YBS စနစ်အဆင့်မြှင့်ရန် ညွှန်ကြားမှုမရှိသေးဟုဆို

YBS ဘတ်စ်ကားစနစ် စတင်ခဲ့သည်မှာ လေးလခန့်ရှိလာ သော်လည်း နောက်တစ်ဆင့် အဆင့်မြှင့် ပြောင်းလဲမည့်ကိစ္စနှင့် ပတ် သက်၍ တစ်စုံတစ်ရာညွှန် ကြားထားခြင်းမရှိသေးကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ပြောကြားသည်။

YBS ဘတ်စ်ကားစနစ်ပြေးဆွဲမှုသည် မေလ ၁၆ ရက်တွင် လေးလပြည့်တော့မည်ဖြစ်သည်။(ဓာတ်ပုံ−ကျော်ဇင်သန်း)

YBS စနစ်ကို စတင်သည့် ပထမသုံးလကုန်ဆုံးပါက နောက် တစ်ဆင့် (ဒုတိယသုံးလ)တွင် အ ဆင့်မြှင့်တင်မှုလုပ်ငန်းများ လုပ် ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ က ထုတ်ဖော်ပြောကြားသည်။
ယင်းဘတ်စ်ကားစနစ်သည် ယခုအခါ ဒုတိယသုံးလ၏ ပထမတစ်လကုန်ဆုံးတော့မည်ဖြစ်သော်လည်း ညွှန်ကြားချက်များမရှိသေး၍ ပုံမှန်အတိုင်းသာ ဆက်လက်ပြေးဆွဲနေသည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများနှင့် ယာဉ်ပိုင်ရှင်များက ပြောသည်။ YBS ဘတ်စ်ကားစနစ် ပြေးဆွဲခြင်းသည် မေလ ၁၆ ရက်တွင် လေးလပြည့်မည်ဖြစ်သည်။
‘‘ကျွန်တော်တို့လည်း ဘာ ညွှန်ကြားလာမလဲလို့ စောင့်နေ တာပဲ။ အစည်းအဝေးလည်းမခေါ် တာကြာပြီ’’ဟု ယာဉ်ပိုင်ရှင် ကိုသန့်စင်က ပြောသည်။
‘‘အခုထိတော့ ကားတွေ ပြောင်းရမယ်၊ အဆင့်မြှင့်တော့ မယ်လို့ မကြားမိသေးဘူး။ အရင် ကတော့ ကားတွေကို ရာဖြတ် တွေ လုပ်ခိုင်းထားတာရှိတယ်။ အခု အဲဒီကိစ္စတောင် ပြန်ငြိမ်နေ တယ်’’ဟု အမှတ် (၁၀)ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးသန်းထိုက်က ပြောသည်။
 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု  အာဏာပိုင်အဖွဲ့သည် YBS စနစ်၏  ဒုတိယသုံးလတွင် တစ်ဦးတစ်ယောက်ချင်းပိုင် ဘတ်စ်ကားများကို ကုမ္ပဏီတစ်ခု ခုအောက်သို့ ဝင်ရောက်၍ သက် ဆိုင်ရာကုမ္ပဏီ ရှယ်ယာရှင်အ ဖြစ် လုပ်ကိုင်စေခြင်း၊ ဘတ်စ် ကားအသစ်များဖြင့် အစားထိုးလဲ လှယ်ပြေးဆွဲခြင်း၊ ဘတ်စ်ကား များတွင် GPS စနစ်တပ်ဆင်၍ ထိန်းချုပ်ရေးစင်တာက ညွှန်ကြား ထိန်းချုပ်ခြင်း၊  ငွေပေးကတ်စနစ် ကျင့်သုံးခြင်း  စသည့်အဆင့်များ ပြောင်းလဲ  လုပ်ဆောင်မည်ဟု ကတိပြုထားသည်။
သို့သော် ယခုအချိန်အထိ တစ်ဦးတစ်ယောက်ချင်းပိုင် ယာဉ်များကို ကုမ္ပဏီများအောက်သို့ ဝင် ရောက်ရန် ရာဖြတ်လုပ်ငန်းများ မပြီးပြတ်သေးသကဲ့သို့ လှုံ့ဆော် ခြင်းများလည်း ထပ်မံပြုလုပ်ခြင်း မရှိကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။
 ‘‘အစိုးရကိုယ်တိုင်ကိုက ကုမ္ပဏီတွေအောက်ကို  ကျွန် တော်တို့ ယာဉ်တစ်စီးစ၊ နှစ်စီးစ သမားတွေဝင်ရင် ဘယ်လိုအကျိုး အမြတ်ပေးမယ်ဆိုပြီး အာမခံ ချက်မပေးနိုင်သေးဘူး’’ဟု အမှတ်(၁၁) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အ တွင်းရေးမှူး ဒေါက်တာမောင် အောင်က YBS စနစ်၏ ဒုတိယ အဆင့်သတ်မှတ်ကာလအတွင်း ယာဉ်အသစ်များ အစားထိုးခြင်း လုပ်ငန်းပြီးပြတ်အောင် လုပ် ဆောင်ရန်နှင့် အများပိုင်ကုမ္ပဏီ များ အတည်တကျဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း မေလ ၇ရက်က ထပ်မံအတည်ပြုပြော ကြားသည်။
 ‘‘ကားအသစ်တွေကိုလဲဖို့ အရင်လုပ်ဖြစ်မှာပါ။ လကုန်က စပြီး မှာထားတဲ့ကားတွေက တစ် သုတ်ခြင်းရောက်လာတော့မှာ လေ။ အဲဒါကျရင်တော့ လုပ်နိုင်ပြီ ပေါ့။ အများပိုင်ကုမ္ပဏီတွေဖြစ်ဖို့ ကိုတော့ တွန်းနေပါတယ်’’ဟု ၎င်းက ပြောသည်။
ဘတ်စ်ကားအသစ်များ အ စားထိုးပြေးဆွဲရန်မှာ အစိုးရက ဝယ်ယူထားသည့် ကားစီးရေတစ်ထောင်သည် မေလကုန်မှသာ ရောက်ရှိမည်ဖြစ်၍ ဒုတိယသုံးလ အတွင်း အပြီးသတ်အစားထိုးနိုင် ရန် မလွယ်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူအချို့က မှတ်ချက်ပြုသည်။
အစိုးရက ဘတ်စ်ကားအသစ်စီးရေ တစ်ထောင်ကို တရုတ်နိုင်ငံမှ ဝယ်ယူထားပြီး ယင်း ဘတ်စ်ကားများကို လက်ရှိယာဉ် ဟောင်းပိုင်ရှင်များထံ ပြန်လည် ရောင်းချပေးရန် ရှိ၊ မရှိလည်း မသိရသေးကြောင်း ကိုသန့်စင်က ဆိုသည်။
‘‘အစိုးရက ကားအသစ်တွေ ကို ကုမ္ပဏီတွေအောက်မှာ ရှယ် ယာအဖြစ် ထည့်ဆွဲမှာလား၊ ယာဉ်ပိုင်ရှင်တွေကို ပြန်ရောင်းမှာလား ဆိုတာ ကျွန်တော်တို့လည်း စိတ် ဝင်စားနေတာပဲ။ အခုထိတော့ အဲဒီကားတွေကို ဘယ်လိုအသုံးချ မယ်ဆိုပြီး ပြောထားတာမရှိသေး ဘူး’’ဟု ၎င်းက ပြောသည်။
မိုးမင်

0 မှတ်ချက်များ: