နမ့်ဆန်မြို့နယ်တွင် လက်ဖက်ကုန်ကားများကို အကြောင်းမဲ့ ငွေကောက်ခံနေသူများ အရေးယူပေးရန် တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် နမ့်ဆန်မြို့နယ်ရှိ လက်ဖက်စက်ရုံများ၏ ကုန်တင်ကားများကို အကြောင်းမဲ့ ငွေကြေး ကောက်ခံနေသူများအား အရေးယူပေးရန် လက်ဖက်စက်ရုံများက ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့များထံ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

နမ့်ဆန်မြို့နယ် ကွမ်ဟယ် ကျေးရွာအုပ်စုရှိ လက်ဖက်အချို ခြောက်စက်ရုံများသို့ ကုန်ပစ္စည်း လာရောက်ပို့ဆောင်သည့် ကုန် တင်ကားများကို အကြောင်းမဲ့ ငွေ တောင်းခံခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားတစ်စီးလျှင် ကျပ်နှစ်သောင်း မှ ကျပ်တစ်သိန်းအထိ တောင်းခံမှုများရှိကြောင်း လက်ဖက်လုပ်ငန်းရှင်များက ပြောသည်။

‘‘သူတို့တောင်းတာက လေးလုံးထိုးကား (ထော်လာဂျီအကြီးစား) တွေဆီက တောင်းတာ။ လေးလုံးထိုးကားတွေက ရှမ်းပြည်နယ်မှာ လိုင်စင်မချပေးထားဘူး။ အဲဒီကားတွေဆီက နှစ်သောင်း၊ ငါးသောင်း၊ တစ်သိန်းဆိုပြီး တောင်းတယ်’’ ဟု ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောကြားသည်။

ငွေကြေးတောင်းခံသူများသည် မည်သည့်ဌာနဆိုင်ရာ ၀တ်စုံမျှ ၀တ်ဆင်ထားခြင်းမရှိဘဲ အကြောင်းပြချက်လည်း ရေရေရာရာမရှိဘဲ တောင်းခံနေခြင်းဖြစ်ကြောင်း ဦးထွန်းမြိုင်က ပြောကြားသည်။
‘‘အဲဒီကိစ္စတွေကို  ဒေသခံတွေက ပလောင်အုပ်ချုပ်ခွင့်ရ ဒေသအပြင် လွှတ်တော်ကိုယ်စားလှယ်တွေဆီကို တိုင်ထားတယ်။ သူတို့က ဆိုင်ကယ်တွေနဲ့ တောင်းနေတာ’’ ဟု ဦးထွန်းမြိုင်က ပြောသည်။
 လက်ဖက် စက်ရုံများ၏ ကုန်တင်ကားများကို ငွေကြေး တောင်းခံမှုသည် ယခုနှစ်မှစတင်ကာ သိသိသာသာ များပြားလာကြောင်း ယင်းဒေသရှိ စက်ရုံလုပ်ငန်းရှင်များမှ သိရသည်။

http://www.7daydaily.com/story/15130

0 မှတ်ချက်များ: