အိန္ဒိယတွင် ၂ နှစ်ကျော် ထောင်ချခံရသည့် မြန်မာရေလုပ်သား တစ်ရာကျော်ပြန်ရောက်

အကြောင်းအမျိုးမျိုးဖြင့် အိန္ဒိယ ရေပိုင်နက်ရောက်ရှိ၍ အိန္ဒိယအကျဉ်းထောင် တွင် ၂ နှစ်ကျော် ဖမ်းဆီးခံထားရသည့် မြန်မာ့ရေလုပ်သား ၁၂၃ ဦး ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ် ၄၀ က MAI လေကြောင်းလိုင်းဖြင့် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သား ၁၂၃ ဦးသည် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ရေလုပ်သားများ ပါဝင်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ ရေလုပ်သား ၉၉ ဦးဖြင့် ရေလုပ်သား ပမာဏအများဆုံး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေး ဦးစီးဌာန(နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

ရေပိုင်နက် ဖြတ်ကျော်ရေလုပ်သား အရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့် မြန်မာ အစိုးရကြား အစိုးရချင်းညှိနှိုင်းမှု များကြောင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး ၄င်းတို့ကို နေရပ်အထိ လိုက်လံပို့ဆောင် မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
သို့ရာတွင် နေရပ်ပြန် ရေလုပ်သား များအတွက် အလုပ်အကိုင်များအတွက် ကိုမူ စီစဉ်ပေးနိုင်ခြင်း မရှိသေးဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

"ရှင်းရှင်းပြောရရင် သူတို့ကို ကျွန်တော်တို့ တားလို့မရပါဘူး။ အခုပြန်လာပေမယ့် ထပ်ပြီးငါးဖမ်းရင်း နယ်ကျော်သွား နိုင်ပါတယ်" ဟု ၄င်းကဆိုသည်။

အိန္ဒိယရေပြင်ပိုင်နက် အတွင်း ငါးဖမ်းရင်း ရောက်ရှိသွားခဲ့ရာမှ ထောင်ဒဏ်သုံးနှစ် လေးလ ကျခံရပြီး ထောင်အတွင်း၌ တုတ်ဖြင့် ရိုက်နှက်ခံရခြင်းများ ရှိရာ ဘာသာစကား နားမလည်သဖြင့် အခက်အခဲများ စွာရှိခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်မှ ဦးမင်းဇော်က ဆိုသည်။
"အိန္ဒိယရေပိုင်နက်ကို ကျော်သွားမှန်း အိန္ဒိယရေတပ်က ဖမ်းမှပဲသိတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ဇာတိ နေရပ်ပြန် ရေလုပ်သားတစ်ဦး ဖြစ်သော ဦးမျိုးလွင်က ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ရေပိုင်နက်ကို ကျော်လွန်သော ပြစ်ဒဏ်အတွက် မူလက ထောင် ဒဏ်လေးလ သတ်မှတ်ခဲ့ရာမှ အဆင့်ဆင့် တိုးမြှင့်လာရာ လက်ရှိတွင် ထောင်ဒဏ် လေးနှစ်အထိ ပြစ်ဒဏ်ပေးခံ ရရှိခြင်းကြောင့် မြန်မာရေလုပ်သားများ ပိုင်နက် ကျော်လွန်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် သတိရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က သတိပေးပြောကြားသည်။

"ရေလုပ်သားတွေက သင်္ဘောစက် ပျက်လို့ဖြစ်ဖြစ်၊ ရာသီဥတုကြောင့်ဖြစ်ဖြစ် အိန္ဒိယရေပိုင်နက် ရောက်သွားရင် ရေလုပ်သားကတ် ပြလို့ရပါတယ်။ အခုက သူတို့ကိုယ်တိုင် ပိုင်နက်ကျော်ကြောင်း ဝန်ခံထားတယ်လေ။ ဘယ်လိုငြင်းမလဲ။ မျှော့က ဈေးကောင်းရ လာတော့ ဟိုဘက်ပိုင်နက်ထိ ရေငုပ်ပြီး ဖမ်းကြတာပေါ့" ဟု ၄င်းကဆိုသည်။

အိန္ဒိယနိုင်ငံ အတွင်းမှ မြန်မာ့ရေ လုပ်သား ၁၀၀ ကျော်ကို ၂၀၁၁ ခုနှစ်တွင် အစိုးရစရိတ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီး ယခု အကြိမ် ပြန်လည်ရောက်ရှိလာသော ရေလုပ်သား ၁၂၃ ဦးကိုမူ ထိပ်သီးစီးပွားရေး လုပ်ငန်း ကမ္ဘောဇလုပ်ငန်းစုဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာ သုံးသောင်း အကုန်ခံ၍ ၄င်း၏ MAI လေကြောင်းဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

0 မှတ်ချက်များ: