မန်းပဋိပက္ခအတွင်း မြန်မာအစိုးရမှ တောင်းဆိုသည့်အတွက် အမေရိကန်အခြေစိုက် Facebook ကုမ္ပဏီမှ Facebookပေါ်တွင် လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်သည့် ရေးသားခြင်းများကို ၂၄ နာရီ စိစစ်ကန့်သတ်မှုများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Facebookစာမျက်နှာပေါ်မှ သွေး ထိုးလှုံ့ဆော်မှုများလျော့ကျစေရန်အတွက် Facebook၏ စည်းကမ်းချက် မူများနှင့်အညီ စိစစ်ခြင်းနှင့် ပိတ်ပင်မှုများအား ပြုလုပ်ပေးရန်အတွက် မန်းပဋိပက္ခဖြစ်စဉ်အတွင်းတွင် မြန်မာအစိုးရ၏ တောင်းဆိုချက်ကို Facebookမှ တာဝန်ရှိသူများမှ လက်ခံခဲ့သည်။
မန်းပဋိပက္ခအတွင်းက လူမှုကွန်ရက်ပေါ်တွင် ဖြစ်ပေါ်နေသည့် သွေးထိုးလှုံ့ဆော်မှုများ၊ ကောလာဟလများ၊ အမုန်းစကားများလျော့ကျစေရေးတို့နှင့် ပတ်သက်ပြီး မြန်မာအစိုးရသည် Facebookမှ ပညာရှင်သုံးဦး၊ ကမ္ဘာ့နာမည်ကြီး နည်းပညာကုမ္ပဏီကြီးများအခြေစိုက်ရာ Silicon Valley မှ ပ ညာရှင်နှစ်ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ၄င်းတို့သည် Facebook ၀ါရှင်တန်ဒီစီအခြေစိုက်ရုံးချုပ်၊ အိုင်ယာလန်အခြေစိုက်၊ အာရှ-ပစိဖိတ်တာဝန်ခံစင်ကာပူမှတာဝန်ရှိသုံးဦးဖြစ်ပြီး ၎င်းတို့အား မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိစစ် အကဲဖြတ်ရန် Facebookမှ တာ ၀န်ပေးထားသည်။
‘‘ဒီလိုကန့်သတ်မှုတွေကို စင်ကာပူ၊ တရုတ်နိုင်ငံတွေမှာလည်း လုပ်ကြတယ်။ အဲဒီလိုလုပ်တာ ကောင်းပါတယ်။ တရားဥပဒေစိုးမိုးမှုရှိလာတဲ့သဘောပေါ့။ ဒါပေမဲ့ အဲဒီလို စိစစ်ပေးမယ့်သူတွေက ရိုးသားဖို့တော့လိုတယ်။ အမုန်းစကားတွေကို တကယ်ပဲတားချင်တဲ့သူလား။ အလွဲသုံးစားလုပ်မယ့်သူလား။ အဲဒီလိုစိစစ်ပေးမယ့်သူတွေရဲ့အထက်မှာ ဘယ်သူတွေက လွှမ်းမိုးထားသလဲ။ ရိုးသားတယ်။ ထက်မြက်မယ်ဆိုရင်တော့ တန်ဖိုးရှိတယ်’’ဟု မန္တလေးကွန်ပျုတာပညာရှင်များအသင်းဥက္ကဋ္ဌဦး ရဲမြတ်သူကပြောပြသည်။
အမုန်းစကားများတားမြစ်စေလိုပြီး တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် ထိုကဲ့သို့ ပိတ်ပင်ခြင်းမျိုးကို ဆောင်ရွက်မှုမှာ ကောင်းမွန်သော်လည်း အမုန်းစကားများ ပျံ့နှံ့လာမည်ကို တားဆီးလို၍မဟုတ်ဘဲ နိုင်ငံရေးအသုံးချ အလွဲသုံးစားလုပ်ပြီး ရိုးရိုးသာမန်သုံးစွဲသူများ၏ အခွင့်အရေးကို ပိတ်ပင်မည်ဆိုပါက မြန်မာနိုင်ငံ အတွက် မကောင်းနိုင်ဟု ၎င်းကဆိုသည်။
အစိုးရနှင့် အဆိုပါပညာရှင်များတွေ့ဆုံရာတွင် နည်းပညာဆိုင်ရာ စိစစ်တည်းဖြတ်ခြင်း ကွန်ဖရင့်တစ်ခုကို ဇူလိုင်တတိယပတ်တွင် ကျင်းပပြုလုပ်ရန် သဘောတူညီခဲ့ပြီး ယင်းသဘောတူညီချက်အရ အစိုးရဖိတ်ကြားထားသည့် Facebook နှင့် Googleမှ နည်းပညာရှင်များ၊ နည်းပညာကုမ္ပဏီများက မြန်မာနိုင်ငံမှ အစိုးရတာဝန်ရှိသူများ၊ နည်းပညာရှင်များ၊ Facebookအသုံးပြုသူများ၊ လူငယ်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသောစိန်ခေါ်မှုများကိုဖြေရှင်းဆောင်ရွက်ရန် ဇူလိုင်လ တတိယပတ်တွင် ရန်ကုန် မြို့၊ MICT Park ၌ တွေ့ဆုံကြမည်ဖြစ်သည်။
မန်းပဋိပက္ခကာလအ တွင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ကို အစိုးရမှ ခေတ္တဖြတ်တောက်ခဲ့ ထိုသို့ ဖြတ်တောက်ခဲ့မှုအပေါ် Accountအမှန်ဖြင့် သုံးစွဲသူများ၊ Facebook အသုံးပြု၍ လူမှုရေးပဋိပက္ခများဖြစ်ပွားမှုကို အသိပညာပေးသူအချို့က လူမှုကွန်ရက်များတွင် အစိုးရအား ဝေဖန်ပြောဆိုခဲ့သည်။
ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများကို ရေးသားသူများအား စိစစ်ကန့်သတ်မည့် အစီအစဉ်ကို ပြည်တွင်းရှိ ဥပဒေပညာရှင်များနှင့် အိုင်တီနည်းပညာရှင်များက သတိဖြင့် ကြိုဆိုကြသည်။သတင်းထောက်ကေ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်