ရန်ုကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်၊ အမှတ်(၆)ရပ်ကွက်တွင် ပထမဆုံးအကြိမ်အဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရပ်ကွက်တွင်းရှိ ပြည်သူများ၏ ဆန္ဒမဲဖြင့် ဒီဇင်ဘာလ ၁ရက်နေ့ တွင် စတင် ရွေးကောက်တင်မြှောက်တော့မည်ဖြစ်ကြောင်း ရပ်ကွက်တွင်းနေထိုင်သူများထံမှ သတင်းရရှိသည်။
"ရပ်ကွက်လူကြီးကို ဥပဒေနဲ့ အညီ ပြည်သူ့ မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တာ ဒါပထမဆုံးပါပဲ။ ဒီလိုမျိုး ရပ်ကွက်တွင်းက ပြည်သူက လေးစားယုံကြည်ပြီး ဆန္ဒပြုထားတဲ့ လူက ရပ်ကွက်အုပ်ချုပ်တာဟာ အုပ်ချုပ်ရေးပိုင်းမှာ ပိုထိရောက်မယ်လို့ ထင်ပါတယ်။ အရင်က ရပ်ကွက်လူကြီး တစ်ယောက်ဆိုရင် ဘာမှမဟုတ်ဘူး၊ သူတို့ မိသားစုက လမ်းဘေးဈေးရောင်းတာ၊ မိန်းမက နှစ်ယောက်ယူထားပြီး တစ်ယောက်က အထက်လမ်းမှာ နေထိုင် ဈေးရောင်းပြီး နောက်တစ်ယောက်က အလယ်လမ်းမှာ နေထိုင်ပြီး အထက်လမ်းမှာ ဈေးရောင်းတယ်၊ တခြားဈေးသည်တွေနဲ့ ရန်ဖြစ်တော့လည်း သူတို့ ပဲဆိုတော့ လူအမြင်ကပ်တာပေါ့။ နောက်ပြီး ငွေကြေးကွာဟမှုတွေလည်း ရှိတယ်ကြားတယ်၊ အဲဒီကိစ္စတွေနဲ့  ပြုတ်သွားတယ်လို့  သိရတယ်။ အခုလို ရပ်ကွက်ကို အုပ်ချုပ်မယ့် အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေပြည်သူရဲ့ဆန္ဒနဲ့ အညီ ရွေးကောက်ပြီး တင်မြောက်မယ်ဆိုတော့ ကောင်းပါတယ်။" ဟု အဆိုပါ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံတွင် အလုပ်လျှောက်ရန်အတွက်လည်းကောင်း၊ ပြည်ပသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ရန်အတွက်လည်းကောင်း၊ ရပ်ကွက်ထောက်ခံစာ ယူရသည်ဖြစ်ပြီး ယင်းသို့ ယူရာတွင် ရပ်ကွက်နေပြည်သူက လေးစာယုံကြည်တဲ့ လူက ထောက်ခံပေးတာကို လိုချင်ပြီး ယခင်က ထောက်ခံစာ တောင်းသူထက် ပညာအရည်အချင်း၊ အလုပ်အကိုင်အားဖြင့် နိမ့်ပါးသူထံမှ ထောက်ခံစာယူရသည်မျိုးရှိခဲ့ကြောင်း လူငယ်များက ဆိုသည်။
မန်နေဂျာရာထူးအတွက် အလုပ်လျှောက်ဖို့  ဘွဲ့ မရသေးတဲ့ ရပ်ကွက်လူကြီးဆီမှ ထောက်ခံစာယူခဲ့ ရတဲ့ အသက် ၂၆နှစ်အရွယ် လူငယ်တစ်ဦးက "ကျွန်တော်က ပြည်တွင်းမှာ မန်နေဂျာရာထူး အလုပ်လျှောက်ဖို့  ထောက်ခံစာသွားယူတာ ထောက်ခံစာလုပ်ဖို့  တစ်ထောင်ပေးရတယ်။ ထောက်ခံပေးတဲ့ လူက လမ်းထိမ်မှာ ကွမ်းယာဆိုင်ဖွင့်ထားတယ်။ သူကိုယ်တိုင်တော့ မရောင်းဘူး ရပ်ကွက်ရုံးက တစ်ယောက်ယောက်က ရောင်းပေးတယ်။ ရပ်ကွက်လူကြီးရဲ့  ပညာအရည်အချင်းကလည်း ဘွဲ့ မရဘူးဆိုတော့ ဒီလို ကိုယ့်လောက်တောင် ပညာမတတ်တဲ့ လူဆီက တစ်ထောင်ပေး ခယပြီး ရပ်ကွက်ထောက်ခံစာ ယူရတာ ဘယ်လိုနေမလဲ လူတိုင်း သိမှာပါ။ လူတိုင်းလည်း ကြုံဖူးကြမှာပါ။ ဥပဒေတွေလည်း ထွက်ပြီးပြီ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေအားလုံးကို ဆန္ဒမဲနဲ့  ပြန်ရွေးချယ်သင့်ပါတယ်။" ဟု ပြောပြခဲ့သည်။
အမှတ်(၆)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခြင်းကို ကြိုဆိုကြောင်း၊ ယခုကဲ့သို့  လုပ်ဆောင်ခြင်းမှာ ဥပဒေကို လေးစားလိုက်နာခြင်းအသွင်ဆောင်ပြီး ဒီမိုကရေစီ ဆန်သဖြင့် အခြားရပ်ကွက်များလည်း စံနမူနာယူ ဆောင်ရွက်ဖို့  တိုက်တွန်းလိုကြောင်း၊ ယင်းရပ်ကွက်မှာ ငွေကြေးသိန်း၂၀ ကွာဟမှုများ ရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့တာကိုလည်း သိရှိခဲ့ရကြောင်းနှင့် ယင်းသို့ ပြောင်းလဲ လုပ်ဆောင်ခြင်းမှာ မှန်ကန်ကြောင်း ထပ်လောင်းကြိုဆိုကြောင်း၊ ရပ်ကွက်နေပြည်သူများကလည်း အမှန်တကယ် ဦးဆောင်နိုင်သူ၊ ခေါင်းဆောင်အရည်အချည်း ပြည့်ဝသူနှင့် အဓိကအားဖြင့် ရပ်ကွက်အကျိုးနှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နိုင်သူကို အလေးထားရွေးချယ်သင့်ကြောင့်နှင့် ယင်းအချက်များနှင့် ပြည်စုံသူ လူငယ်များကိုလည်း ဦးစားပေး စဉ်းစားသင့်ကြောင်း ကျောက်တံတားမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
သတင်းထောက်ကေ
အမှတ် ၆ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပထမဆုံးအကြိမ် ဆန္ဒမဲဖြင့် စတင် ရွေးကောက် တင်မြှောက်တော့မည်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်