Call Forwarding Service အသုံးမပြုသည့် မိုဘိုင်းဖုန်းကို အသုံးပြုသည်ဟုဆိုကာ ငွေကျပ် ၉ ထောင်ဖြတ်တောက်

မိုဘိုင်းဖုန်းများ၏ နိုင်ငံခြားခေါ်ဆိုခကို FEC မှ မြန်မာကျပ်ငွေသို့ ပြောင်းလဲကောက်ခံခဲ့သည့် နောက်ပိုင်း FEC နှင့် ပေးဆောင်နေရသည့်Call Forwarding Service အတွက် ကျသင့်ငွေကိုလည်း မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံခဲ့သည်။

Call Forwarding Service အသုံးပြုခဲ့ခြင်းမရှိသည့် မိုဘိုင်းဖုန်းတချို့ကိုလည်း အသုံးပြုသည့် မိုဘိုင်းဖုန်းလိုင်းများနည်းတူ FEC မှ မြန်မာကျပ်ငွေသို့ပြောင်းလဲကောက်ခံသည့် နှုန်းထားများအတိုင်း ကျပ်ငွေ ၉ ထောင်ဖြတ်တောက်ခဲ့သည်ဟု ကြုံတွေ့ခဲ့ရသူတစ်ဦးကပြောသည်။

“ကျွန်တော့်ဖုန်းက Call Forwarding Service ကို ဘယ်တုန်းကမှမယူခဲ့ဘူး။ အရင်တုန်းကလည်းအဖြတ်မခံရဘူး။ ပြီးခဲ့တဲ့လ က ၁ သောင်းဖြည့်လိုက် တာ ၁ ထောင်ပဲ ဖုန်းထဲဝင်တယ်။ ဆက်သွယ်ရေးကို ဖုန်းဆက်မေးကြည့်တော့ Call Forwarding Service ယူထားတယ်ဆိုပြီးပြောတယ်။

ဒါနဲ့ပဲ ရွှေဂုံတိုင်ရုံးမှာသွားပြီး အဲ့ဒီ Service သွားပိတ်လိုက်ရတယ်” ဟု မှားယွင်းဖြတ်တောက်ခြင်းခံခဲ့ရသည့် ကိုရဲမင်းသွင်ကပြောသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် Call Forwarding Service ကြောင့် အသုံးပြုသူကို လစဉ်ကြေး ၉ ထောင်ကျပ် ဖြတ်တောက်သည် ဟုဆိုသော်လည်း ယခင်က လျှောက်ထားအသုံးပြုခဲ့ခြင်း မရှိသည့်အတွက် အသုံးပြုသူများမှာ အဆိုပါ Service \ Setting များကို ဝင်ရောက်နိုင်ခြင်းမရှိဟု သိရသည်။

“လိုင်းပိတ်ဆိုတော့ သွားပိတ်ရတာပေါ့။ မပိတ်ရင် နောက်လတွေလည်း ၉ ထောင် ကျပ်ဖြတ်ဦးမှာ။ လိုင်းပိတ်တာ ပိုက်ဆံတော့မပေးရဘူး။ မှတ်ပုံတင်မိတ္တူနဲ့ စာချုပ် မိတ္တူပဲလိုတယ်” ဟု ရွှေဂုံတိုင်ရုံး၌ အထက်ပါ Service ကို သွားရောက်ပိတ်ခဲ့သူ ကပြောသည်။

Call Forwarding Service ဆိုသည်မှာ ဖုန်းလိုင်းဝင်သည့်အခါ၌ “လူကြီးမင်း၏ စကားသံကို ချန်ထားခဲ့ပါ” ဟုသော ဝန်ဆောင်မှုပင်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုကို ယခင် ၁၅ သိန်း ၅ သောင်းတန် GSM ဖုန်းများ၌ အများဆုံးအသုံးပြုခြဲ့ကသည်ဟုသိရသည်။ အဆိုပါဝန်ဆောင်မှုကို ယခင်လစဉ် FEC 10 ဖြတ်တောက်ခဲ့ပြီး ယခုအခါ ကျပ်ငွေ ၉ ထောင်ပြောင်းလဲကောက်ခံခဲ့သည်။

မြင့်ကျော်လှိုင်
==> http://www.myanmarinternetjournal.com/content/7541

0 မှတ်ချက်များ: