ထိုင်းတွင် မြန်မာလုပ်သား ၃ ဦး အသတ်ခံရမှု သံယသရှိသူတချို့ကို ဖမ်းဆီးထားဟု ဆို

ထိုင်းနိုင်ငံ တောင်ပိုင်း၊ စူရတ်ဌာနီ ခရိုင် ဆိုင်ထောင် အရပ်ရှိ ရာဘာခြံတခြံတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကလေးငယ်တဦး အပါအဝင် ၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူတချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။

ထိုင်း မြန်မာအလုပ်သမား
အသတ်ခံရသူများကို လာရောက်ကြည့်ရှုနေသည့် မြန်မာသံရုံးမှ ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဦးမျိုးသန့်/ဖေ့စ်ဘုတ်)

မြန်မာ အလုပ်သမားများသည် ဇန်န၀ါရီလ ၂၃ ရက်နေ့ ည ၉ နာရီ ၀န်းကျင်၌ အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသည့် မြန်မာ နိုင်ငံသားများမှာ ကိုကျော်ထူး (၂၉ နှစ်)၊ ကိုဆန်းမင်း (၂၂ နှစ်) နှင့်မောင်ချစ်ဖူး (၁၄ နှစ်) တို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ဓမင်းဆိပ်ကျေးရွာနှင့် စံပြကျေးရွာတို့မှ ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
သေဆုံးသူများသည် သေနတ်ဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းနှင့် လည်ပင်းတို့၌ သေနတ်ဒဏ်ရာများ တွေ့ရှိရကြောင်း၊ ၎င်းတို့အား ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။
ထိုအမှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အချက်အလက် အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာ ရဲစခန်းနှင့် မဆက်သွယ်ရသေးကြောင်း၊ လူသတ်မှုနှင့် ဆက်စပ်၍ လူတချို့အား ဖမ်းဆီးထားသည်ဟု သိရကြောင်း၊ မြန်မာ အလုပ်သမားများအား ဥပဒေကြောင်းအရ ကူညီ ဆောင်ရွက် ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။
ရှေ့နေ ဦးအောင်မျိုးသန့်က “ဖမ်းဆီးထားသူ တချို့ ရှိတယ်လို့တော့ သိရပါတယ်၊ ဒါပေမယ့် တရားခံ အစစ် ဟုတ် မဟုတ်ဆိုတာ ပြောလို့ မရသေးပါဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲတွေကို တတ်နိုင်သမျှ လိုက်လံ စုံစမ်းနေပါတယ်။ ပြီးရင် ရလာတဲ့ အချက်အလက်တွေ အားလုံးကို မြန်မာ သံအမတ်ကြီးဆီကို တင်ပြပြီးတော့ သံအမတ်ကြီးရဲ့ ညွှန်ကြားချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။
သံသယဖြင့် ဖမ်းဆီးထားသူများ၏ အရေအတွက်နှင့် မည်သည့်နိုင်ငံသား ဖြစ်သည်ကိုမူ မသိရှိရသေးပေ။
လူသတ်မှုနှင့် ပတ်သက်၍ ထိုင်း လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ထိုင်းနိုင်ငံ၏ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ဦးထူးချစ်က ပြောသည်။
၎င်းက “တချို့ အချက်အလက်တွေကိုတော့ မြန်မာ အစိုးရဆီကို ပေးပို့ထားပါတယ်၊ အမှုမှန် ပေါ်ပေါက်ရေး၊ မှန်မှန်ကန်ကန် ဖြစ်ပေါ်စေဖို့အတွက် မြန်မာအစိုးရရဲ့ ဖိအားပေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာလည်း အရေးကြီးလို့ပါ” ဟု ဆိုသည်။
လူသတ်မှု ဖြစ်ပွားရခြင်း အဓိက အကြောင်းရင်းကို သေချာစွာ မသိရသေးကြောင်း၊ အနီးပတ်ဝန်းကျင်မှ အလုပ်သမားများမှာလည်း သက်သေထွက်ဆိုရန် ကြောက်ရွံ့နေကြကြောင်း သိရသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများသည် ယခင်ကလည်း ၆ လောင်းပြိုင် အသတ်ခံရမှု ရှိခဲ့ကြောင်း၊ ထို့အတူ ပြီးခဲ့သည့် နှစ် အတွင်းကလည်း အလုပ်သမား ၂ ဦး တကြိမ်တည်း အသတ်ခံခဲ့ရကြောင်း၊ အမျိုးသမီးငယ် တဦးသည်လည်း ပြီးခဲ့သည့် နှစ်အတွင်းက အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း၊ ထိုလူသတ်မှုများနှင့် ဆက်စပ်၍ အလုပ်သမားအဖွဲ့များက အချက်အလက်များနှင့်တကွ တင်ပြခဲ့ကြသော်လည်း အမှုမှန်ကို ဖော်ထုတ်နိုင်မှု မရှိခဲ့ကြောင်း သိရသည်။
ဦးထူးချစ်က “ဒီလို လူသတ်မှုတွေက မကြာခဏ ဖြစ်လေ့ရှိပါတယ်၊ ဒါပေမယ့် ဒီလို ကိစ္စတွေကို NGO တွေက ဖော်ထုတ်လို့ မရပါဘူး၊ ဒါကြောင့် အစိုးရက ဖိအားပေး တောင်းဆိုရမယ်၊ အစိုးရချင်း ဆွေးနွေး ပူးပေါင်းမှ ရမယ့်ကိစ္စပါ။ သက်ဆိုင်ရာ အစိုးရအဖွဲ့ အချင်းချင်း ပြောဆိုမှသာ လေးလေးစားစားနဲ့ လုပ်ဆောင်ပေးမယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မကြာခဏ အသတ်ခံရမှု လျော့ကျရေးအတွက် မြန်မာအစိုးရ အနေဖြင့် အလုပ်သမားများအရေး ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ လူသတ်မှု၊ အနိုင်ကျင့် ခံရမှုများ လျော့ကျသွားနိုင်မည် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးသူများက ပြောသည်။
ဦးထူးချစ်က “အရင် အစိုးရတွေထက် စာရင်တော့ လက်ရှိ အစိုးရက ပူးပေါင်း ဆောင်ရွက်မှုတော့ ရှိလာပါတယ်။ ဒါပေမယ့် ဒီထက် လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ဒီလို ပြဿနာတွေ လျော့ကျလာနိုင်မှာပါ” ဟု ပြောသည်။
http://burma.irrawaddy.org/news/2015/01/26/70369.html

0 မှတ်ချက်များ: