မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းက ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှအလုပ်သမားများ စေလွှတ်ခွင့် ပိတ်ထားခဲ့ရာမှ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၇၀ မှ စေလွှတ်မည့် လုပ်သား ၃,၀၀၀ ကျော်ရှိသည်ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
“မလေးကို အလုပ်သမားစေလွှတ်ခွင့် ပြုလိုက်တာ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ မလေးကို မဖွင့်ရင် အလုပ်လက်ခံထားတဲ့ အေဂျင်စီတွေ အလုပ်ရပ်ဆိုင်းထားရတဲ့အတွက် နစ်နာမှုတွေ ဖြစ်ပေါ်နေရလို့ပါ” ဟု ပြောသည်။
မလေးရှားသို့ မြန်မာ အလုပ်သမားများ စေလွှတ်မှု ပြန်လည် ခွင့်ပြုခြင်းမှာ ပြည်ပသို့ တရားမ၀င် သွားရောက်လုပ်ကိုင်နိုင်မှု များပြားလာနိုင်ခြင်း၊ မြန်မာအလုပ်သမားများနေရာတွင် အခြားနိုင်ငံများမှ အလုပ် သမားများကို အစားထိုးခန့်ထားရာမှ မြန်မာအလုပ်သမားတို့ အလုပ်အကိုင်အခွင့်အလမ်း လျော့နည်းလာ နိုင်ခြင်းကြောင့် ပြန်လည်ခွင့်ပြုခြင်းဟုလည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ဇူလိုင် ၂၉ ရက်က ပြောသည်။

အလားတူ အလုပ်သမားတို့၏ လုံခြုံရေးနှင့် လုပ်ငန်းခွင်အန္တရာယ်များမှ အကာအကွယ်ပေးရန်လည်း အ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို ဦးမျိုးအောင်က တိုက်တွန်းသည်။
“အဓိက ပြောချင်တာက အေဂျင်စီတွေ မလေးကို အလုပ်သမားစေလွှတ်ရင် စနစ်တကျလေး ဖြစ်စေချင် တယ်။ လွှတ်လိုက်တဲ့ အလုပ်သမားတွေ အန္တရာယ်မရှိအောင် တာဝန်ယူပေးရမယ်။ ပြီးပြီးရောပုံစံမျိုး ပို့ လိုက်တာမျိုးမဟုတ်ဘဲ အလုပ်သမားရဲ့ လုံခြုံရေးကို တာဝန်ယူပေးနိုင်တဲ့ လုပ်ငန်းခွင်ကို စေလွှတ်တာ မျိုး ရှိဖို့လိုအပ်ပါတယ်”ဟု ဦးမျိုးအောင်က ပြောသည်။
မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မည့် အေဂျင်စီများအနေဖြင့် အလုပခေါ်စာတွင် ပါရှိသည့် စက်ရုံ အမည်၊ လိပ်စာ အမှန်အတိုင်း ဖြစ်စေရန်၊ အန္တရာယ်ကင်းသော နေရာဒေသဖြစ်ရန်၊ အလုပ်ခေါ်စဉ်က က တိပေးထားသည့် လစာ၊ ခံစားခွင့်၊ အလုပ်သမားအခွင့်အရေးများအတိုင်း ပေးအပ်ရန်၊ ပြဿနာတစ်စုံတစ် ရာ ပေါ်ပေါက်ခဲ့ပါက အေဂျင်စီများဘက်မှ ထိရောက်စွာ တာဝန်ယူပေးရန် စသည့် အချက်များကို လိုက်နာရမည်ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက စည်းကမ်းသတ်မှတ်ထားသည်။
မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှ စတင်၍ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး မြန်မာ ခြောက်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ရှိခဲ့သည်။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော် ရှိပြီး တရားဝင် အလုပ်သမား သုံးသိန်း၊ တရားမ၀င် သွားရောက် လုပ်ကိုင်နေသူ လေးသောင်းနှင့် ဒုက္ခသည် အမည်ခံ ကိုးသောင်း ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်က ဆိုသည်။
Mizzima

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်