ဘယ်သူမဆို စိတ်ဓာတ်ကျတဲ့ အချိန်ဆိုတာရှိတတ်ကြပါတယ်။ မျှော်လင့်သလို ဖြစ်မလာတဲ့ အခြေအနေမျိုးတွေ၊လုပ်သလောက်ခရီးမပေါက်တဲ့ အဖြစ်ပျက်တွေ၊ မထင်ထားတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်တွေမှာ ဘယ် လောက်ပဲစိတ်ဓာတ်မာကျောသူဖြစ်ဖြစ် အနည်းနဲ့အများတော့ ဒီပရက်ရှင်ဝင်တတ်ကြပါတယ်။ဒီပရက်ရှင် (Depressing) ဆိုတာ ၀မ်းနည်းညှိုးငယ်မှုဖြစ်စေသော၊ စိတ်မချမ်းမသာ ဖြစ်စေသော စိတ်ကျတဲ့ခံစားမှုမျိုးပေါ့။လူတိုင်း၊ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားမှုပါ။
အဲဒီလို လူတစ်ယောက်အ နေနဲ့ ဒီပရက်ရှင်ဝင်တဲ့၊ ဒီပရက်ရှင်ရနေတဲ့အချိန်ဆိုတာ ရှိသလိုမျိုးပဲ တိုင်းပြည်တစ်ပြည်အနေနဲ့ လူတစ်ယောက်လို ခံစားကြည့်မယ်ဆိုရင် အခုအချိန်မှာ ကျွန်မတို့ရဲ့ တိုင်းပြည်က ဒီပရက်ရှင်ဝင် နေတဲ့အချိန်၊ ဒီပရက်ရှင်ရနေတဲ့ အချိန်လို့ပဲ တင်စားပြီး ဆိုလိုက် ချင်ပါတယ်။
နိုင်ငံရေး ပယောဂတွေ ကြောင့် ကျွန်မတို့တိုင်းပြည်က အဘက်ဘက်က နိမ့်ကျ၊ အဘက်ဘက်က နောက်ကျကျန်ခဲ့ကြတော့ အိမ်နီးချင်းဖြစ်တဲ့ လာအို တို့၊ ဗီယက်နမ်တို့ကိုတောင် မနည်းမီအောင် လိုက်ကြရမယ့် အခြေအနေပါ။ မြေဧရိယာကျယ် ကျယ်ဝန်းဝန်းရှိပါလျက်၊ သဘာဝသယံဇာတတွေ ကြွယ်ကြွယ်၀၀ ရှိပါလျက်၊ လူသားအရင်းအမြစ် တွေလည်း လုံလုံလောက်လောက် ရှိပါလျက်နဲ့ ဘီလူးကျွန်းသာသာ လောက်ရှိတဲ့ စင်ကာပူလို ကျွန်း နိုင်ငံကို သာဖို့တောင်၊ နောက်အနှစ် ၂၀ လောက်ကြိုးစားရုန်း ကန်ကြရဦးမှာဆိုတော့ သမိုင်းစဉ်တစ်လျှောက် အမှားကြီးမှားခဲ့ ကြတယ်၊ အလွဲကြီးလွဲခဲ့ကြတယ်ဆိုတာ အထင်အရှားပါပဲ။
အတိတ်ကအမှားတွေ၊ အလွဲတွေကို သင်ခန်းစာယူကြပြီး အခုအချိန်က ပြုပြင်ပြောင်းလဲမှု တွေကို လျင်လျင်မြန်မြန်နဲ့ တွန်း တွန်းတိုက်တိုက် လုပ်ဆောင်ကြရ တော့မှာပါ။ ပြုပြင်နိုင်တဲ့၊ ပြောင်း လဲနိုင်တဲ့ အခြေအနေတွေက လည်းရှိလာပြီဆိုတော့ အားလုံး က၀ိုင်းပြီး အနာဂတ်အတွက် ကြိုးစားအားထုတ်ရမယ့်အချိန် တွေပေါ့။ စဉ်းစားကြည့်လေ။ ဒီ လိုပြုပြင်ပြောင်းလဲနိုင်ဖို့ အခြေ အနေတွေရရှိအောင် မျှော်လင့် ထားတဲ့ ဒီမိုကရေစီအစိုးရကို ရရှိ ဖို့ဆိုတာ လွယ်လွယ်ကူကူ၊ ချော ချောမောမောနဲ့ လျှောက်ခဲ့ရတဲ့ လမ်းခရီးတွေမှမဟုတ်တာ။ ထူ ပြောလှတဲ့ ဆူးခင်းလမ်းတွေမှာ တွဲလက်မဖြုတ်တမ်း လျှောက် လှမ်းခဲ့ကြပြီး ပေးဆပ်မှုတွေ တနင့်တပိုးနဲ့ စိတ်ခွန်အားတွေ ညီညာခဲ့ကြတာ ပြန်တွေးကြည့်တော့ မနေ့တစ်နေ့ကလိုပါပဲ။
အဲဒီလို တော်လှန်ရေးကာလတွေမှာ စိတ်ခွန်အားတွေ ညီညာခဲ့ကြသလို တည်ဆောက် ရေးကာလတွေမှာလည်း စိတ်ခွန် အားတွေ ညီခဲ့ကြမယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို့ဆိုတာ ခဲခဲယဉ်းယဉ်းကိစ္စမဟုတ်တော့ဘူး ပေါ့။ တိုင်းပြည်တိုးတက်ဖို့၊ တည် ဆောက်ဖို့ကို အစိုးရနဲ့ ပြည်သူက လက်တွဲညီညီကြိုးစားရုန်းကန်ဖို့ လိုသလို ပြည်သူ၊ ပြည်သားအချင်းချင်းကလည်း စိတ်ဝမ်းတွေ မကွဲကြဘဲ တွဲလက်တွေ ညီနေဖို့၊ ခိုင်မြဲနေဖို့လည်း လိုတာပေါ့။
အခုဆိုရင် ကျွန်မတို့တိုင်း ပြည်က လူမျိုးရေးပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ အခြေမလှတဲ့ အနေအထားပါ။ ပြည်သူပြည်သားအ များစုကလည်း စားဝတ်နေရေးအတွက် ခက်ခဲကျပ်တည်းနေကြတယ်။ တိုင်းပြည် တိုးတက်ဖို့ နေ နေသာသာ ကိုယ့်ဘ၀ကိုယ်ရှင် သန်နိုင်အောင်ပဲ မနည်းရုန်းကန် နေရတဲ့ အခြေအနေပါ။ ကိုယ့်ဘ ၀အခြေအနေလှပမှ၊ဖူလုံမှ၊ တိုင်း ပြည်ရဲ့ အခြေအနေတွေကို လှ အောင်၊ ကောင်းအောင် ပုံဖော်နိုင်ကြမှာလေ။
စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့် လယ်ယာလုပ်ငန်းခွင်က ထွန်း ထွန်းပေါက်ပေါက် မဖြစ်နိုင်သေးတာ အားလုံးအမြင်ပါပဲ။ အခု ခေတ် တောင်သူဦးကြီးတွေခမျာ ရှေးရှေးက တောင်သူဦးကြီးတွေ လို လက်ထဲငွေသီးဖို့ဆိုတာ၊တောသူဌေးတွေ ဖြစ်ကြဖို့ဆိုတာ အတော် ခဲယဉ်းနေတာပါ။ စပါးပေါ်ချိန် ငွေပေါ်ချိန်ဆိုတဲ့ စကားက ဟိုးဝေးဝေးမှာ ကျန်ခဲ့ပြီလို့ ပြောရမလို။ စပါးပေါ်ချိန်မှာ စပါးဈေးကကျတော့ စိုက်သာစိုက် ချေးငွေအပ်ရတာနဲ့တင် လက်ထဲမှာ ကိုယ့်အတွက်ငွေကျန်ဖို့က မသေချာ မရေရာတဲ့ အခြေအနေလေ။
ဒီကြားထဲ နယ်စပ်လမ်း ကြောင်းကနေ တရုတ်က၀င်တဲ့ အသီးအနှံတွေ၊ ပန်းတွေကြောင့် ပြည်တွင်းက တောင်သူတွေ ဒုက္ခ ရောက်ရ၊ အရှုံးပေါ်ရတာတွေ လည်း ရှိကြသေးတယ်။ တရုတ် က သံပရာသီးတွေဝင်လို့၊ သံပရို ပင်တွေကို အရှုံးပေါ်လို့ ခုတ်လှဲ ရတဲ့အကြောင်း၊ တရုတ်က ပန်း မျိုးစုံကို ဈေးချိုချိုနဲ့ ၀င်လာလို့ ပန်းဈေးကွက်ပျက်ပြီး ပြင်ဦးလွင် က ပန်းစိုက်သူတွေ အဆင်မပြေ ကြကြောင်း၊ ခရမ်းချဉ်သီးတွေ အရှုံးပေါ်လို့၊ ဖရဲသီးတွေ အရှုံး ပေါ်လို့ဆိုတဲ့ သတင်းတွေကလည်း ခဏ ခဏပဲဆိုတော့ ကျေး လက်က တောင်ယာလုပ်ငန်းခွင် က တောင်သူဦးကြီးတွေ အဆင် မပြေကြ၊ ဒုက္ခရောက်နေကြမယ် ဆိုရင် ဘယ်လိုလုပ်ပြီး စိုက်ပျိုး ရေးအဓိကထားတဲ့ တိုင်းပြည်က နာလန်ထူဖို့ ဖြစ်နိုင်ပါ့မလဲ။
စိုက်ပျိုးရေးဘက်မှာ တောင် သူလယ်သမားတွေ အဆင်ပြေ အောင်၊ စက်ရုံ၊ အလုပ်ရုံတွေမှာလည်း အလုပ်သမားတွေ အဆင် ပြေအောင် ဖန်တီးပေးနိုင်မှ တိုင်း ပြည်အတွက် ကောင်းမွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ရရှိနိုင်ပြီး ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရနိုင်မှာပါ။ တစ်ဖက်ကလည်း တစ်နိုင်ငံလုံးကပြည်သူတွေအဆင်ပြေအောင်၊ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်အောင် အဖြေရှာဖို့လိုသလို ငြိမ်းချမ်းရေးကိုလည်း အောင်အောင်မြင်မြင်အပြီးသတ်နိုင်အောင်လုပ်ဆောင်နိုင်ဖို့ကလည်း သေရေးရှင်ရေး အရေးကြီးနေတာပါပဲ။ ဒီအနာတွေ၊ ဒီဒဏ်ရာတွေကို ပျောက်ကင်းအောင် ဆေးကုပါမှနာမကျန်းဖြစ်နေတဲ့ ကျွန်မတို့ တိုင်းပြည်ကြီးက ထူထူထောင်ထောင်ဖြစ်လာမှာပါ။
အခုတော့ အဘက်ဘက်က ကောင်းမွန်လာအောင်၊ အားလုံးက ကျားကုတ်ကျားခဲနဲ့ ကြိုးစား ကြရမယ့်အချိန်မှာ အလုပ်တွေ မတွင်ကြဘဲ နှောင့်နှေးကြန့်ကြာမှု တွေ ဖြစ်အောင် ပြဿနာပေါင်း စုံတွေက ရှုပ်ထွေးပွေလီနေကြ လေတော့ ပြဿနာတွေကို ရှင်း နေရတာနဲ့ပဲ အချိန်တွေကုန်နေ ကြရတော့တာပေါ့။
အငြိုးအတေးတွေနဲ့ အုပ်စု ဖွဲ့ရန်စောင်မှုတွေ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအဖွဲ့တွေ၊ အားနည်းချက်တွေကို အကွက်ချောင်းပြီး တိုက်ခိုက်ကြတာတွေက ခုထိကို ရှိနေကြသေးတယ်။ အတိတ်က အမှားတွေကို လက်ညှိုးထိုးလို့ ပြီး ပဲမပြီးနိုင်ကြ။ ချီးမွမ်းထောမနာပြု ဘုန်းတော်ဘွဲ့တွေကလည်း ရိုးပဲ မရိုးနိုင်ကြ။ ပြဿနာတစ်စကို ဆွဲ ထုတ်ပြီး ရှည်သထက်ရှည်အောင် ဆွဲဆန့်နေကြတာနဲ့တင် အချိန်တွေကုန်နေကြရတယ်။ နာလိုခံခက် စကားရိုင်းတွေနဲ့ စိတ်ခံစား ချက်တွေကို ဒီဂရီအမြင့်ဆုံးဇွတ် တင်ကြတာ ပြီးပဲမပြီးနိုင်ကြတော့။ပုဒ်မ ၄၃၆ ဆိုတာက မှေးမှိန်လို့ ပုဒ်မ ၆၆ (ဃ)က ခေတ်စားနေတာပဲ ကြည့်လေ။
မူးယစ်ဆေးဝါးတွေ၊ သက်ငယ်မုဒိမ်းမှုတွေ၊ ခိုးဆိုးလုယက် မှုတွေ၊ လူသတ်မှုတွေစတဲ့ကိစ္စ တွေကို ရှင်းနေရတာနဲ့ပဲ အလုပ်တွေရှုပ်နေရတဲ့ကြားထဲ အမျိုးသားရေးဆိုတဲ့စကားလုံးလှလှ အောက်မှာ သင်းကွဲကြ၊ တိုက် ခိုက်ကြ၊ ဆူပူကြ၊ ဆန္ဒပြကြနဲ့။ ဘာနဲ့တူသလဲဆိုတော့ ကျွန်မတို့တိုင်းပြည်ကြီးက နာမကျန်းဖြစ်နေရတဲ့အထဲ ဓာတ်စီး၊ နတ်စီး၊ ပယောဂ၀င်စီးနေတဲ့ နတ်ဝင်သည် တစ်ယောက်လိုလှုပ်လှုပ် ခတ်ခတ်၊ ရှုပ်ရှုပ်ယှက်ယှက်ကို ဖြစ်နေတော့တာပဲ။
ဒါကြောင့် ကျွန်မပြောတာ ပေါ့။ နာမကျန်းဖြစ်နေတဲ့ တိုင်း ပြည်ကြီးခမျာ သူ့ကိုဆေးကုကြမယ့်သူတွေ အချင်းချင်းရန်ဖြစ်နေကြတာကို ကြည့်ပြီး ဒီပရက်ရှင်ဝင်နေတာလို့။ ။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်