မလေးရှားတွင် လက်ရှိဖြစ်ပေါ်နေသော တရားမ၀င်အလုပ်သမား ဖမ်းဆီးသည့် ဖြစ်ရပ်များကြောင့် ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများမှ တရားဝင်အလုပ်သမား စေလွှတ်ခွင့်ကို ရပ်မည်မဟုတ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က စက်တင်ဘာ ၃ ရက်တွင်ပြောသည်။
မလေးရှားအစိုးရက ၎င်းတို့နိုင်ငံအတွင်း၌ တရားမ၀င်နေထိုင်သော နိုင်ငံခြားသား အလုပ်သမားများကို သြဂုတ်လ ကုန်ပိုင်းမှ စတင်ဖမ်းဆီးနေပြီး စက်တင်ဘာ ၂ ရက်အထိ မြန်မာအလုပ်သများ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
ဦးမျိုးအောင်က “မလေးမှာ ဒီလိုကိစ္စတွေ ဖြစ်နေပေမယ့် ပြည်တွင်းက တရားဝင်အလုပ်သမားစေလွှတ်ခွင့်ကို ရပ်ဆိုင်းဖို့ မရှိပါဘူး။ အေဂျင်စီတွေကို ခွင့်ပြုသွားမှာပါ။ အခုဖမ်းတာတွေက တရားမ၀င်တွေကို ဖမ်းထားပါ” ဟုဆိုသည်။

“Ops 6P Bersepadu” ဟု အမည်ပေးထားသည့် ယင်းဖမ်းဆီးစစ်ဆေးရေး စီမံချက်များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ enforcement personal အဖွဲ့၊ ရဲများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် ဒေသခံကောင်စီဝင်များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သုံးလကြာဖမ်းဆီးမည်ဟု မလေးအစိုးရက ထုတ်ပြန်ထားသည်။
ယင်းသို့ ဖမ်းဆီးနေမှုများကြောင့် အလုပ်သမားကိစ္စများ ဆွေးနွေးရန်အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးနှင့် အစိုးရအဖွဲ့များ တာဝန်ရှိသူများ စက်တင်ဘာ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက် မည်ဖြစ်သည်။
သွားရောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး ဦးမျိုးအောင်က “သူတို့ကိစ္စက ဘာမှန်းမသိသေးတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေပြန်ခေါ်မှာလားဆိုတာ ပြောဖို့စောသေးတယ်၊ သေချာပြောနိုင်တာက ကိုယ့် မြန်မာ အလုပ်သမားတွေကို ဘယ်လိုနည်းနဲ့ ကာကွယ်စောင့်ရှောက်ရမလဲဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်” ဟုပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား လေးသိန်းကျော်ရှိပြီး တရားဝင်အလုပ်သမား သုံးသိန်း၊ တရားမ၀င် သွားရောက်လုပ်ကိုင်နေသူ လေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ဦးတင်လတ်က ဇွန်လဆန်းပိုင်းတွင် နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူး၌ ပြောဆိုထားသည်။
ပြီးခဲ့သည့် မေလနှောင်းပိုင်းက မလေးရှားတွင်ရောက်ရှိနေသော မြန်မာလုပ်သားများ အကြမ်းဖက်ခံရသောကြောင့်ပြန်လာသော အလုပ်သမားများ ရှိခဲ့သည်။
Mizzima

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်