ရန်ကုန်- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်
အရေးကြီးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးပါဝင်ဆွေးနွေးရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊
ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက် အရေးကြီးကိစ္စဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၈ ခုလုံးနဲ့ သက်ဆိုင်တဲ့ကိ
စ္စဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စလို့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။
ထို့အပြင် ယခုအချိန်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ အစီရင်ခံစာကို ဒီဇင်လာလကုန်တွင် တင်သွင်းရန် သတ်မှတ်ပြီးဖြစ်သည်။
အစီရင်ခံစာမတင်သွင်းမီ အခြားနည်းလမ်းများဖြင့်
ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ
လေ့လာသုံးသပ်ရေးကော်မတီ၏ တွေ့ရှိချက်များနှင့် ကွဲလွဲမှုများ ဖြစ်လာနိုင်ကြောင်း၊ ထို့ ကြောင့် ယင်းကော်မတီ၏ အစီရင်ခံစာတင်သွင်းပြီးမှသာ တွေ့ဆုံမှုကို စဉ်းစားသင့်သည်ဟု ယူဆကြောင်း သမ္မတနှင့်ကာချုပ်တို့ က သဘောတူသည်ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရေးကို စီစဉ်ပေးရန်
နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ၎င်းတို့နှစ်ဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
“တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် သွေးစည်းညီညွတ်ပြီး တိုင်တိုင်ပင်ပင်ပြုလုပ်ဖို့ဆိုတဲ့ သဘောထားမျိုးနဲ
့ ဒေါ်စုက တောင်းဆိုတာဖြစ်လိမ့်မယ်။
တပ်မတော်ကတော့ သီးခြားသဘောထားမျိုးဖြစ်နေတယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခံယူထားတာကြောင့် တွေ့ဖို့မလိုဘူးလို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
“တွေ့ဆုံဆွေးနွေးတာ ကောင်းတဲ့လုပ်ရပ်ပဲ။ မြန်မာပြည်မှာ အမြင့်ဆုံးပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပြီးလုပ်ကြရင် ကောင်းမယ်။
မဖြစ်နိုင်ဘူးဆိုတာတော့ ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာ နားမလည်ဘူး။
သေချာတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က အဖွဲ့အစည်းအားလုံးက သဘောထားမှတ်ချက်ပေးပြီးသား
ပြုပြင်ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးမှုဖြစ်မလာဘူးဆိုရင် အစိုးရက ပြုပြင်ပြောင်းလဲရေးကို လိုလိုလားလားရှိရဲ့လားဆိုတာ စိတ်ပူစရာဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သုံးသပ်ပြောကြားသည်။
7Day News Journal
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်