မလေးရှားတွင် သုံးရက်အတွင်း မြန်မာနှစ်ဦး အသတ်ခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးသည့် မြန်မာနိုင်ငံသားများ၏ နာရေးကို ကူညီဆောင်ရွက်ပေးနေသော ကွာလာလမ်ပူနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမျိုးပိုင်သည် ဇူလိုင် ၉ ရက် ည ၈ နာရီတွင် ပူချွန်းမြို့၊ မန်ချူးချိုင့်၌ အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။



အသတ်ခံခဲ့ရသည့် ဦးမျိုးပိုင်သည် ကွာလာလမ်ပူနာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌဖြစ်ပြီး မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးနေသူလည်းဖြစ်သည်။

ယင်းကဲ့သို့ပင် မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးရာတွင် နာမည်ကြီးနေသော ကိုတိုနီသည်လည်း ဇူလိုင် ၇ ရက်က ပီနန်မြို့တော် ဘတ်တာဝပ်မြို့ ၌ အသတ်ခံခဲ့ရပြီး တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှတစ်ဆင့် ပြန်ပို့ပေးနေသူနှစ်ဦးအသတ်ခံရမှုမှာ သုံးရက်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။

ဦးမျိုးပိုင် ထပ်မံအသတ်ခံရခြင်းကြောင့် မလေးရှားနိုင်ငံရောက် မြန်မာများကို ကူညီပေးနေသူအချို့ မြန်မာသံရုံးသို့ ချက်ချင်းသွားရောက်ပြီး သံရုံးအနေဖြင့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးမျိုးပိုင်သည် ဇူလိုင် ၇ ရက်က အသတ်ခံရသော ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သင်္ဂြိုဟ်ရာ၌ လိုက်လံပို့ဆောင်ပေးခဲ့သေးကြောင်း ဦးမျိုးပိုင်၏ မိတ်ဆွေဖြစ်သူတစ်ဦး၏ အဆိုအရ သိရသည်။
‘‘အခုအနေအထားက အရမ်းကြောက်ဖို့ကောင်းတဲ့ အနေအထားဖြစ်နေတယ်။ မလေးရှား မှာနေတဲ့ တရားမဝင်သူတွေကို ပြန်ပို့ပေးတဲ့သူ နှစ်ယောက် အသတ်ခံလိုက်ရတယ်။ တစ်ခုခုလုပ်ဖို့ အခုတိုင်ပင်နေကြပါတယ်’’ဟု ဦးမျိုးပိုင်နှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ဆိုသည်။

ဦးမျိုးပိုင် အသတ်ခံရမှုကြောင့် ကွာလာလမ်ပူမြို့တွင်နေထိုင်သော မြန်မာနိုင်ငံသားများ သီတင်းနှစ်ပတ်တိတိ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ရန်အချင်းချင်း ညှိနှိုင်းတိုက်တွန်းထားကြောင်း သိရသည်။

သတင်းထောက်ကေ

0 မှတ်ချက်များ: