ခရစ်ယာန်များ သတ်ဖြတ်ခံရမှု လက်တုံ့ပြန်သည့် အနေဖြင့် လစ်ဗျားရှိ စစ်သွေးကြွ စခန်းများကို အီဂျစ်ဗုံးကြဲ

ကော့ပ်တစ် ခရစ်ယာန် ဘာသာဝင်များ အကြမ်းဖက် သတ်ဖြတ်ခံရခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် အီဂျစ်စစ်တပ်က လစ်ဗျားရှိ စစ်သွေးကြွ စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သမ္မတ အက်ဘ်ဒူလ် ဖာတာ အယ်လ်စီစီက လစ်ဗျားပိုင်နက်ရှိ ဒါနားမြို့တွင် အခြေစိုက်သော စစ်သွေးကြွ လေ့ကျင့်ရေးစခန်းများကို လေကြောင်းမှ ခြောက်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ကြေညာသည်။ ယင်းသည် အစောပိုင်းက အီဂျစ်အလယ်ပိုင်း၊ မင်ညာတွင် ကော့ပ်တစ် ခရစ်ယာန် ဝတ်ပြုခရီးသည်များ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ခြင်းလည်း ဖြစ်သည်။
သေနတ်သမားများက ဘတ်စ်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ လူ ၂၈ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့သည်။ သမ္မတ စီစီက မိမိ၏ နိုင်ငံသားများ လုံခြုံရေးကို ထိပါးလာသည် ဆိုပါက နောက်ထပ်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲသွားမည်ဟု သတိပေးခဲ့သည်။ “စစ်သွေးကြွ စခန်းက ဘယ်နေရာမှာ ရှိနေနေ ကျုပ်တို့ တိုက်မှာ။ အဲဒီအတွက် စိတ်မသန့် ဖြစ်စရာလည်း မရှိဘူး”ဟု သမ္မတက ဆိုသည်။
မေ ၂၆ ရက်က ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်းပြောခဲ့ရာတွင် စီစီက အီဂျစ်နိုင်ငံသား အားလုံးကို မကောင်းဆိုးရွား အကြမ်းဖက် ဝါဒ၏ ခြိမ်းခြောက်မှုမှ ကာကွယ်ရပ်တည်သွားမည်ဟုလည်း ကတိပေးခဲ့သည်။ ထို့အပြင် အကြမ်းဖက်ဝါဒကို ထောက်ခံနေသူ အားလုံးကို အပြစ်ပေးမည် ဖြစ်ကြောင်းနှင့် အကြမ်းဖက် အုပ်စုများကို တိုက်ခိုက်ရာတွင် ပါဝင်ကူညီရန် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အကူအညီ တောင်းခံထားကြောင်းလည်း စီစီက ကြေညာသည်။
မေ ၂၆ ရက် နံနက်အစောပိုင်းက အီဂျစ်ရှိ ကော့ပ်တစ် ခရစ်ယာန် ဘာသာဝင်များ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် လစ်ဗျားအခြေစိုက် စစ်သွေးကြွများ ပါဝင်ခဲ့သည်ဟု ယုံကြည်ရကြောင်း အီဂျစ်စစ်ဘက်က မှတ်ချက်ပေးထားသည်။
လစ်ဗျားတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လက်နက်ကိုင် စစ်အုပ်စု အများအပြားက နယ်မြေအလိုက် လှုပ်ရှားနေပြီး ယင်းတို့အနက် ဂျီဟတ်ဝါဒီ စစ်သွေးကြွများပါ ပါဝင်နေကြောင်း သိရသည်။
Ref: Al Jazeera

0 မှတ်ချက်များ: