သက်တမ်းခုနစ်နှစ်သာရှိသေးသည့် ကန်ထရိုက်တိုက်၏ နောက်ဖေးခြမ်း၌ အက်ကွဲတိမ်းစောင်းမှုတစ်ခု ဒီဇင်ဘာ ၁၇ ရက် နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၂၀၀၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည့် အဆိုပါ တိုက်၏ မြေညီထပ် နောက်ဖေးခန်းရှိ အုတ်ချပ်များ တစ်စတစ်စကွာ ကျလာပြီး တိုက်၏ အပြင်ဘက်သို့ အင်္ဂတေထုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ တိမ်းစောင်းမှု၏ အက်ကြောင်းမှာ မြေညီထပ်မှ သုံးလွှာအထိ အက်ကြောင်းရာထင်ခဲ့ပြီး ယင်းတိုက်တွင် နေထိုင်သူများမှာ နာရီပိုင်းအတွင်း နီးစပ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်ဟု ယင်းတိုက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

အက်ကွဲတိမ်းစောင်းခဲ့သည့် တိုက်မှာ ရှစ်ထပ်တိုက် အမျိုးအစားဖြစ်ပြီး အိမ်ထောင်စု ၁၆ စု နေထိုင်လျက်ရှိသည်။ အက်ကွဲတိမ်း
စောင်းခဲ့သည့် မြေညီထပ်မှာ သင်္ကန်းပရိက္ခရာပစ္စည်း ရောင်းချသည့်ဆိုင်လည်းဖြစ်သည်။ ယင်းတိုက်အား စတင်ဆောက်လုပ်ခဲ့စဉ်ကသတ်မှတ်ထားသည့် မြေကြီးအနက်ပေအထိ ဖောင်ဒေးရှင်းအား တူးခဲ့ခြင်းမရှိကြောင်း၊ တိုက်၏အပေါ်
ယံတွင်စီထားသည့် အုတ်ခဲပမာဏနည်းပါးပြီး အချိုးအစားလျှော့ချသုံးစွဲထားကြောင်း ယင်းတိုက်၏နောက်ဖေးခြမ်းတွင် နေထိုင်သူအမျိုးသားတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်အား လာရောက်စစ်ဆေးသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ တိုက်၏မြေကြီး၌ မြေဆီလွှာအစိုဓာတ်များပြားလာသောကြောင့် မြေကြီးမှာ ပျော့ပျောင်းလာခြင်း၊ မြောင်း၏ရေ၀င်ရေထွက် စီးဆင်းမှုမကောင်းခြင်းတို့ကြောင့် မြေသားအနည်းငယ် နိမ့်ဆင်းသွားခြင်းသာဖြစ်ကြောင်း လူနေထိုင်ရန် သင့်လျော်ကြောင်း ပြောကြားသည်။
အဆိုပါတိုက်အား ဆောက်လုပ်သည့် ရတနာမြေဆောက်လုပ်ရေးကုမ္ပဏီမှ ပိုင်ရှင်ဦးမောင်ရွှေက ပြောကြားရာတွင် တိုက်၏ နောက်ဖေး၌ ရေစီးရေလာကောင်းမွန်မှု မရှိသောကြောင့် မြေသား ပျော့ပျောင်းလာခြင်း၊ မြေကြွက်များက အခေါင်းများဖောက်သဖြင့် ယခုကဲ့သို့ ဖြစ်လာရကြောင်းပြောသည်။
“အခုတိုက်ရဲ့ အနောက်ဘက်ကို အုတ်ပြန်စီပေးမယ်။ နောက်ထပ်တိုက်က ဘာမှမဖြစ်နိုင်ပါဘူး”ဟု ၎င်းကပြောသည်။
ယခုဖြစ်ပွားသောဖြစ်စဉ်နှင့် အလားတူ ၂၀၁၂ နှစ်ဆန်းပိုင်းက အလုံမြို့နယ်တွင် သက်တမ်းသုံးနှစ်သာရှိသေးသည့် ရှစ်ထပ်တိုက်အဆောက်အအုံတစ်ခု၏ မြေညီထပ်အနောက်ခြမ်း၌ ကျွံကျမှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
7Day News Journal Facebook

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်