သန်လျင်မြို့နယ်ရှိ အိမ်အကူ သင်တန်းကျောင်းတစ်ခုတွင် သင်တန်းပေးနေစဉ် (ဓာတ်ပုံ-Gold Mine) |
ဝန်ဆောင်ခ အကြွေးစနစ်ဖြင့် ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် မြန်မာအမျိုးသမီး ၂၀၀ ကို ထပ်မံခေါ်ယူနေကြောင်း ဟောင်ကောင်သို့ အိမ်အကူတင်ပို့သည့် Gold Mine အေဂျင်စီမှ သိရသည်။
ဟောင်ကောင်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ရန်အတွက် သင်တန်းကြေး၊ နေထိုင်မှု၊ စားသောက်မှု၊ ဆေးစစ်မှု၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ အလုပ်လုပ်ခွင့်လက်မှတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ်များအတွက် အေဂျင်စီမှ စိုက်ထုတ်ပေးမည်ဟု သိရသည်။
ထိုသို့ ဟောင်ကောင်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်မည့် အလုပ်သမားတစ်ဦးသည် နေစရိတ်စားစရိတ်ငြိမ်း တစ်လလျှင် လစာ ဟောင်ကောင်ဒေါ်လာ ၄၀၁၀ (မြန်မာငွေကျပ် ၅၀၀၀၀၀) ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဟောင်ကောင်သို့ အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအိမ်အကူ အမျိုးသမီးများ ဟောင်ကောင်တွင် အိမ်အကူ အလုပ်အကိုင် ရရှိမှသာ ရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၅၀၀ နှင့် ကုမ္ပဏီမှ ဟောင်ကောင်သို့ စတင်ရောက်ရှိစဉ် ထုတ်ချေးပေးသော အမေရိကန်ဒေါ်လာ ၃၈၇ ဒေါ်လာကို အဖြစ် ဖြတ်တောက်သွားမည်ဖြစ်ပြီး အတိုးနှုန်းများနှင့်အတူ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉၄၇ ဒေါ်လာဝန်းကျင် (မြန်မာငွေကျပ်သိန်း ၂၀ ၀န်းကျင်ခန့်) ကို ၀န်ဆောင်ခအဖြစ် ရှစ်လအတွင်း ဖြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်စဉ် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက အာမခံကြေး ကျပ်သိန်း ၅၀၀ ရရှိအောင် ဆောင်ရွက်ပေးမည်ဟု အေဂျင်စီက ပြောကြားထားသည်။
မကြာသေးမီက ဟောင်ကောင်ရောက် အင်ဒိုနီးရှား အိမ်အကူတစ်ဦးအား ဟောင်ကောင်အိမ်ရှင် လင်မယားက အလွန်အမင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏ အိမ်အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူစေလွှတ်ရန် ဈေးကွက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ အလုပ်သမား ၀န်ကြီးဌာနသည် ဟောင်ကောင်သို့ အိမ်အကူစေလွှတ်ရန် တရားဝင် လိုင်စင်ချထားပေးခဲ့ပြီး ယခုနှစ် အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူ ထောင်နှင့်ချီ၍ ပို့ဆောင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။
နန်းစုနှင်းထွေး
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်