မြန်မာနှင့်ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သော ရိုးရာလက်ဝှေ့ ဒိုင်လူကြီးများအနေဖြင့် ကစားသမားများအပေါ် မျှတစွာဆုံးဖြတ်ခြင်းမရှိဘဲ ဘက်လိုက်ဆုံးဖြတ်မှုများရှိခဲ့ကြောင်း ထိုင်းမွေလက်ဝှေ့အဖွဲ့ခေါင်းဆောင် ချာရာဝတ်ကပြောသည်။
‘‘ဒိုင်တွေအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်။ ဘန်ကောက်မှာ ကစားသမားတွေကို စည်းဝိုင်းကထွက်ခွာဖို့အတွက် ညင်သာစွာပြောဆိုကြတယ်။ ဒီပွဲမှာ တာဝန်ယူတဲ့ ဒိုင်တွေက ကစားသမားတွေကို အတင်းမောင်းထုတ်တာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။
ပွဲစဉ်ငါးပွဲမြောက်တွင် ယှဉ်ပြိုင်ခဲ့သည့် စောဂေါ်မူတိုနှင့် ဖာခေါတို့ပွဲတွင် ဖာခေါမှာ စောဂေါ်မူတို၏ ထိုးချက်ကြောင့် လဲကျခဲ့ပြီး ဒိုင်က အမှတ်စဉ်ရေတွက်နေစဉ်တွင် အနားတောင်းခဲ့သော်လည်း စည်းဝိုင်းအတွင်းမှ ဒိုင်လူကြီးက မမြင်သောကြောင့် အမှတ်စဉ် ပြီးဆုံးသည်အထိ ရေတွက်ခြင်းခံခဲ့ရပြီး အရှုံးပေးခဲ့ရသည်။
‘‘တကယ်တော့ ဒီဘက်က အနားတောင်းနေတာ။ ဒါကို ဒိုင်ကမမြင်ခဲ့ဘူး။ အမှတ်စဉ်ပြီးဆုံးအောင် ရေတွက်ခြင်းခံခဲ့ရပြီး အရှုံး ပေးခဲ့ရတဲ့အတွက် ဒီပွဲရဲ့ရလဒ်ဟာ မျှတမှုမရှိဘူး။ ဒါကြောင့် စည်းဝိုင်းအပြင်မှာရှိတဲ့ တာဝန်ရှိသူတွေကို စောဒကတက်ရတာ ပါ’’ဟု ချာရာဝတ်က ပြောကြားသည်။
မြန်မာရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာလက်ဝှေ့မှာ ခြားနားခြင်းမရှိသော်လည်း ယခု ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများမှာ ခေါင်းတိုက်ခြင်းကို အသုံးပြု ယှဉ်ပြိုင်ခဲ့သောကြောင့် ပွဲစဉ်အများစုတွင် ထိုင်းရိုးရာ ကစားသမားများ အထိနာခဲ့ကြပြီး အရှုံးပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ဒိုင်တွေမှာလည်း ဘက်လိုက်မှုကင်းအောင် ဆောင်ရွက် နိုင်ရမယ်။ စောဒကတတ်နေတဲ့အချိန်မှာ မြန်မာဘက်က ဒိုင်အမျိုးသမီးတစ်ယောက်ရဲ့ အပြုအမူဟာ လက်မခံနိုင်လောက်တဲ့ အခြေအနေမှာရှိတယ်။ အရမ်းရိုင်းတယ်။ မွေထိုင်းမှာခေါင်းနဲ့တိုက်ပြီး မပြိုင်ရတဲ့အတွက် ထိုင်းကစားသမားတွေက ခေါင်းမတိုက်ဘူး။ ဒါကြောင့်ရှုံးသွားတာ’’ ဟု ချာရာဝတ်က ပြောသည်။
မြန်မာနှင့်လာရောက်ယှဉ်ပြိုင်ခဲ့သည့် ထိုင်းရိုးရာလက်ဝှေ့ ကစားသမားများမှာ ထိုင်းနိုင်ငံ တွင် အကောင်းဆုံးကစားသမားများ မဟုတ်သေးကြောင်း၊ ထိုင်းတွင် ကီလို ၅၇ တန်းသည် အကောင်းဆုံး ကစားသမားများ ဖြစ်ကြကြောင်း၊ ယခုလာရောက် ယှဉ်ပြိုင်ကြသည့် ကစားသမားများမှာ တွဲဆိုင်းများတွဲရာတွင် လည်း ကီလိုတန်းအလိုက် တွဲပေးမှုမရှိခဲ့သည့်အတွက် ယှဉ်ပြိုင်ရာတွင် ကစားသမားများ အခက်အခဲများရှိကြောင်း ၎င်းက ပြောကြားသည်။ စိုးလင်းဦးနှင့် ပါဝီတို့ပွဲစဉ်တွင် စိုးလင်းဦး၏ ဒူးတိုက်ချက်မှာ ပါဝီပေါင်ခွကြားကို တည့်တည့်ထိခဲ့ပြီး ပါဝီက ကန့်ကွက်ခဲ့သည်။
မြန်မာနှင့် ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် ထပ်မံယှဉ်ပြိုင်ရန်စီစဉ်ထားပြီး ထိုင်းနိုင်ငံမှ အကောင်းဆုံး ကစားသမားများဖြင့် လာရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုစိန်ခေါ်ပွဲတွင် လက်ဝှေ့သမားများကို စုစုပေါင်း ထိုးကြေး ကျပ် သိန်းသုံးရာကျော် ချီးမြှင့်ခဲ့ပြီး၊ ဆယ်ပွဲတွင် မြန်မာက ပွဲစဉ် လေးပွဲတွင် အနိုင်ရရှိခဲ့ပြီး ငါးပွဲ သရေကျကာ တစ်ပွဲရှုံးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
http://www.7daydaily.com/story/15142
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်