ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄/၃ နှင့် ၁၄/၅ ကြားတွင် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်က တောင်ငူ-ရန်ကုန် ပြေးဆွဲ သည့် စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ် (၃) အမြန်လမ်းရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။
“ခရီးသည်ယာဉ်မှောက်တာ ဟုတ်ပါတယ်။ ထိခိုက်ပျက်စီးမှုကတော့ မသိရသေးပါဘူး” ဟု တောင်ငူမြို့ စေတမန် ခရီးသည်တင်ယာဉ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် တောင်ငူမှ ခရီးသည် ၂၉ ဦးတင်ဆောင်ကာ ရန်ကုန်သို့ ထွက်ခွာလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်း အရောက် ၎င်း၏ရှေ့တွင် မောင်းနှင်နေသည့် ကိုယ်ပိုင်ယာဉ် တစ်စီးကို ကျော်တက်ရာမှ အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ ပက်လက်လန်၍ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ထိန်းသိမ်းရေးမှ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောကြားသည်။
ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် လှည်းကူးမြို့နယ် ဆေးရုံသို့ တင်ပို့ကုသလျက်ရှိပြီး ဒဏ်ရာများမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရှေ့ကယာဉ်မောင်းက အိပ်ငိုက်ပြီး ဟိုယိုင်ဒီယိုင် ဖြစ်သွားတဲ့အချိန်မှာ နောက်က ကျော်တက်တဲ့ ပုံသဏ္ဌာန်ကို တွေ့ရှိရတယ်။ ဒါကြောင့် အမြန်လမ်းမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေက ရှေ့ကားကို ကျော်မယ်ဆို သတိထားသင့်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း အောင်ကျော်မိုးကို ယာဉ် (ပ) ၁၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးထားကြောင်း အမှတ်(၃) အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁/၇ နှင့် ၂/၀ အကြားတွင် ဇူလိုင်လ ၈ ရက် နံနက် ၅ နာရီကျော်က နီဆန်းကိုရိုလာ အဖြူရောင်ယာဉ်တစ်စီး ဆီပြတ်၍ ဆီဖြည့်နေစဉ် Toyota Belta အနက်ရောင်ယာဉ်က နောက်မှဝင်ရောက် တိုက်မိရာ ယာဉ်ပေါ်ပါသူ ခုနစ်ဦးအနက် နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီကျော်တွင် အမြန်လမ်း၏ မိုင်တိုင် ၂၆၂/၃ နှင့် ၂၆၂/၄ အကြားတွင် မန္တလာမင်း ခရီးသည်တင်ယာဉ်က ရှေ့တွင်မောင်းနေသည့် ဟိုင်းလပ်ဆာ့ဖ်ယာဉ်ကို ကျော်တက်ရာမှ ဟိုင်းလပ်ဆာ့ဖ်ယာဉ်က ဘယ်ဘက်သို့ ချိုးကွေ့ရာမှ ခရီးသည်ယာဉ်နှင့် တိုက်မိရာ တိမ်းမှောက်ခဲ့ပြီး ဟိုင်းလပ်ဆာ့ဖ်ယာဉ်ပေါ်မှ လေးဦးသေဆုံးခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၀၉ ခုနှစ် မေလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး ၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဖွင်လှစ်ခဲ့ပြီး လမ်းမကြီးတစ်ဖက်လျှင် အကျယ်၂၅ ပေရှိသည့် ယာဉ်သွားလမ်းနှစ်လမ်း ပါရှိကြောင်း၊ အဆိုပါလမ်းမကြီးသည် တစ်နိုင်ငံ လုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိကြောင်း မေလ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်