![]() |
| ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်။ Photo: RFA |
မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ္ဍာရေးနှစ် စီးပွားရေး အခြေအနေဟာ ရေနံဈေးနှုန်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပေါ် မူတည်နေတယ်လို့ အစိုးရ စွမ်းအင်ဝန်ကြီးက ပြောဆိုကြောင်း စင်္ကာပူ အခြေစိုက် Chennai News Asia သတင်းက ဖေါ်ပြပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းနေတာနဲ့ မြန်မာ့ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး အခြေအနေတွေကြောင့် ဒီနှစ်အတွင်း မြန်မာနိုင်ငံ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့နည်းသွားနိုင်တယ်လို့ စွမ်းအင်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောပါတယ်။
စင်္ကာပူနိုင်ငံက ညီလာခံတစ်ခုရဲ့ပြင်ပမှာ Chennai News Asia က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဦးဇေယျာအောင်က ပြောဆိုခဲ့တာပါ။
မြန်မာ့စီးပွားရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍက ရရှိတာဖြစ်ပါတယ်။
အခုအခါ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းနေတာကြောင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင် စွမ်းအင်စီမံကိန်း ၄ ခုက နိုင်ငံခြားကုမ္ပဏီတွေ အတော်အထိနာနေကြကြောင်း၊ ဒါ့ပြင် မြန်မာ့နိုင်ငံရေးအခြေအနေကလည်း သောင်မတင်ရေမကျဖြစ်နေတာကြောင်း၊ ဒါကြောင့် ဒီနှစ်အတွက် စွမ်းအင်လုပ်ကွက်လေလံတွေ ခေါ်ယူနိုင်တော့မှာမဟုတ်ကြောင်း ဦးဇေယျာအောင်က ပြောဆိုခဲ့ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေ အမှန်တကယ် ပေါ်ပေါက်မလာ တာကြောင့် နိုဝင်ဘာလ ပထမပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ နည်းလမ်းတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်ကြောင်း NLD ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာကို သတင်းမှာ ဖေါ်ပြထားပါတယ်။
RFA Burmese
http://www.rfa.org/burmese

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်