ဇူလိုင်လ ၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ
မန္တလေးနန်းတွင်းမှ သံချပ်ကာကားများအပါအ၀င် စစ်ဘက်သုံးယာဉ် အစီးသုံးဆယ်ခန့်ပါဝင်သော
စစ်ယာဉ်တန်းသည် မဟာအောင်မြေမြို့နယ် မျက်ပါးရပ်ရှိ တပ်မတော်လေ့ကျင့်ရေးတပ်ဝင်းအတွင်းသို့
မန္တလေးမြို့အတွင်း ဖြတ်သန်းပြောင်းရွှေ့ခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ဇူလိုင် ၉ရက် နေ့လယ် ၁၂ နာရီခန့်က မန္တလေးနန်းတွင်းမှ ၁၉လမ်းရှိ နန်းရှေ့တံခါးမှ ထွက်ခွာလာပြီး ကျုံးဘေး ၆၆ လမ်းတစ်လျှောက်၊ ထိုမှ ၂၆လမ်းအတိုင်း မောင်းနှင်ပြီး ၇၈လမ်းမကြီးအတိုင်း ဆက်လက်မောင်းနှင်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း၊ ၃၈လမ်းနှင့် ၃၉ လမ်းရှိ မျက်ပါးရပ်တပ်မတော် လေ့ကျင့်ရေးတပ်ဝင်းအတွင်းသို့ ဖြတ်သန်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
စစ်ယာဉ်တန်း ဖြတ်သန်းမှုကို မြို့ခံအများစုက လတ်တလောမန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနှင့်ပတ်သက်၍ လုံခြုံရေးအရ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
စစ်ယာဉ်တန်းဖြတ်သန်းမှုအား ပုံမှန်စခန်းရွှေ့ခြင်းသာဖြစ်ပြီး ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
နေ့ခင်းအချိန် မန္တလေးမြို့တွင် ယခုကဲ့သို့ စစ်ယာဉ်တန်းများ ပြောင်းရွှေ့သည်ကို ယခင်က မကြုံဖူး၍ စိုးရိမ်မှုများနှင့် ထင်ကြေးအမျိုးမျိုးပေးနေခြင်းများ ဒေသခံပြည်သူများအကြား ဖြစ်ပေါ်နေကြခြင်းဖြစ်သည်။
‘‘တပ်ပြောင်းတာကို မြို့ပတ်တာတော့ မဟုတ်သေးပါဘူး။ အဓိကရုဏ်းထိန်းသိမ်းဖို့တပ်က တပ်မ၉၉ဗျ။ ကိုထွန်းထွန်းနာရေး ၄ ရက်နေ့က တပ်မ၉၉ ၀င်လာတာ။ အခုမြို့ကိုပတ်တာက သံချပ်ကာတပ်ဗျ။ တကယ်လိုအပ်တဲ့အချိန် မြို့ပတ်ပြီး အင်အားပြတာကတော့ တစ်မျိုးပေါ့။ အခုလတ်တလောတော့ မလိုအပ်သေးဘူးထင်ပါတယ်’’ဟု မန္တလေးမြို့ခံတစ်ဦး ဖြစ်သူ ဦးအောင်လတ်ဝင်းကပြော ကြားသည်။
မန္တလေးနန်းတွင်းမှ သံချပ်ကာယာဉ်တန်း မြို့ပတ်ပြသွားသည့် ဓာတ်ပုံနှင့်သတင်းများကို လူမှုကွန်ရက် Facebok စာမျက်နှာပေါ်တွင်လည်း သူခိုးပြေးမှ ထိုးကွင်းထ၊ မလိုအပ်ဘဲ ဟန်ရေးပြသည်ဟူ၍ မျိုးစုံဝေဖန် မှုများရှိခဲ့သည်။
ဇူလိုင် ၃ရက်မှ စတင်၍ မန္တလေးခရိုင်တစ်ခုလုံးတွင် ည ၉နာရီမှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးနောက် ရက်သတ္တပါတ်အတွင်း စစ်ယာဉ်တန်းဖြတ်သန်းသွားလာမှုကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
သတင်းထောက်ကေ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်