တိုင်းပြည်နှင့် လူမျိုးကို ထိခိုက်စေသော လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၃၀ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ပြည်ထဲရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
ပြည်ထဲရေးဌာန၏ ထုတ်ပြန်ကြေညာချက်ထဲတွင် အစိုးရရုံးဌာနတွေမှာ ငွေကြေး ဒါမှမဟုတ် ပစ္စည်း တောင်းဆိုပေးကမ်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ လက်ခံလို့မရတဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် တိုက်ဖျက်အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ပြီး လာဘ်စားမှုများအား ပြည်သူတွေအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးနှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ အား ဆက်သွယ်တိုင်ကြားနိုင်ပြီး၊ ဆက်သွယ်နှိုင်သည့် ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များကိုလည်း သတင်းစာတွင် ဖော်ပြထားသည်။
တိုင်ကြားသူ၏ လုံခြုံရေးအတွက် စီမံထားမှု အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရုံး တာဝန်ရှိသူ တစ်ဦးက “တိုင်တဲ့သူကိုလည်း ဖော်ထုတ်မှာ မဟုတ်ဘူး။ ဒီလူကတိုင်ပါတယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ မှန်တယ်ဆိုရင် စိစစ်ဖော်ထုတ်မယ်၊ သက်ဆိုင်ရာ ဌာနကို အကြောင်းကြားပြီးတော့ အရေးယူဖို့လုပ်မယ်။ လိုအပ်ရင် အထက်ဌာနကို တင်ပြမယ်။ ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ဖော်ထုတ်ဖို့ မရှိပါဘူး။”ဟု ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လာဘ်ပေးလာဘ်ယူကိစ္စ တိုင်ကြားချက်တွေကို ၂၀၀၆ ခုနှစ်ကတည်းက လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက်ချစားမှုများအား စောင့်ကြည့်လေ့လာသည့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transpararency International သည် မြန်မာ၊ မြောက်ကိုရီးယား၊ ဆိုမားလီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို လာဘ်စားမှု အဆိုးရွားဆုံးတိုင်းပြည်များအဖြစ် နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။
သတင်းထောက်ကေ
www.kabaywarkalay.blogspot.com
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်