစ္စများ ဖြစ်ပွားပြီး မကြာမီတွင် မီးခံသေတ္တာဖောက်ထွင်းမှု ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းဝန်ထမ်းအား ဌာနမှ ထုတ်ပယ်ခဲ့ပြီး ရဲမှ တရားရုံးသို့ လွှဲပြောင်း တရားစီရင်လျက်ရှိကြောင်း၊ လက်ရှိတွင် အလုပ်မှ နှုတ်ထွက်သွားသူနှင့် ထုတ်ပယ်ခံခဲ့ရသူ စုစုပေါင်း ၂၀ ဝန်းကျင်ခန့် ရှိကြောင်း ဟိုတယ်ဝန်ထမ်းများထံမှ သိရသည်။
The Myanma Age

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်