ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေသောမြန်မာယူ-၂၃အသင်းအား မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မာဒေးကားဖလားပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် မလေးရှားဘောလုံးအဖွဲ့ချုပ်မှ ဖိတ်ကြား ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာဦးစိုးမိုးကျော်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။
ယခုနှစ် မာဒေးကားပြိုင်ပွဲတွင် မလေးရှား၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြန်မာအသင်းကို မဖိတ်ကြား တော့ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ကောလာဟလများသာဖြစ်ကြောင်း ဦးစိုးမိုးကျော်က ဆိုသည်။
“၂၀၁၃ မာဒေးကားဖလားပြိုင်ပွဲမှာ မြန်မာအသင်းဝင်ပြိုင်ဖို့ မလေးရှား ဘောလုံးအဖွဲ့ချုပ်က တရားဝင် အကြောင်းကြားစာ ပေးပို့ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆီးဂိမ်းအတွက် ပြင်ဆင်နေတဲ့ ယူ-၂၃ အသင်းကိုပဲ စေလွှတ်ယှဉ်ပြိုင်စေမှာပါ။ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုတော့ ကျွန်တော်တို့ဆီကို အတိအကျ သတင်းမပို့သေးပါဘူး။ မလေးရှားပဋိပက္ခကြောင့် မြန်မာကိုမဖိတ်ဘူးလို့ ထွက်နေတဲ့ သတင်းတွေက မမှန်ပါဘူး”ဟု ၎င်းက ပြောသည်။
မာဒေးကားဖလားဘောလုံးပြိုင်ပွဲမှာ အာရှဒေသတွင်း ထင်ရှားသောပြိုင်ပွဲတစ်ခု ဖြစ်ပြီး ၁၉၅၇ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာအသင်းကသုံးကြိမ်ဗိုလ်စွဲထားပြီး ဒုတိယငါးကြိမ်ရရှိ ထားသည်။ မာဒေးကားဖလားပြိုင်ပွဲကို၂၀၀၉ ခုနှစ်ကတည်းက ရပ်နားထားခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ကာ အိမ်ရှင်မလေးရှားအပါအ၀င် မြန်မာ၊ ထိုင်း၊ စင်ကာပူတို့ ပါဝင်မည်ဖြစ်ကြောင်း မာဒေးကား ပြိုင်ပွဲဝက်ဆိုဒ်တွင် ဖော်ပြထားသည်။ ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ ကျင်းပပြု လုပ်မည် ဖြစ်သည်။
Mizzima

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်