တပ်မတော်မှ အရာရှိများ သုံးထောင်ခန့်သည် ရဲတပ်ဖွဲ့သို့ ဒုရဲမှူးအဆင့်မှ ဒုတိယရဲမှူးကြီးအဆင့်ထိ နေရာများသို့ အသွင်ကူးပြောင်းမည်ဟု ရဲတပ်ဖွဲ့တွင်း သတင်းများ ထွက်ပေါ်နေကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရသည်။
"သုံးထောင်လောက် တပ်မတော်ကနေ ရဲတပ်ဖွဲ့ကို အင်အားကူးပြောင်းလာမယ်လို့ ကြားနေရတယ်၊ တပ်မတော်ကနေ ရဲကို ကူးရင် ရာထူးတစ်ဆင့်မြှင့်ပြီး ပြောင်းတယ်၊ အခုလာမှာတွေက သူတို့မှာ ဗိုလ်အဆင့်ဆိုတော့ ဒီမှာ ဒုရဲမှူးအဆင့်ကစပြီး ဒုတိယရဲမှူးကြီးအဆင့်တွေအထိ ပြန်တန်းဝင်အဆင့်တွေပဲ လာမယ်လို့ ကြားနေရတာပေါ့၊ အတိအကျတော့ ကျွန်တော်တို့လည်း မပြောရဲသေးဘူး။"ဟု ရဲမှူးတစ်ဦးက ပြောပြသည်။
ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းက ယခုအချိန်ထိပင် တပ်မတော်မှ ရဲဘက်သို့ ပြောင်းလျှင် တပ်ဘက်မှ လက်ရှိ ရာထူးထက် ရဲဘက်တွင် ရာထူးတစ်ဆင့် တိုးမြှင့် ရရှိလျက်ရှိပြီး အများစု တပ်မတော်သားများ ရဲတပ်ဖွဲ့သို့ ရောက်ရှိသူများသည် ရဲလုပ်ငန်းသဘောတရားများကို နားလည် တတ်ကျွမ်းမှုများ မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက တပ်ဘက်မှ ပြောင်းလာသော အထက်အရာရှိများကို ပြန်လည် သင်ကြားပေးရခြင်းများလည်း ရှိကြောင်းသိရသည်။
"အရင်က ဒုတိယရဲမှူးကြီးတွေဆိုတာ ကျွန်တော်တို့ မသိ နားမလည်တာတွေကို သင်ကြား ပြသပေးကြတယ်။ အခု ဒုရဲမှူးကြီးတွေက တပ်ဘက်က လာတာတွေဆိုတော့ ရဲလုပ်ငန်း ဘာမှနားမလည်တော့ ကျွန်တော်တို့က သူတို့ကို ပြန်ပြီး မတတ်တာတွေ မသိနားမလည်တာတွေ ပြန်သင်ပေးနေရတော့ ကျွန်တော်တို့လို ရာထူးငယ်တဲ့လူတွေက အထက်ကို ပြန်လမ်းညွှန်နေရမှတော့ ရဲတပ်ဖွဲ့ကြီး ပျက်ဖို့ပဲရှိတော့တာပေါ့၊ သူတို့ မှားယွင်းလုပ်ဆောင်တာတွေကို ပြန်ပြင်ပေးနေရတာတွေကလည်း အလုပ်ကြန့်ကြာ နှောင့်နှေးတာတွေ ပြည်သူတွေနဲ့ မသင့်မြတ်မှုတွေ ဖြစ်ပေါ်စေနိုင်တာပေါ့။ တပ်က တပ်၊ ရဲက ရဲပဲ အစစ်မှန် နေရာမှန်တွေ ဖြစ်စေချင်တယ်။ သူတို့ ရဲလုပ်ချင်တယ်ဆိုရင် အစကတည်းက ရဲထဲဝင်၊ ရဲလုပ်ငန်းလေ့လာ၊ တတ်ကျွမ်းရင် စာမေးပွဲဖြေပြီး အရည်အချင်းမှီရင် ရာထူးတိုးပေါ့၊ အခုဟာက ရဲမှာ လူကြီးလုပ်ချင်လို့ တပ်ထဲဝင်တာတွေ များလာတော့ ရဲတွေက တတ်တဲ့လူတွေ နေရာမရဘဲ ရဲတွေလည်း စိတ်ဓာတ်တွေ ကျလာတာပေါ့"ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ပြန်တန်းဝင်အဆင့် ရဲအရာရှိ တစ်ဦးက ပြောပြသည်။
တပ်ဘက်မှ အမြဲမပြတ် ဆေးစစ်နေမှုများလုပ်ဆောင်လျက်ရှိပြီး ဆေးကျသူများ၊ တီဘီရောဂါတွေ့ရှိသူများကို ရဲဘက်သို့ ရာထူးတစ်ဆင့် တိုးမြှင့်ပြီး ပေးပို့မှုများလည်း ရှိပြီး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အိုနာကျိုးကန်းများစုဖွဲ့ထားသော လူ့အဖွဲ့အစည်းအသွင် သရော်မှုများလည်း ကြားသိနေရသည်။
ပြည်သူ့အသံ သတင်းအမှန်
သတင်းဇာနည် သတင်းအဖွဲ့
တပ်မတော်မှ အရာရှိများ အင်အားသုံးထောင်ခန့် ရဲသို့ အသွင်ပြောင်းမည်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်