အခွန်ဝန်ထမ်းနှင့် လုပ်ငန်းရှင် တိုက်ရိုက်ထိတွေ့ရန်မလိုသော ၀င်ငွေခွန်ကြေညာသည့်ပုံစံ ပြောင်းလဲကျင့်သုံးမည်

စီးပွားရေးလုပ်ငန်းများ အခွန်ဆောင်ရန်အတွက် မိမိ၏ အခွန်ကြေညာလွှာကို မိမိကိုယ်တိုင် ကြေညာသည့်စနစ်အား စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။

ယင်းစနစ် စတင်ကျင့်သုံးမည်ဆိုပါက အခွန်ထမ်းနှင့် အခွန်ဝန်ထမ်းတို့ ထိတွေ့မှုနည်းပါးသွားပြီး အဂတိလိုက်စားမှုလည်း ကင်းရှင်းသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောသည်။

စီးပွားရေး လုပ်ငန်းများ၏ ၀င်ငွေခွန်ကို ယခင်က အခွန်ဝန်ထမ်းမှတစ်ဆင့် တိုက်ရိုက် ကောက်ခံခြင်းဖြစ်ကာ ယခုစနစ် သစ်၌ ၀င်ငွေခွန်ကြေညာလွှာကို မိမိဘာသာပြုစု၍ အွန်လိုင်းမှသော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်သော် လည်းကောင်း ကြေညာလွှာအား ပေးပို့ရမည်ဖြစ်ကြောင်း ဦးကျော်ကျော်က ပြောသည်။ ယင်းစနစ်သစ်ကို ယခုနှစ်
အတွင်း စတင်ပြောင်းလဲကျင့်သုံးဖွယ်ရှိကြောင်း ၎င်းကပြောသည်။

အခွန်ဝန်ထမ်းနှင့် လုပ်ငန်းရှင်တို့ ထိတွေ့မှုနည်းပါးပါက ဌာနတွင်း အကျင့်ပျက်ခြစားမှု နည်းပါးသွားနိုင်ပြီး နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံသူများကိုလည်း ယင်းစနစ်ဖြင့် ဆွဲဆောင်နိုင်ကြောင်း၊ ပွင့်လင်းလာသည့်မူဝါဒအရ အခွန်စနစ်မှာ နောက်ပိုင်းတွင် များစွာအရေးကြီးလာနိုင်ကြောင်း လွယ်ဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

“နိုင်ငံတကာမှာဆို အခွန်ကြေညာလွှာ မမှန်ကန်ရင် တရားစွဲလို့ရတယ်။ ဒီနိုင်ငံမှာ ဒီစနစ်ကျင့်သုံးဖို့ အချိန်တစ်ခုတော့ လိုဦးမယ်။ ဒါမှလူတွေလည်း အခွန်ဆောင်ရတဲ့ အသိတရား ပိုဝင်လာမှာပေါ့” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားလွှတ်တော်တွင် နိုင်ငံတော်၏ အခွန်နှင့်ပတ်သက်၍ ဆွေးနွေးမှုအချို့ရှိခဲ့ပြီး ယင်းဆွေး နွေးမှု၏ရလဒ်ကြောင့် ယခုလို အခွန်စနစ်ကို တဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်း ဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

“လုပ်ငန်းရှင်နဲ့ အခွန်ဝန်ထမ်းတို့ရဲ့ ပူးပေါင်းပြီးလုပ်တဲ့ မသမာမှုတွေ ပျောက်သွားစေချင်လို့ ဒီစနစ်ကို အကောင်အထည်ဖော်တယ်ထင်ပါတယ်။ နိုင်ငံသားတိုင်း ကိုယ့်တာဝန်ကိုယ်ကျေမယ်ဆို ဒီစနစ်က အောင်မြင်သွားမှာပါ” ဟု ကုန်သည်/စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကပြောသည်။

၎င်းစနစ်မှာ အခွန်ရှောင်ရန် လွယ်ကူသွားသော်လည်း ကြေညာလွှာတင်မည့် လုပ်ငန်းရှင်များအား သင်္ကာမကင်းဖြစ်ပါက လုပ်ငန်းထဲသို့ တိုက်ရိုက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကာ ကြေညာလွှာစာရင်းနှင့် လက်ရှိဝင်ငွေတို့ ကွာဟပါက ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းစနစ်ပြောင်းလဲမည်ဆိုခြင်းနှင့်ပတ်သက်၍ တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ အကြီးအကဲ ဦးကိုကိုထွေးက “အခွန်ကို မကြေညာတဲ့သူက အမှန်မဟုတ်ဘူးဆိုရင် အပြစ်ဒဏ်ကြီးသွားမယ်။ နည်းစနစ်မှန်ကန်ဖို့တော့ လိုမယ်။ အစိုးရအတွက် အရမ်းကို ကောင်းတဲ့စနစ်တစ်ခုပဲ” ဟု ၎င်းကပြောသည်။

အခွန်စနစ်ပြောင်းလဲမှု၏ ပထမအဆင့်ဖြစ်သော အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်သည့် ၀င်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတို့အရ ၀င်ငွေခွန် တစ်ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ စတင်ပြောင်းလဲ ကောက်ခံနေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ သိရသည်။ ဒုတိယ ပြောင်းလဲမှုဖြစ်သည့် ပြည်တွင်း ပြည်ပမှ တိုးပွားလာမည့် ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ အခွန်စနစ်နှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အခွန်ဆိုင်ရာ ၀န်ဆောင်မှုရုံးကိုလည်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ ပြီးဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ဘဏ် တို့မှ လိုအပ်သော အထောက်အပံ့ နည်းပညာများကို ရယူ၍ အခွန်စနစ်အား ဖြည်းဖြည်းချင်း ပြုပြင် ပြောင်းလဲသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စီးပွားရေးလုပ်ငန်းများမှ ၀င်ငွေခွန်ကြေညာလွှာကို နှစ်စဉ် ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာအခွန်ရုံးများရှိ သက်ဆိုင်ရာအခွန်ဦးစီးမှူးများထံ ပုံမှန်တင်ပြရလေ့ရှိပြီး အခွန်ချလန် ထွက်ခါနီးတွင် ၎င်းတို့နှင့် တိုက်ရိုက်တွေ့ဆုံညှိနှိုင်းရပြီး ငွေကြေးပေးရသည့် အခြေအနေမှာ ယခင်ကလို မဆိုးတော့သော်လည်း အစဉ်အလာမပျက်ရှိနေသေးကြောင်း ကုမ္ပဏီတစ်ခုမှ လက်ထောက်အထွေထွေမန်နေဂျာ(ဘဏ္ဍာရေး) တစ်ဦးကပြောသည်။

7Day News Journal Facebook

0 မှတ်ချက်များ: