ကရင်ပြည်နယ်ရေကြီးမှု ဒုက္ခသည် နှစ်သောင်းကျော် သို့ရောက်ရှိ

မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနေမှုကြောင့် ကရင်ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွားကာ ရေဘေးဒုက္ခသည်ပေါင်း ၂၄,ဝဝဝ ကျော်အထိ ရောက်ရှိလာ နေပြီး ကယ်ဆယ်ရေးစခန်း ၇၉ခုအထိ ဖွင့်ထားရကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်တင်က ပြောကြားသည်။

မြဝတီ၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကြားအင်း ဆိပ်ကြီး၊ ကော့ကရိတ်စသည့် မြို့နယ်များ တွင် ရေကြီးနေပြီး ဒေသခံ ၂၄,၄၉၉ ဦး အတွက် စားနပ်ရိက္ခာနှင့် အထောက်အပံ့ ပစ္စည်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့က တာဝန်ယူ လုပ်ဆောင် ပေးနေကြောင်း ၄င်းကဆိုသည်။

"အနည်းဆုံး နှစ်ပေကနေ အများဆုံး ၁၀ ပေလောက်အထိ ရေကြီးတယ်။ ဒီနေ့ မိုးတွေလည်းရပ်ပြီ။ ရေလည်း ကျနေပြီ" ဟု ဦးမြင့်တင်က ဇူလိုင်လ ၃၁ရက်နေ့ အခြေအနေကို ရှင်းပြသည်။

မြဝတီမြို့တွင် ၁၄ပေခန့် ရေကြီးခဲ့ပြီး ဇူလိုင်လ ၃၁၇က်နေ့တွင် မိုးရွာသွန်းမှုများ ရပ်တန့်ကာ ရေနှစ်ပေခန့် ပြန်ကျသွားပြီ ဖြစ်ကြောင်း၊ ရေကြီးမှုဒဏ်ကြောင့် လူတစ်သောင်းဝန်းကျင်ကို ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေရပြီး လူသေဆုံး ဒဏ်ရာရမှု မရှိခဲ့ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင်လ ၃၁၇က်နေ့ ညနေ ၅ နာရီကျော်တွင် ပြောကြားသည်။

ကရင်ပြည်နယ်တွင် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကာ အဝေပြေးယာဉ်လိုင်းအချို့ပြေးဆွဲမှု ရပ်နား ခဲ့ရကြောင်း အဆိုပါ ယာဉ်လိုင်းများ ထံမှ သိရှိရသည်။

ကော့ကရိတ်မှ မြဝတီသို့ပြေးဆွဲသော လမ်းတွင် တောင်များပြိုပြီး လမ်းများ ပျက်စီးကုန်သောကြောင့် အဝေးပြေးယာဉ်များ ရန်ကုန်မှ ကော့ကရိတ် အထိသာ ပြေးဆွဲနေကြောင်း ရန်ကုန်-ကော့ကရိတ်-မြဝတီ သို့ ပြေးဆွဲသော ဝမ်ထွန်းကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။"မြဝတီလမ်းက ပျက်နေလို့ မသွားဘူး။ ကော့ကရိတ်ထိ ကိုတော့ ရေအခြေအနေ ကြည့်ပြီး သွားနေတယ်" ဟု ၄င်းက ဆိုသည်။

ကရင်ပြည်နယ်တွင် ရေဘေးဒုက္ခ ခံစားရသည့် ဒေသခံများကို လှူဒါန်းလိုသူများသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဖုန်းနံပါတ် ၀၈၅- ၂၁၁၅၂၊ ၀၈၅- ၂၃၂၁၆ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအစိုးရအဖွဲ့ ထံမှ သိရှိရသည်။

အလားတူ မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း မိုးသည်းထန်စွာ ရွာခြင်းကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ နံနက်တွင် ဘီးလင်းမြစ် ရေလျှံခြင်းနှင့်အတူ တောင်ကျ ရေများ စီးဆင်းလာသဖြင့် မိုးစပါးစိုက်ပျိုး ထားသည့် လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြုပ် ခဲ့သည်ဟု ဘီးလင်းမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မျိုးမင်း က ပြောကြားသည်။

အချို့လယ်များသည် မိုးစပါးများ မစိုက်ပျိုးရ သေးသော်လည်း ယင်းရေမြုပ် ခြင်းကြောင့် စပါးပျိုးပင်များ ပျက်စီးသွား နိုင်ကြောင်း၊ ဘီးလင်းမြို့နယ် ကျေးရွာ ၅၅ ရွာတွင် ဒေါက်ရပ်အတွင်း လယ်ဧက ၉၀၀ ကျော်သည် ရေလွှမ်းမိုးမှု ခံထားရကြောင်း ဒေါက်ရပ်ကျေးရွာ အုပ်ချုပ်ရေမှူး ဦးတင်အေးက ဆိုသည်။

"စပါးခင်းတွေက တစ်ပတ်လောက် ရေမြုပ်သွားရင် အကုန်ပျက်သွားမယ်" ဟု လယ်သမားတစ်ဦး ဖြစ်သူ ဦးတင်ရီက ဆိုသည်။

ယင်းသို့ ရေကြီးခြင်းကြောင့် ဘီးလင်းမြို့ပေါ် ငါးရပ်ကွက်ရှိ ရေဘေးကယ် ဆယ်ရေးစခန်း ၁၈ ခုတွင် လူဦးရေ ၂၂၀၀ ကျော်ကို ရွှေ့ပြောင်းထားရပြီး မြို့ပေါ် နေအိမ် ၄၇၆ လုံးသည် ရေဘေးဒဏ်ကို ခံစားခဲ့ရကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းအရ သိရှိရသည်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း မှုကြောင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် အပါအဝင်မြို့ အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

The Voice Weekly

0 မှတ်ချက်များ: