“သေရင်ကိုယ့်နောက်ပါတာ ဒါပဲရှိတယ်” ဟု လူငယ်အချို့က သူတို့ခန္ဓာကိုယ်ပေါ်ရေးထိုးထားသော ဆေးမင်ရုပ်ပုံများကို ညွှန်ပြ၍ ပြောတတ်ကြသည်။
“အနုပညာကို ခန္ဓာမှာ ခြုံလွှမ်းထားတာ” ဟုလည်း သူတို့က ဂုဏ်ယူဝင့်ကြွားတတ်ကြပါသေးသည်။
သမိုင်းကြောင်းကို ခြေရာခံကြည့်လျှင် နှစ်ပေါင်းနှစ်ထောင်ကျော်လာခဲ့ပြီဖြစ်သော ဆေးမင်ထိုးသည့် ဓလေ့သည် ယခုနှစ်ပိုင်းများမှာတော့ တိုးတက်ပြောင်းလဲစ ပြုလာသည့် မြန်မာနိုင်ငံ၏ လူငယ်ထုအပေါ် သိသိသာသာ ရိုက်ခတ်လာခဲ့ပါပြီ။
မြန်မာနိုင်ငံတွင် ရှေးယခင် အမျိုးသားများသည် ကိုယ်တွင် ဆေးမင်ကြောင်၊ ပေါင်တွင် ထိုးကွင်းမင်ကြောင် ရေးထိုးမှသာ ယောကျာ်းပီသသည်ဟု မှတ်ယူကြပြီး သတ္တိတစ်ရပ်အနေဖြင့် ဖော်ကျူးခဲ့ကြသည်။ ထို့နောက် အနောက်တိုင်းအခေါ် တက်တူး (Tatoo) ကို ရေးထိုးရာ၌ သုံးစွဲရသော အပ်နှင့်ဆေးစသည့် ပစ္စည်းများ မသန့်ရှင်းမှုကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားလာခဲ့ပြီး တက်တူးထိုးခြင်းကို လူအများ ရှောင်ကြဉ်ခဲ့ကြသည်။

ယခုအခါ တစ်ခါသုံးအပ်များ၊ ခေတ်မီဆေးပစ္စည်းများ၊ အဆင့်မီ လက်ရာများဖြင့် တက်တူးထိုးသည့် ဓလေ့သည် ပြန်လည်၍ တစ်ခေတ်ဆန်းလာနေပြီဖြစ်သည်။
မြန်မာ့သမိုင်းကြောင်းတွင် ထိုးကွင်းမင်ကြောင်ရှိမှ အမျိုးသားများ လူရာဝင်ခဲ့ရာမှ ယခုခေတ်မှာတော့ ဆေးမင်ထိုးခြင်းသည် လိင်သဘာဝမခွဲခြားတော့ဘဲ လူသားထုဆီသို့ ကူးစက်ပျံ့နှံ့လာခဲ့ပြီဖြစ်ပါသည်။ အရေပြားပေါ်တွင် အပ်နှင့်ဆေးဖြင့် ရေးဆွဲရသော အနုပညာတစ်ရပ်ကို လူငယ်များသာမက လူလတ်ပိုင်းများလည်း နှစ်သက် လက်ခံလာခဲ့ကြပါပြီ။
“တက်တူးထိုးတာ စတိုင်ကြောင့်လည်းပါတယ်။ လန်းချင်လို့လည်းပါတယ်။ အဓိကကတော့ ကိုယ်နဲ့တစ်သက်လုံးပါသွားမယ့် အရာကို လိုချင်တာပါပဲ” ဟု လက်မောင်းနှင့် ကျောပြင်တွင် တက်တူးရေးထိုးထားသည့် အသက် ၃၀ ကျော်အရွယ် ကိုသူရမျိုးက ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက လက်ဖျံ၊ လက်မောင်းတို့တွင် နဂါးရုပ်ပုံ၊ ငါးရုပ်ပုံ၊ စာလုံးတချို့၊ သင်္ကေတတချို့ကို ရေးထိုးခဲ့ကြရာမှ ယခုအခါ ကိုယ်ခန္ဓာအနှံ့ အရောင်စုံ၊ အရုပ်စုံ ရေးထိုးလာကြသည်။
“တဖြည်းဖြည်း ဘာလို့ပုံတွေများလာသလဲဆိုတော့ တက်တူးက တစ်ခါထိုးပြီးသွားရင် အဲဒီလူက နောက်တစ်ခါ ထပ်ထိုးဖို့ ၀န်မလေးတော့ဘူး။ စွဲသွားတယ်။ သူများတွေထိုးတာမြင်ရင် မနေနိုင်ဘူး။ ၀င်ထိုးရမှ ကျေနပ်တာ” ဟု
အမျိုးသားတစ်ဦးက သုံးသပ်သည်။
တက်တူးထိုးခြင်း(သို့မဟုတ်) ဆေးမင်ထိုးခြင်းသည် ပန်းချီအနုပညာတစ်ရပ်ပင်ဖြစ်ပါသည်။ ပန်းချီပညာရပ်သည် ကင်းဗတ်စပေါ်၊ စက္ကူချပ်ပေါ်၊ နံရံပေါ်တွင် ဆေးသားတို့ကာ စုတ်တံဖြင့် ခြယ်မှုန်းရသကဲ့သို့ ဆေးမင်ထိုးခြင်းသည်လည်း ဆေးသားဖြင့် လူ့အရေပြားပေါ် ဆေးသားတို့ထားသည့် အပ်နှင့် ရေးထိုးခြယ်မှုန်းရခြင်းပင် ဖြစ်သည်။
ကွာခြားမှုတစ်ခုကတော့ ပန်းချီကားချပ်သည် မကြိုက်လျှင် ဖျက်ဆီး၍ရပြီး အရေးပြားပေါ် ထိုးထားသည့် ဆေးမင်သည် မကြိုက်လျှင် ပြန်ဖျက်ဖို့ မလွယ်ကူခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရှေးလူကြီးများက “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုး” ဟု စာချိုးခဲ့ကြခြင်း ဖြစ်ပါသည်။
ဆေးမင်ထိုးခြင်းသည် ပန်းချီပညာရပ်နှင့် ဆင်တူသော်လည်း လုံးလုံးတူညီမှုမရှိကြောင်းကို ရန်ကင်းမြို့နယ်တွင် ရန်ကင်းတက်တူးစတူဒီယိုဟူ၍ ဆိုင်ခန်းဖွင့်လှစ် ထားသော ကိုသန့်ဇင်ဝင်းက “ပန်းချီက ပိုလေးနက်တာပေါ့” ဟု မှတ် ချက်ပြုသည်။
ယနေ့ခေတ်တွင် အများက သုံးစွဲနေကြသည့် တက်တူးထိုးခြင်းသည် ကမ္ဘာအနှံ့မှ နိုင်ငံအနှံ့တွင် ရှေးယခင်နှစ်ပေါင်းများစွာကပင် တည်ရှိလာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက မြှုပ်နှံထားခဲ့သည့် ရှေးဟောင်းမံမီရုပ်အလောင်းများတွင် တက်တူးထိုးထားခြင်းကို လေ့လာသူများက တွေ့ရှိခဲ့ကြသည်။
ရောမခေတ်တွင် ကျွန်လူတန်းစားများနှင့် ရာဇ၀တ်သားများကို တက်တူးဆေးမင်ရိုက်နှိပ်၍ အမှတ်အသား ပြုထားခဲ့ကြသည်။ ဂရိ၊ အမေရိက၊ ဂျပန်၊ အာဖရိကနှင့် ဥရောပနိုင်ငံများသည် တက်တူးထိုးခြင်းကို အစောဆုံးစတင် လာခဲ့ကြသည်ဟုလည်း မှတ်တမ်းများက ဆိုသည်။
ထိုစဉ်က တက်တူးကို ရိုးရာဓလေ့ရုပ်ပုံများ၊ တိရိစ္ဆာန်ရုပ်ပုံများ၊ ပန်းပွင့်ရုပ်ပုံများ၊ ဘာသာရေးသင်္ကေတများ၊ စာလုံးများကို သာ ရေးထိုးလာခဲ့ကြပြီး ကမ္ဘာတွင် ပထမဆုံး တက်တူးထိုးစက်ကို အမေရိကန်နိုင်ငံက ၁၈၉၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ထို့ နောက် ခန္ဓာကိုယ်တွင် ရေးထိုးမည့် တက်တူးရုပ်ပုံအသစ်အဆန်းများကို တီထွင်လာခဲ့ကြသည်။
ထိုမတိုင်မီက လူမျိုးစုအထိမ်းအမှတ်သင်္ကေတအဖြစ် ရေးထိုးခဲ့ကြသည့် တက်တူးရုပ်ပုံများသည် အလှအပတန်ဆာဆင်သည့် ရုပ်ပုံများအဖြစ်သို့ ရွေ့လျားထွန်းကားလာခဲ့သည်။ ပထမကမ္ဘာစစ်ပြီးဆုံးသည့် နောက်ပိုင်းတွင် စစ်ဘေးဒဏ်ခံစားခဲ့ရသည့် နိုင်ငံများမှ အမျိုးသမီးများသည် စစ်အတွင်းသေဆုံးသွားကြသည့် ချစ်သူရည်းစားများကို အောက်မေ့တမ်းတသည့် အနေဖြင့် လိပ်ပြာ၊ နှင်းဆီ၊ ချစ်သူ၏ အမည်စသည်တို့ကို ရေးထိုး ခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသခဲ့ကြသည်ဟု သိရသည်။
ယနေ့ခေတ် မြန်မာနိုင်ငံတွင်လည်း လူငယ်ထုအကြားတွင် တဖြည်းဖြည်း စိမ့်ဝင်လာသည့် တက်တူး ယဉ်ကျေးမှုက ချစ်သူစုံတွဲ တချို့အတွက် ချစ်ခြင်းမေတ္တာကို သရုပ်ဖော်စရာတစ်ရပ်လည်း ဖြစ်လာခဲ့သည်။
“ခုခေတ်က အပြန်အလှန် ချစ်သူရည်းစားတွေ တက်တူးထိုးတာ ခေတ်စားလာတယ်လို့ ထင်တယ်။ စိတ်ကျေနပ်မှု ဖြစ်စေတယ်လို့ထင်တယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်တယ်လို့ ပိုပြီး ယုံကြည်လို့ရတယ်” ဟု အသက် နှစ်ဆယ်ကျော်အရွယ် မခိုင်ပြည့်က ပြောသည်။
သူမ၏ ချစ်သူက သူမအမည်ကို ခန္ဓာတွင် ရေးထိုးထားသကဲ့သို့ ချစ်သူ၏အမည်ကိုလည်း သူမ၏ ကျောပြင်တွင် ကိုယ်တိုင်ရေးထိုးခဲ့သော မခိုင်ပြည့်က “တက်တူးဘာလို့ ထိုးလဲဆိုတော့ ဂေါ်ချင်လို့ပေါ့နော်။ အနာခံပြီး ထိုးထားတာ။ မထိုးတဲ့သူတွေထက်တော့ ဂေါ်တယ်ဆိုတာဖြစ်ချင်တာ။ ဒါက လူငယ်တွေကြားက ယဉ်ကျေးမှုပဲ။ ကိုယ့်အရေပြားပေါ်ကိုယ် ယုံကြည်မှုတည်ဆောက်တာမျိုးလေ” သူမ၏ တက်တူးနှင့်ပတ်သက်သည့် လူငယ်အမြင်ကို ဆက်ပြောပြသည်။
၁၉ ရာစုနှောင်းပိုင်းက အင်္ဂလန်နိုင်ငံ လူကုံထံလူတန်းစားကြားတွင် ခေတ်စားခဲ့သည့် တက်တူးထိုးခြင်းဓလေ့သည် ယနေ့မှာတော့ ပိုမိုကျယ်ပြန့်လာပြီး ကမ္ဘာကျော် Celebrity များမှအစ သာမန်လက်လုပ်လက်စားလူငယ်လေး အဆုံးထိ ထိုးဖောက်လာနေခဲ့ပြီဖြစ်သည်။
ယနေ့ခေတ် မြန်မာနိုင်ငံတွင် တက်တူးထိုးသည့်လုပ်ရပ်ကို လူကြီးမိဘများက တားမြစ်လေ့ရှိပြီး တက်တူးထိုးခြင်းသည် မိုက်ရူးရဲဆန်ခြင်း၊ လမ်းဘေးစရိုက်ဆန်ခြင်း၊ သိက္ခာမရှိခြင်း စသည့် အမြင်မျိုးစုံဖြင့် ထင်မှတ်ယူနေဆဲဖြစ်
သည်။ သို့သော် အချို့သော လူကြီးမိဘများကတော့ ထိုအရာများကို ခေတ်နှင့်လျော်ညီစွာပင် မျက်ကွယ် ပြုလာကြသည်ကို တွေ့ရသည်။
“ခုနောက်ပိုင်း မဆိုးပါဘူး။ လက်ခံလာပါတယ်။ တက်တူးထိုးတာကို ပျက်စီးတယ်လို့ ပြောလို့ရတဲ့အချက်တွေရှိရင် ပြောပေါ့။ တစ်ခုတော့ရှိတယ်။ အရမ်းကြီး ခရေစီဖြစ်ပြီး မျက်နှာတွေ နည်းနည်းကြည့်လို့ အဆင်မပြေတဲ့နေရာ အနှံ့ထိုးရင်တော့ မကောင်းဘူး” ဟု မခိုင်ပြည့်က ဆိုသည်။
၂၀၀၅ ခုနှစ်က တက်တူးထိုးဖူးပြီး ယခုအခါ ဆက်ထိုးရန် စိတ်မပါတော့ဟုဆိုသည့် အသက် ၂၇ နှစ်အရွယ် ကိုသူရကလည်း “လူကြီးအားလုံးလက်မခံကြသေးပေမယ့် တော်တော်များများကတော့ သိပ်မပြောကြတော့ဘူး။ လူငယ်
တွေကြားထဲ တော်တော်စိမ့်ဝင်လာတယ်ပဲ ပြောရမှာပဲ။ ကျွန်တော်တွေ့တဲ့ လူငယ်တော်တော်များများကတော့ ထိုးချင်စိတ်ရှိရင် ထိုးလိုက်ကြတာပဲ။ အရင်လို သိပ်မစဉ်းစားကြတော့ဘူး။ ပြီးတော့ ဖက်ရှင်တစ်ခုဖြစ်လာတယ်။ မိန်းကလေးတွေပါ ထိုးလာကြတယ်ဆိုတော့” ဟု ပြောသည်။
၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် ၁၇ နှစ်အရွယ် လူငယ်များသာမက ၄၀ ကျော်အရွယ် လူလတ်ပိုင်းများလည်း တက်တူးထိုးခြင်းကို စွဲမက်လာကြပြီး လူငါးဦးတွင် နှစ်ဦးက အမျိုးသမီးများပါတတ်ကြောင်း ရန်ကင်းတက်တူးစတူဒီယိုမှ ကိုသန့်ဇင်ဝင်း(ခ)ကိုကုလားက ပြောသည်။
ကိုကုလားမှာ ၂၀၀၃ ခုနှစ် ခန့်မှစ၍ တက်တူးလောကအတွင်း ၀ါသနာအရ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး အပေါင်းအသင်း မိတ်ဆွေများကို တစ်ပိုင်တစ်နိုင်ထိုးပေးရာမှတစ်ဆင့် နာမည်ကျော်လာခဲ့သူဖြစ်သည်။
“ကျွန်တော်က ငယ်ငယ်လေးကတည်းက ပန်းချီဆွဲတာ ၀ါသနာပါတယ်။ ပန်းချီဆိုတာက အရုပ်ပုံတွေပေါ့။ တက်တူးထိုးတာကတော့ ငယ်ငယ်ကပဲ ၀ါသနာပါတာ။ အသိတစ်ယောက်က ကျွန်တော်ပန်းချီ ဆွဲတတ်တာသိတော့ သူ့ကိုထိုးခိုင်းတယ်။ ပထမတော့ သူများအသားကို မထိုးရဲဘူး။ ဆေးဝင်သွားတာမြင်လိုက်တော့ ပျော်သွားတယ်။ အဲဒီနေ့ကစပြီး ဖီးလ်ဝင်သွားတာ။ တောက်လျှောက် ဒါပဲလုပ်လာတော့တယ်” ဟု သူ၏ ဖြတ်သန်းမှု တစ်စိတ်တစ်ပိုင်းကို ရှင်းပြသည်။
လူ့အရေပြားပေါ်တွင် ရေးထိုးရမည့်ရုပ်ပုံများကို အွန်လိုင်းမှတစ်ဆင့်ရှာဖွေရင်း ကိုယ်ပိုင်အတွေ့အကြုံဖြင့် ပေါင်းစပ်ရေးဆွဲပေးနေသည့် ကိုကုလားကို ရန်ကုန် တက်တူးအသိုင်းအ၀ိုင်းအတွင်း လူသိများလာခဲ့သည်။
ကိုယ်နှစ်သက်ရာ ဒီဇိုင်းများကို ခန္ဓာကိုယ်တွင် အလှဆင်လာကြသလို တချို့ကလည်း မြန်မာ့ရိုးရာ ကနုတ်ပန်းများ၊ ကိန္ဒရီကိန္ဒရာ ရုပ်ပုံ၊ လောကနတ်ရုပ်ပုံ၊ စစ်သူကြီးရုပ်ပုံ စသည်တို့ကို ရေးထိုးကြပြီး ယင်းမှာ နည်းပါးကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဆိုင်နှင့် ကန္ဒားနှင့် ဖွင့်လှစ်ထားသည့် တတ်တူးဆိုင်များ ၈ ဆိုင်ခန့်သာရှိပြီး အိမ်မှာပင်ရေးထိုးပေးသူက ပိုများနေသေးသည်။ “ဆိုင်က အဓိက မဟုတ်ဘူး။ Player က အဓိကပါ” ဟု ကိုကုလားက ဆိုသည်။
ရန်ကုန်မြို့ထက်စာလျှင် မန္တလေးမြို့က တက်တူးရေးထိုးပေးသူ အများဆုံးရှိပြီး နာမည်ကျော် တက်တူးဆရာများကို “ကိုတွတ်ပီ၊ ကိုဖိုးကျော်၊ ကိုရှမ်းလေး၊ ကျော်လပြည့်၊ ကိုပိန်၊ ကိုအောင်သူတို့က မန္တလေးမှာနာမည်ကြီးတယ်” ဟု သူက ပြောပြသည်။
သွေးကြောထိမရောက်ဘဲ အရေပြား၏ နှစ်လွှာမြောက်ကို အပ်ဖြင့်ရေးရသည့် တက်တူးထိုးခြင်းကို အလွယ်တကူ ရောင်ရမ်းတတ်သည့် အသားရေရှိသူ၊ ဆီးချို ရောဂါရှိသူ၊ သွိုင်းရွိုက်ရောဂါရှိသူ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ ၀က်ရူးပြန်ရောဂါရှိသူတို့ ထိုးနှံရန် မသင့်ဘဲ ထိုးနှံပေးသူကလည်း အသုံးပြုသည့်ပစ္စည်းများဖြစ်သည့် တစ်ခါသုံးအပ်၊ တစ်ခါသုံးလက်အိတ်၊ ဆေးထိုးစက်များကို အန္တရာယ်ကင်းရှင်းစေရန် အထူး ဂရုစိုက်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက အရေပြားဒဏ်ရာမှတစ်ဆင့် ကူးစက်ရောဂါများ ၀င်ရောက်နိုင်ပြီး ရောဂါဖြစ်ပွားနှုန်း များနိုင်မည်ဖြစ်သည်။
တက်တူးထိုးသက် ၈ နှစ် ကျော်လာပြီဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ကိုကုလားက “တက်တူးဆေးထဲမှာ အနီရောင်ပါတဲ့ ဆေးတွေက ဟင်္သာပြဒါးပါတတ်လို့ သေချာကြည့်ဝယ်ရတယ်။ ပြဒါးအရမ်းပွင့်နေရင် အသားနဲ့ ပြဿနာဖြစ်တယ်။ အလာ့ဂျစ်ဖြစ်တတ်လို့ တက်တူးဆရာတွေ ဂရုစိုက်သင့်တယ်။ ကျန်တာတော့ ဆိုးကျိုးနည်းပါတယ်” ဟု ရှင်းပြသည်။
“တက်တူးနဲ့ ပတ်သက်ပြီးတော့ ပြဿနာအကြီးကြီးတွေတော့ သိပ်မကြားမိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာတွေကတော့ လူတစ်ယောက်နဲ့ တစ်ယောက် ကူးစက်တတ်တဲ့ ဘီပိုး၊ စီပိုး၊ HIV ရောဂါတွေကို စိုးရိမ်ရတယ်။ အပ်မသန့်ခဲ့ဘူးဆိုရင် ဖြစ်ပွားနိုင်တဲ့ ရာနှုန်းများတယ်။ ဖြစ်လာရင်လည်း ကြောက်စရာအရမ်းကောင်းတယ်။ အရောင်တွေက ဆိုးဆေးတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် တချို့တွေမှာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သက်ရောက်မှုရှိနိုင်တယ်” ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာလှိုင်စိုးဝယ်က တက်တူးထိုးရာတွင် သုံးစွဲသည့် ပစ္စည်းများ မမှန်ကန်မှုကြောင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ရှင်းပြသည်။
တက်တူးကို ကြိုက်နှစ်သက်၍ ထိုးကြသူတို့ရှိသကဲ့သို့ လူငယ်တို့သဘာဝ သူငယ်ချင်းအပေါင်းအသင်းများ တက်တူးထိုးကြသည်ကို မြင်၍ ရောနှောလိုက်ထိုးကြသူများလည်းရှိသည်။ အသက် ၂၃ နှစ်အရွယ် ကိုမြတ်သူအောင်က
“မေမြို့မှာ ထိုးတာ။ ထိုးတုန်းက ၁၉ နှစ်လောက်ပဲရှိသေးတယ်။ ကိုယ့်သူငယ်ချင်း အချင်းချင်းကြားမှာ အားကျလို့ ငါလည်းထိုးမယ်ဆိုပြီး သွားထိုးတာ။ အရုပ်ကို သဘောတော့မကျဘူး။ ထပ်ထိုးချင်သေးတယ်” ဟု ၎င်းရေးထိုးခဲ့သည့် တက်တူးအတွေ့အကြုံကို ပြောပြသည်။
တက်တူးထိုးခြင်းကို နှစ်သက်သည့် လူငယ်ပရိသတ်ရှိသကဲ့သို့လည်း မနှစ်သက်သည့် လူငယ်များလည်း ရှိစမြဲပင်ဖြစ် သည်။ “အခုခေတ်က တက်တူးယဉ်ကျေးမှုကို လိုတာထက်ပိုပြီး နေရာစုံထိုးတယ်။ အခုခေတ်ထိုးတာတွေကိုတော့ မဆန့်ကျင်ပေမယ့် သဘောမကျဘူး” ဟု အသက် ၂၅ နှစ်အရွယ် လူရွှင်တော် ကိုစိုးမိုးက ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မအင်ကြင်းဖြူကတော့ “တစ်ချို့ကျတော့လည်း အလှထိုးတယ်လေ။ သေးသေးလေးပဲဖြစ်ဖြစ်ပေါ့။ အဲ့ဒါဆိုတော်သေးတယ်။ တချို့ယောက်ျားလေးတွေဆို လက်မောင်း အပြည့်ထိုးကြတယ်။ ဘာပုံတွေမှန်းမသိဘူး။ လမ်းသရဲလိုလို ဘာလိုလိုနဲ့။ နာမည်တို့ဘာတို့ စာတန်းလေးတွေ မသိမသာထိုးတာမျိုးဆိုရင်တော့ တော်သေးတယ်” ဟု သူမ၏အမြင်ကို ပြောပြသည်။
အမျိုးသမီးများ တက်တူးထိုးခြင်းကိုလည်း အများစုက ယဉ်ကျေးမှုပေတံဖြင့် တိုင်းတာနေကြဆဲဖြစ်ပြီး အလှအပအနုပညာတစ်ရပ်အနေဖြင့် ခံစားသူ နည်းပါးနေသေးသည်။ တချို့သော အမျိုးသမီးတို့ကလည်း တက်တူးကို ရင်သားနှင့် ခါးအောက် တင်ပါးအထက်နားတွင် ထိုးနှံခြင်းမျိုးရှိသောကြောင့် ယဉ်ကျေးမှု အမြင်ဖြင့်ကြည့်လျှင် အမြင်စောင်းကြသည့်သဖွယ် ရှိနေသေးသည်။
ပြည်ပတွင် နေထိုင်သည့် စာရေးဆရာမင်းဒင်က “ပိုဆိုးတာက မိန်းကလေးတွေပါ ဆေးမင်ကြောင်ထိုးတဲ့ အလုပ်ကို စွဲစွဲ လမ်းလမ်း ဖြစ်လာကြတာကို အရမ်းအံ့သြတယ်။ လူသားတွေဟာ ကိုယ်ပိုင်အလှတရားကို ဖော်ကျူးဖို့ နည်းလမ်းရှာကြတာ လမ်းလွဲကုန်ရော့သလားလို့ စဉ်းစားမိတယ်” ဟု ဆိုလာသည်။
ယခင်ခေတ်ကာလများက တက်တူးထိုးခြင်းကို လူမျိုးစုတချို့၏ အသိုင်းအ၀ိုင်း၊ အဆင့်အတန်းနှင့် ဖော်ပြလေ့ရှိကြသော်လည်း ယခုအခါ တက်တူးထိုးခြင်းသည် အလှအပ အနုပညာတစ်ရပ် ဖြစ်လာခဲ့ပါပြီ။ အများသိကြသည်မှာတော့ ဘုရားပွဲ ဈေးတန်းများ၏ ၁၂ ပွဲဈေးသည်များကြား မော်တာစက်တစ်လုံးဖြင့် ရေးထိုးပေးနေ သည့် ပျံကျတက်တူးဆိုင်လေးများပင် ဖြစ်သည်။
နာမည်ကျော် တက်တူးဆိုင်များတွင် ထိုးနှံလျှင် ရုပ်ပုံအရွယ်အစားနှင့် အနေအထားပေါ်မူတည်၍ အနည်းဆုံး ကျပ်သုံး
သောင်းမှသည် သိန်းနှင့်ချီ၍ ကုန်ကျတတ်သောကြောင့် ငွေကြေးမတတ်နိုင်သူ လူငယ်တို့အတွက် ပွဲဈေးတန်းတက်တူးကိုသာ ဖက်တွယ်စရာဖြစ်လာရသည်။
လူငယ်အများစု၏ ခန္ဓာကိုယ်ပေါ်မှ တက်တူးရုပ်ပုံများသည် ထို ၁၂ ပွဲ တက်တူးဆိုင်လေးများထံမှ အစတည်လာလေ့ရှိပြီး တချို့ကတော့ သူငယ်ချင်း အချင်းချင်း ရေးထိုးပေးခြင်းမျိုးဖြင့် စတင်ခဲ့ကြသည်။ ထိုအရင်းအမြစ်များမှတစ်ဆင့် မလိုလားအပ်သော ရောဂါပြဿနာများ ဖြစ်ပေါ်လာလေ့ရှိသည့်အတွက်တက်တူးရေးထိုးခြင်းအပေါ် တွန့်ဆုတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်တော့ ၁၂ ပွဲဈေးမှ တက်တူးဆိုင်များကလည်း တစ်ခါသုံးအပ်ကို သုံးစွဲလာကြသည်ကို တွေ့ရသည်။
“ပွဲဈေးတန်းမှာ ထိုးပေးတာတွေ မဖြစ်စေချင်တော့ဘူး။ ကိုယ့်ပညာနဲ့ ဆိုင်ဖွင့်ပြီး သင့်တင့်တဲ့ ဈေးနဲ့ ထိုးပေးကြစေချင်တယ်။ ဒီလိုပွဲတွေမှာ လိုက်ထိုးနေမယ့်အစား ကိုယ့်အနုပညာနဲ့ကိုယ်ထိုးမယ့် လူကရောက်လာမှာပဲ” ဟု ကိုကုလားက ၁၂ ပွဲဈေးတန်းများမှ တက်တူးဆိုင်ခန်းများအပေါ် အကြံပြုသည်။
ဆယ်စုနှစ်အတော်ကြာ အများစု လက်သင့်မခံခဲ့ကြသော တက်တူးရေးထိုးခြင်း အနုပညာသည် ၂၀၁၀ နောက်ပိုင်းတွင် အလှအပ ဖက်ရှင်ဒီဇိုင်းတစ်ရပ်အဖြစ် လူငယ်၊ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတို့ ကြားထဲသို့ တိုးဝင်လာခဲ့သည်။
လူသိများ ထင်ရှားသောအနုပညာ ရပ်ဝန်းမှ ငွေကြယ်ပွင့် တချို့ထံတွင်လည်း ကျား၊မ မရွေး တက်တူးဖက်ရှင်များဖြင့် တန်ဆာဆင်ထားသည်ကို တွေ့လာရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် တက်တူးဆိုင်များက နေ့စဉ် လူမပြတ်တမ်း ထိုးနှံပေးခဲ့ရပြီး ယခုနှစ်မှ စတင်ကာ ပိုမို ပွင့်လန်းလာလိမ့်မည်ဟု တက်တူးရေးထိုးသူတို့က ယုံကြည်ထားကြသည်။
“ဖြစ်သလို မလုပ်ဘူးဆိုရင် ဒီထက်ပို တိုးတက်ဖို့ပဲ ရှိတယ်။ ဖြစ်သလိုရေး၊ ဖြစ်သလို ထိုးမယ်ဆိုရင်တော့ တက်တူး ထိုးတာကို ရှုတ်ချတဲ့လူ များလာမယ်။ မြင်တာနဲ့ အသားက လှတယ်လို့ ပြောနိုင်ဖို့ လိုတယ်” ဟု ကိုသန့်ဇင်ဝင်းက တက်တူး ရေးထိုးသူ တစ်ဦးအနေဖြင့် မှတ်ချက်ပြုသည်။
တက်တူးသည် အလှအပတစ်ရပ်သာ ဖြစ်ပါသည်။ တက်တူးထိုးသူတိုင်းသည် လမ်းသရဲ မဟုတ်၊ လူမိုက်မဟုတ်ကြသလို တက်တူးထိုးသည့် မိန်းကလေးများကိုလည်း မကောင်းသည့် အမျိုးသမီးဟု သတ်မှတ်လို့ မရဘဲ ခေတ်နှင့်အညီ မျောပါလာသော ဖက်ရှင်တစ်ရပ်သာဖြစ်ကြောင်း တက်တူးထိုးထားသူများက တညီတညွတ်တည်း မှတ်ချက်ပေးကြပါသည်။
လူငယ်တစ်ဦး၏ ယုံကြည်ချက်အရ ပြုလုပ်ခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍ ချစ်သူ၏အမည်ကို ခန္ဓာကိုယ်တစ်နေရာတွင် အမြတ်တနိုး ရေးထိုးထားသော မခိုင်ပြည့်တစ်ယောက် နောင်တမရမိပါ။ သူကအောက်ပါအတိုင်း ပြောပါသည်။
“ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ခဲ့တဲ့ အမှတ်တရပေါ့။ တက်တူးဆိုတာ အသက်ကြီးလာတဲ့အခါ လူငယ်ဘ၀ရဲ့ အမှတ်ရစရာတစ်ခုတော့ ဖြစ်လာမှာပေါ့” ဟူ၍ ဖြစ်သည်။
ရေးသားသူ- ဥက္ကာကိုကို
7Day News Journal Facebook

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်