မလေးမှ ပြန်ရန် လေယာဉ်လက်မှတ်ခ မတတ်နိုင်သူ မြန်မာ ၁၇၀ ကျော် MAI အခမဲ့ ခေါ်မည်

မလေးရှားပဋိပက္ခများကြောင့် ပြန်လာလိုသူ လေယာဉ်လက်မှတ်ခ မတတ်နိုင်သည့် မြန်မာ ၁၇၀ ကျော် ကို MAI လေကြောင်းလိုင်းမှ အခမဲ့ပြန်ခေါ်မည့် အစီအစဉ်ကို ဇူလိုင် ၁၆ ရက်တွင် စတင်ပေးမည်ဖြစ် သည်ဟု MAI ၏ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

ယခုတစ်ကြိမ် အခမဲ့ခေါ်ပေးခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး MAI လေကြောင်းလိုင်းနှင့် ကမ္ဘောဇကုမ္ပဏီ အုပ်စုတို့ ပူးပေါင်းပြီး အခမဲ့ ခေါ်ယူသွားခြင်းဖြစ်သည်။

ဒေါ်မအေးမရသာက “အခမဲ့က ဟိုဘက်က အသင်းအဖွဲ့တွေရှိတယ်။ တကယ်ကို ဒုက္ခရောက်နေလို့ လက်မှတ်ခတောင် မရှိတဲ့ ပြန်လာချင်သူတွေကို ဟိုဘက်က ကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီ တောင်းလို့ ကူညီတာ။ လေယာဉ်တစ်စီးစာ ပြည့်ပြီဆိုရင် အခမဲ့ ခေါ်လာပေးတာ” ဟု ဆိုသည်။

ယင်းအပြင် MAI အနေဖြင့် လေယာဉ်လက်မှတ် ဈေးနှုန်းလျှော့ချပေးပြီး မလေးမှ ပြန်လာလိုသူများအတွက် တစ်ပတ်လျှင် သုံးကြိမ် လေယာဉ် ပျံသန်းပေးသည်။

ဇူလိုင် ၁၀ ရက်က မလေးရှားမှ MAI လေကြောင်းလိုင်းဖြင့် ပြန်ရောက်လာသူ မုံရွာမြို့မှ ကိုဆန်းမင်း ဇော်က “ဟိုဘက်မှာက အခြေအနေက ငြိမ်သွားပါပြီ။ အခု ပြန်လာတာ အကုန် အခမဲ့နဲ့ ပြန်လာတာ။ မလေးရှားမှာ အလုပ်လုပ်တာ တစ်နှစ်ခွဲရှိပြီ။ ဒီမှာပဲ ပြန်လုပ်ကိုင် စားသောက်တော့မယ်”ဟု ပြောသည်။

ပြန်လာသူများအနေဖြင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် အဆင်မပြေသည်များလည်း ရှိနေသည်ဟုလည်း အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့မှ ဒေါ်အိရွှေ စင်ညွန့်က ပြောသည်။

၎င်းက “မလေးရှားကို အလုပ်သွားလုပ်တယ်ဆိုတော့ မြန်မာပြည်နဲ့ နှုန်းထားက အများကြီးကွာတယ်။ ပြန်လာတဲ့သူ အများအားဖြင့်က ဒီမှာ အလုပ်မလုပ်နိုင်ဘူးလို့ သိရတယ်။ ရင်းနှီးမြှုပ်နှံမှုတွေများလာတာ နဲ့အမျှ အလုပ်အကိုင်ရရှိဖို့ ရှိပေမယ့် လက်ရှိ မလေးရှားက ပြန်လာသူတွေ ဒုက္ခရောက်နေတယ်လို့ သိရတယ်။ ဒီဘက်က ကူညီဆောင်ရွက်မှုက အလုပ်အကိုင်တွေ ရှာပေးတယ်။ လက်တွေ့မှာ လုပ်နိုင်တဲ့အ နေအထား ကွာခြားနေတာ တွေ့ရတယ်”ဟု ဆိုသည်။

MAI လေကြောင်းလိုင်းအနေဖြင့် မလေးရှားမှ ပြန်လာသူ ၂၀၀၀ ကျော်ကို ခေါ်ယူပေးပြီးဖြစ်သည်။

Mizzima

0 မှတ်ချက်များ: