ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်တွင်
ဒေသအာဏာပိုင်များက မြန်မာ-၀မ်ပေါင်ကုမ္ပဏီ၏အစီအစဉ်ကိုသာ ချပြခြင်းဖြစ်၍
ဂျူနီယာအော်ပရေတာသင်တန်းသားများ ဇွန် ၃၀ ရက်က နံနက် ၈ နာရီမှ မွန်းတည့် ၁၂
နာရီခန့်အထိ ဆက်လက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် မြန်မာ-၀မ်ပေါင်ကုမ္ပဏီ ဒုတိယအသုတ် အငယ်တန်းအော်ပရေတာသင်တန်းသားများ ဇွန် ၃၀ ရက်က ဆန္ဒထုတ်ဖော်စဉ် |
လက်ပံတောင်းတောင် မြန်မာ-၀မ်ပေါင်ကုမ္ပဏီ ဒုတိယအသုတ် အငယ်တန်းအော်ပရေတာသင်တန်းသားများသည် လစာတိုးမြင့်ရရှိရေးအတွက် ဆန္ဒပြသူတစ်ရာကျော်ဖြင့် ဆားလင်းကြီးမြို့နယ် ထန်းတောကျေးရွာထိပ်မှ စတင်ကာဆန္ဒပြခဲ့ပြီး လုပ်ခလစာတိုးမြင့်ရရှိရေး၊ ဒေသခံအလုပ်သမားများ အခွင့်အလမ်းအပြည့်အ၀ရရှိရေး၊ သင်တန်းသားများအားလုံး တန်းတူအခွင့်အရေးရရှိရေး၊ အလုပ်သမားအကျိုးခံစားခွင့် အပြည့်အ၀ရရှိရေး၊ ဒေသခံများ လူနေမှုဘ၀တိုးတက်မြင့်မားရေး၊ မြန်မာ-၀မ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ လူသားချင်းစာနာထောက်ထားရေး၊ မြန်မာ-၀မ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေး စသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့ကြပြီး မြန်မာ-၀မ်ပေါင် ဘာလဲ၊ ဘယ်လဲ စသည်ဖြင့် မေးခွန်းထုတ်ကာ မြန်မာ-၀မ်ပေါင်ရုံးအနီးရှိ မုံရွာ-ပုသိမ်လမ်းဆုံအထိ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
"ဇွန် ၂၁ ရက်ဆန္ဒပြတုန်းက ဒေသအာဏာပိုင်တွေနဲ့တွေ့ဖို့ စောင့်ဆိုင်းခဲ့ပြီး နေ့လယ် ၁ နာရီလောက်မှာ ခရိုင်ရဲမင်းကြီး နေဒွန်း၊ နယ်လုံဝန်ကြီး ဦးကြည်နိုင်၊ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်တို့နဲ့ တွေ့ခွင့်ရခဲ့တယ်။ တွေ့ခွင့်ရတယ်ဆိုပေမယ့် ဒေသခံအလုပ်သမားတွေအနေနဲ့ ဘာမှတောင်းဆိုခွင့်မရပါဘူး။ request လုပ်လို့ လုံးဝမရပါဘူး။ မြန်မာ-၀မ်ပေါင်ကုမ္ပဏီပေးနိုင်တဲ့အနေအထားကိုသာချပြပြီး ဆန္ဒပြအလုပ်သမားတွေကို နားချတဲ့သဘောဖြစ်နေတယ်" ဟူ၍ ကိုသန်းလွင်ကဆိုသည်။
မြန်မာ-၀မ်ပေါင်မှ ဆန္ဒပြလျက်ရှိသည့် ဒုတိယအသုတ် အငယ်တန်းအော်ပရေတာသင်တန်းသားများကို လေလောဆယ် အလုပ်လုပ်ရာတွင် ဒေါ်လာ ၁၂၀ ဖြင့်လုပ်ကိုင်ကာ ခြောက်လကြာမြင့်ပါက စာမေးပွဲဖြေဆိုအောင်မြင်ပြီးက ဒေါ်လာ ၁၈၀ ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုအောင်မြင်ခြင်းမရှိပါက လုပ်ငန်းခွင်ဝင်ပြီး ၁၃ လကြာမြင့်မှသာ ၁၈၀ အထိ တိုးမြင့်ပေးမည်ဟု သိရသည်။
"ခြောက်လကြာမှ ဒေါ်လာ ၁၈၀ ဖြစ်မယ်ဆိုတော့ ဂရိတ်နိုင်းဘားဆုံးတဲ့ အခြေခံဝန်ထမ်းတွေနဲ့ အတူတူဖြစ်နေပါတယ်။ ဂျူနီယာအော်ပရေတာသမားတွေအားလုံးက လက်ပံတောင်းတောင်ဝန်းကျင်က ဒေသခံအလုပ်သမားတွေပါ။ စီနီယာသမားတွေက စလုပ်လုပ်ချင်းပဲ ဒေါ်လာ ၃၀၀ ရတယ်။ ဇွန် ၂၄ ရက်က သမ္မတရုံးဝန်ကြီးဦးလှထွန်းက ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာ ကျောင်းဖွင့်ပွဲလာတော့ အလုပ်သမားတွေက တွေ့ခွင့်တောင်းဆိုတော့ ဒေသအာဏာပိုင်တွေကတွေ့ခွင့်ပေးပြီး ဆားလင်းကြီးက စက်မှု ၁ ချည်မျှင်အထည်စက်ရုံကို လိုက်ခဲ့ဆိုလို့ သွားတွေ့ပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး" ဟု မြန်မာ-၀မ်ပေါင်မှ ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောကြားသည်။
Eleven သတင်းမီဒီယာမှ ကူးယူဖော်ပြပါသည်။
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်