မြန်မာနိုင်ငံရှိ တိုင်းပြည်နှင့် လူမျိုးအတွက် ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များတွင် စစ်ဘက်၊ ရဲဘက် အရာရှိငယ်များနှင့် တပ်ဖွဲ့ဝင်များသည် အလုပ်တာဝန်များသာမက အထက်လူကြီးများနှင့် လူကြီးကတော်များအတွက်ပါ ပုဂ္ဂိုလ်ရေး အလုပ်များ များစွာ လုပ်ဆောင်ပေးနေကြရကြောင်း စစ်ဘက်၊ ရဲဘက်တို့မှ တပ်တွင်း သတင်းများအရ သိရသည်။
"ကျွန်တော် အလုပ်ကိစ္စနဲ့ ခရီးသွားတိုင်း တပ်ဖွဲ့မှူးက ဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်း၊ သူ့မိန်းမကလည်း ဟိုဟာမှာ ဒီဟာမှာ၊ ဟိုလမ်းကြုံသွားခိုင်း ဒီလမ်းကြုံသွားခိုင်းနဲ့ အလုပ်ကိစ္စပြီးတော့ နားချိန်တောင်မရှိဘူး၊ သူတို့ကိစ္စတွေလုပ်ပေးနေရတာချည်းပဲ လူကြီးမို့သာ မပြောရဲကြတာ၊ သူတို့ဟာတွေ လုပ်ပေးတာတောင် အပြန်နောက်ကျရင် အပြစ်ဖြစ်သေးတယ်၊ အရေးယူခံရတော့ လုပ်ရကိုင်ရခက်တာပေါ့"ဟု ရဲအုပ်တစ်ယောက်က ၄င်းကြုံတွေ့ရသည်ကို ပွင့်လင်းစွာ ပြောပြသည်။
ထို့အပြင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များအတွင်း ရဲအုပ်နှင့် တူညီသော အဆင့်ရှိသည့် အရာရှိငယ်များနှင့် တပ်သားအဆင့် တပ်ဖွဲ့ဝင်များ၊ ၄င်းတို့၏ ဇနီးသည်များကပါ အထက်လူကြီးများ၏ အိမ်များတွင် အိမ်စေသဖွယ် ဆောင်ရွက်ပေးရခြင်းမျိုးလည်း ရှိကြောင်း နီးစပ်သူများ၏ အဆိုများအရသိရသည်။
"ရဲမှာတောင် ဒုရဲအုပ် မိန်းမကတောင် ရဲမှူးကြီးတွေ အိမ်မှာ အိမ်စေလို သွားပြီး အ၀တ်လျှော်ပေး၊ ပန်းကန်ဆေးပေးရတာတွေ ရှိတာ မြင်နေရတယ်၊ စစ်တပ်ဆိုရင် ပိုးဆိုးတာပေါ့၊ ကျွန်မတို့လည်း တပ်ဖွဲ့ဝင် ဇနီးသည်ဆိုပြီး မနားရဘူး၊ ၀တ်ရွတ်တာတို့၊ ကျပန်းပြိုင်တာတို့ နောက်ပြီး တပ်ရင်းမှူးရဲ့ အိမ်မှာ သွားပြီး ပန်းကန်ဆေး၊ အ၀တ်လျှော်ပေးနေရတယ်"ဟု ရခိုင်ပြည်နယ် ရဲတပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင် ဇနီးသည်တစ်ဦးက ရင်ဖွင့် ပြောကြားသည်။
လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံတော် ကာကွယ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက်ဟု ဆိုသော်လည်း အမှန်တကယ် တိုင်းပြည်တာဝန်များအပြင် အထက်လူကြီးများသာမက ၄င်းတို့၏ လူကြီးကတော်များအတွက်ပါ ပုဂ္ဂိုလ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရခြင်းသည် တိုင်းပြည်နှင့် လက်နက်ကိုင် တပ်ဖွဲ့၏ ပုံရိပ်ကို ဆိုးရွားစွာ အကျည်းတန်စေသည်။
ရခိုင်ပြည်နယ် ရဲတပ်ရင်းတစ်ခုမှ အတိုင်ခံထားရသော တပ်ရင်းမှူးတစ်ဦးသည် ၄င်း၏ အမျိုးသမီး နေထိုင်ရာ မန္တလေးအိမ်တွင် တပ်ဖွဲ့ဝင် အချို့အား စေလွှတ် ထားရှိပြီး အိမ်မှုကိစ္စများပါ ဆောင်ရွက်ပေးနေရကြောင်း ယင်းတပ်ရင်းမှ တပ်ဖွဲ့အချို့၏ ပြောကြားချက်များအရ သိရှိရသည်။
တပ်တွင်း နီးစပ်သူအချို့၏ ပြောကြားချက်နှင့် လတ်တလော ပြည်သူများ သိရှိခဲ့သော ယခင် အငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ ဖိုးလပြည်ထံတွင်လည်း တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးအဆင့်ရှိ အရာရှိများက သက်တော်စောင့်အဖြစ် လုပ်ဆောင်ပေးနေရခြင်းများ၊ အိမ်တွင် တပ်ဖွဲ့ဝင်များအား ခေါ်ယူ စေခိုင်းနေခြင်းများနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးဟုဆိုသော်လည်း အရပ်သားတစ်ဦး၏ လက်ဝယ်တွင် စကားပြောစက်ကိုင်ဆောင်ပြီး တပ်ဖွဲ့ဝင်များအား လမ်းကြောင်းရှင်းခိုင်းမှုနှင့် အမိန့်ပေးစေခိုင်းနေမှုများသည်လည်း ဆက်သွယ်ရေးဥပဒေနှင့် အခြားဥပဒေများနှင့်ပါ ညှိစွန်နေပြီး ယင်းကို ခွင့်ပြုထားရှိမှုသည် ဖိုးလပြည့်သည် သမ္မတကြီးပေါ် အာဏာလွှမ်းမိုမှုများ ရှိနေသလားဟုပင် ပြည်သူများအကြား အထင်လွဲမှားစရာတစ်ခုပင်ဖြစ်သည်။
ယင်းအချက်ကြောင့်လည်း အခြားသော တပ်ဖွဲ့အရာရှိများသည်လည်း အတုယူ အတတ်သင်ပြီး တပ်ဖွဲ့သည် သူတို့၏ မိသားစုအတွက်ဟု ထင်ယောင်ထင်မှား လမ်းမှာလိုက်တတ်သည်။
သတင်းဇာနည် သတင်းအဖွဲ့
လက်နက်ကိုင်တပ်ဖွဲ့များ တိုင်းပြည်နှင့် လူမျိုးအတွက်လား လူကြီးကတော်များအတွက်လား
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်