မန္တလေးမြို့တွင်
ဖြစ်ပွားနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို မြို့သူမြို့သားများ၊
ဒေသခံအာဏာပိုင် အဖွဲ့အစည်းများနှင့် ရဟန်းသံဃာတော်များ
ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် မြို့ခံ စာပေအနုပညာရှင်များက မေတ္တာရပ်ခံ
ပန်ကြားလွှာတစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။
ကမ္ဘာကျော်အောင် ယဉ်ကျေးဖွယ်ရာဖြစ်ခြင်း၊ ဘာသာပေါင်းစုံ ညီညွတ်စွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြခြင်းဟူသော မန္တလေးမြို့၏ အစဉ်အလာကောင်းများကို မြို့သူမြို့သားများအနေဖြင့် ဆက်လက်ထိန်းသိမ်းကြစေရန်၊ မြို့တည်ငြိမ်မှုပျက်ပြားစေသည့် အုပ်စုဖွဲ့အကြမ်းဖက်မှုများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ချက်ချင်းအရေးယူပေးရန်၊ ပဋိပက္ခဖြစ်စဉ်များ တဖြည်းဖြည်းကြီးထွားလာပြီး မီးဟုန်းဟုန်းတောက်မည့်ဘေးမှ ကင်းဝေးစေရန် သံဃာတော်အရှင်သူမြတ်များက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပေးရန် အစရှိသည့် အချက်သုံးချက် ပါဝင်သည့် အထူးမေတ္တာရပ်ခံပန်ကြားလွှာကို ယခုလ ၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က ပြောကြားသည်။
‘‘မန္တလေးကို ချစ်မြတ်နိုးကြတဲ့ စာပေအနုပညာရှင်တွေအားလုံးရဲ့ ဆန္ဒနဲ့ထုတ်တာပါ။ မန္တလေးမှာရှိတဲ့ တစ်စိတ်တစ်ဝမ်းတည်းသော စာရေးဆရာတွေရဲ့ ဆန္ဒပါ။ မီးတောက်ကြီးထဲမှာ ရေတစ်စက်ပင်ဖြစ်သော်လည်း ငြိမ်းအေးစေချင်တဲ့ဆန္ဒနဲ့ လုပ်တာပါ’’ ဟု ဆရာဆူးငှက်က ထည့်သွင်း ပြောသည်။
မန္တလေးယဉ်ကျေးမှုကို အခြေခံပြီး စာပေရေးသားနေကြသည့် မြို့ခံစာပေအနုပညာရှင်များမှာ ယခုဖြစ်ပွားနေသည့်ဖြစ်ရပ်များနှင့် ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်ရသည့်အတွက် ယခုကဲ့သို့ တစ်ထောင့်တစ်နေရာမှ ၀င်ရောက်ပါဝင်ရခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့တွင် လက်ရှိ ရေးသားနေကြသည့် စာရေးဆရာကြီးများအားလုံးနီးပါး ပါဝင်ပြီး ယခု မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၁၉၃၈တွင် လွတ်လပ်ရေးတိုက်ပွဲ၊ ၁၉၃၉ခုနှစ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးများဖြစ်ပွားခဲ့စဉ်က မန္တလေးမြို့ခံ ဘာသာပေါင်းစုံအားလုံး လက်တွဲ၍ နိုင်ငံ နှင့် လူမျိုးအတွက် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသည့် အစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ယခု ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နေသည့် အရေးကြီးသော ကာလအတွင်းတွင် ယင်းတည်ဆောက်ရေး လုပ်ငန်းများကို လမ်းလွဲစေသည့် မည်သည့်ပဋိပက္ခမျိုးကိုမဆို သဘောထားကြီးစွာ ညှိနှိုင်းဖြေရှင်းကြရန် မြို့ခံစာပေ အနုပညာရှင်များ ထုတ်ပြန်ထားသည့် မေတ္တာရပ်ခံပန်ကြားလွှာတွင် ထည့်သွင်းဖော်ပြထားသည်။
http://www.7daydaily.com/story/15126#.U7qfJ9XlaJA

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်