ပတ်ဆောင်ဟွာက ပြိုင်ပွဲစည်းမျဉ်းကို အင်ဒိုနီးရှားကို ရှုံးပြီးမှသိဟု ပြောကြား

ရန်ကုန်- အင်ဒိုနီးရှားနှင့် ရမှတ်တူနေပါက ထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့် အကြိုဗိုလ်လုပွဲတက်ရေး ဆုံးဖြတ်မည့် စည်းမျဉ်းကို ပွဲအပြီးမှသိကြောင်း မြန်မာနည်းပြ ပတ်ဆောင်ဟွာက အံ့အားသင့်ဖွယ် ပြောကြားလိုက်သည်။

အင်ဒိုကို တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ပွဲအပြီးတွင် အင်ဒိုကစားသမားများ ပျော်ရွှင်နေခဲ့ပြီး မြန်မာကစားသမားများ ငိုကြွေးသည်ကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရပြီး ထိုအချိန်ကျမှ ပြိုင်ပွဲစည်းမျဉ်းကို သိရှိခြင်းဖြစ်ကြောင်း ပတ်ဆောင်ဟွာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ အဆိုပါစည်းမျဉ်းနှင့် ပတ်သက်ပြီး သူ့အား မည်သူတစ်ဦးတစ်ယောက်မျှ မပြောပြခဲ့ဟုလည်း ပတ်ဆောင်ဟွာကဆိုသည်။

ရှုံးပွဲကြောင့် မြန်မာမှာ အင်ဒိုနှင့် အမှတ်တူ၊ ဂိုးသာသော်လည်း ထိပ်တိုက်တွေ့ဆုံမှု ရှုံးနိမ့်၍ အကြိုဗိုလ်လုပွဲတက်ရောက်ခွင့် ဆုံးရှုံးခဲ့သည်။ ပတ်ဆောင်ဟွာက အုပ်စုတက်ရေးကို ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဟု ပွဲပြီးဆုံးသည်အထိ ယုံကြည်နေခဲ့ပြီး မြန်မာသည် အင်ဒိုကို သုံးဂိုးအထိ ရှုံးနိမ့်၍ရကြောင်း ထင်မြင်နေခဲ့သည်ဟု ဆိုသည်။

“ပွဲရဲ့စည်းမျဉ်းစည်းကမ်းကို သိပ်ပြီးမသိလိုက်ဘူး။ ရဂိုးနဲ့ အမှတ်နဲ့ ဆုံးဖြတ်မှာထင်တာ။ သုံးဂိုးပေးရရင်တောင် တက်မယ်လို့ ထင်ထားတာ” ဟု မြန်မာအသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့သည့် တောင်ကိုရီးယားနည်းပြက စကားပြန်မှတစ်ဆင့် ပြောသည်။
ထို့ကြောင့် သူ့အနေဖြင့် လုံးဝဥဿုံ အကြိုဗိုလ်လုပွဲတက်မည်ဟု ယုံကြည်ခဲ့သည့်အတွက် အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံမည့်အသင်းများကို ထောက်လှမ်းရန် နေပြည်တော်သို့ သူ၏ ဗီဒီယိုကင်းထောက်ကိုပင် ကြိုတင်လွှတ်ထားသည်ဟုဆိုသည်။
မြန်မာနည်းပြချုပ်က အဆိုပါစည်းမျဉ်းကို မသိရှိဟုဆိုသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ အင်တာနက်စာမျက်နှာတွင် “မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်နေရာအတွက် နောက်ဆုံးပွဲတွင် အင်ဒိုနီးရှားအား အနိမ့်ဆုံး သရေကစားရန် လိုအပ်နေသည်” ဟု အင်ဒိုနီးရှားနှင့်ပွဲမတိုင်မီ နာရီ ၃၀ ကြာကတည်းက တင်သည့် သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

ထို့အပြင် အမှတ်တူနေပါက ထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့် ဆုံးဖြတ်မည့်စည်းမျဉ်းမှာ မှန်ကန်ကြောင်း မြန်မာဘောလုံးအသင်း အုပ်ချုပ်သူ ဦးစိုးမိုးက ပွဲမစမီတစ်ရက်အလိုက 7Day Daily ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် တရားဝင်ထုတ်ပြန်ထားသည့် နည်းစနစ်လက်စွဲစာအုပ်၏ စာမျက်နှာ ၄၂ တွင်လည်း အဆိုပါစည်းမျဉ်းကို အတိအကျဖော်ပြထားသည်။

မြန်မာနည်းပြချုပ်၏ ပြောစကားကို ပြိုင်ပွဲအပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် အင်ဒိုနည်းပြချုပ်နှင့် မြန်မာ၊ အင်ဒိုမှ မီဒီယာသမားများလည်း အံ့အားသင့်ခဲ့ကြသည်။

“သူပြောတာ သေချာရဲ့လား။ တကယ်မသိဘူးဆိုတာက တကယ်ပြောနေတာလား။ ဘာသာပြန်လွဲတာလား”ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အင်ဒိုနီးရှား သတင်းထောက်တစ်ဦးက မြန်မာသတင်းထောက်အချို့ကို ပြောသည်။

အင်ဒိုနီးရှားနည်းပြက အဆိုပါစည်းမျဉ်းကို သူ၏အသင်းသားများအတွက် စိတ်အားတက်ကြွစရာ လက်နက်တစ်ခုအဖြစ် ပြောပြပြီး ယခုပွဲကို ကစားစေခဲ့သည်ဟုဆိုသည်။ ပတ်ဆောင်ဟွာက ရှုံးပွဲမှာ ကစားသမားများတွင် အပြစ်မရှိဘဲ အားလုံး သူ့တွင်သာအပြစ်ရှိကြောင်း ဆိုသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး အသင်းကို အားပေးထောက်ခံသူများနှင့် မြန်မာအားကစားသတင်းထောက်များကလည်း ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။

“ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက်၊ ဘောလုံးအပေါ် ရူးသွပ်မျှော်လင့်ကြတဲ့ သန်း ၆၀ သော ပြည်သူတွေကို စော်ကားသလိုပဲ။ အခွင့်အရေးက ကိုယ့်လက်ထဲရှိနေလျက်နဲ့။ စည်းမျဉ်းမသိဘူးဆိုတာ နားမလည်နိုင်ဘူး”ဟု တက်လမ်းအားကစားဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကပြောသည်။

“MFF မှာ လုံးဝတာဝန်ရှိတယ်။ နည်းပြတစ်ယောက်တည်းကို ၀ကွက်အပ်တာကိုက ရှင်းရှင်းပြောရရင် MFF မှာလည်း တာဝန်ရှိတယ်”ဟု ၎င်းကပြောသည်။

7Day news Journal

0 မှတ်ချက်များ: