စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များအား တရားစွဲဆို အရေးယူခဲ့သည့်အမှု ၃၁၄၀ နှင့် ဒဏ်ငွေရိုက်မှု ကျပ် ၄၇ သန်းကျော်ရှိခဲ့

စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များအား တရားစွဲဆို အရေးယူခဲ့သည့် အမှု ၃၁၄၀ နှင့် ဒဏ်ငွေတပ်ရိုက်မှု ကျပ် ၄၇ သန်းကျော် ရှိခဲ့ကြောင်း မေ ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၄ ရက် မြောက်နေ့မှ သိရသည်။
အဆိုပါ အကြောင်းအရာအား ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များရှိ ပျံကျဈေးသည်များအနက် အစားအသောက်နှင့် သစ်သီးသည်များကို ညဈေးတန်းနေရာများ ဖော်ဆောင်၍ ပြောင်းရွှေ့စေမှုအတွက် အသုံးပြုလိုက်သော ဘဏ္ဍာငွေနှင့် ပတ်သက်၍ မည်သည့်ဌာန၊ မည်သည့် လုပ်ငန်းများတွင် မည်မျှအသုံးပြုသည်ကို သိရှိလိုကြောင်း၊ ၎င်းညဈေးတန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မည်သည့်ဌာနမှ မည်ကဲ့သို့ စနစ်တကျ အစီအမံများဖြင့် ကွပ်ကဲဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းနှင့် ညဈေးတန်း ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် စနစ်တကျ စီမံကွပ်ကဲနိုင်မည့် သီးခြားတာဝန်ပေး၍ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းမျိုးဖွဲ့စည်းရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း မေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စည်ပင်သာယာရေး ၀န်ကြီးကိုယ်စား ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ကမ်းနားလမ်းညဈေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကစပြီးတော့ ဖွင့်လှစ်ခဲ့သော်လည်း အခွန်ကောက်ခံမှုများကို ယခုနှစ်အတွင်း လွန်ခဲ့သည့် သုံးလမှသာ ကောက်ခံခဲ့ကြောင်း သိရသည်။ ကောက်ခံမှုများတွင် ရှစ်ပေပတ်လည် အခန်းတစ်ခန်းကို လျှပ်စစ်မီတာခ ကျပ် ၇၀၀၊ လေးပေ ရှစ်ပေ အခန်းတစ်ခန်းအတွက် ကျပ် ၃၅၀၊ တစ်လလျှင် တစ်ကြိမ် ကောက်ခံကြောင်းနှင့် ရေဖိုးနှင့် သန့်ရှင်းရေးခ ကျပ် ၃၀၀ မှ ၆၀၀ အထိ နေ့စဉ်ကောက်ခံခဲ့ကြောင်း သိရသည်။ ကမ်းနားလမ်း ညဈေးတန်း ရေရှည်တည်တံ့ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီမံရေးဌာန၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး၊ အဆောက်အအုံ၊ လမ်းနှင့်တံတား) နှင့် ဈေးများဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကစပြီးတော့ ကမ်းနားလမ်းညဈေးကြီးကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဈေးများဌာန၏ ဘတ်ဂျက်အောက်တွင် မီးတိုင်တပ်ဆင်သည့် ကုန်ကျစရိတ် ၄၆၇ ဒသမ ၃ သန်း၊ CCTV ကင်မရာ တပ်ဆင်သည့် ကုန်ကျစရိတ် ၁၄၁ ဒသမ ၉၈ သန်း စုစုပေါင်းကုန်ကျငွေ ၆၀၉ ဒသမ ၂၈ သန်းအတွက် ငွေလုံးငွေရင်း ကုန်ကျစရိတ်နဲ့ ကျခံသုံးစွဲခဲ့ပါတယ်။ အင်ဂျင် နီယာဌာန (ရေနဲ့သန့်ရှင်းမှု) လုပ်ငန်း ၁၇ ခု အတွက် ကုန်ကျငွေ ၁၂၁၅ ဒသမ ၀၁၅ သန်း ကုန်ကျသုံးစွဲခဲ့ပါတယ်” ဟု ၀န်ကြီးဦးမြင့်သောင်းက ဆက်လက်ပြောကြားသည်။
ကမ်းနားလမ်းညဈေးကို ကြီးကြပ်ကွပ်ကဲရန် ဈေးများဌာနကို တာဝန်ပေးထားကြောင်း နှင့် ဈေးအဆင့် (ဃ) အဖြစ် သတ်မှတ်ထားကြောင်း၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံနှင့် ဘဏ်လမ်းတို့တွင် (၁)ဈေး၊ ကမ်းနားလမ်း၊ အောင်မင်္ဂလာလမ်းနှင့် ပန်းဆိုးတန်းလမ်း အကြားတွင် (၁) ဈေးရှိပြီး ဈေးတာဝန်ခံ နှစ်ဦးနှင့် ဈေးဝန်ထမ်း ၂၄ ဦး၊ ဈေးများဌာန အနောက်ပိုင်းခရိုင်က ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

Eleven Media

0 မှတ်ချက်များ: