ရန်ကုန် (မဇ္ဈိမ)။ ။ ဗဟိုဘဏ် ငွေလဲနှုန်း မြင့်တက်မှုနှင့်အတူ ကိုင်တွယ်သူများ ဒေါ်လာဘက် လှည့်ကိုင် လာသဖြင့် ဒေါ်လာဈေးနှုန်းများ မြင့်တက်လာကြောင်း ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
“မေလဆန်းက စတင်ပြီး ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းတွေ မြင့်တက်ခဲ့သလို နိုင်ငံခြားငွေလဲ စင်တာတွေရဲ့ဒေါ်လာ ရောင်းဈေး-ဝယ်ဈေးတွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာဈေး တက်ရတဲ့ အဓိက အကြောင်းရင်းတွေက အစိုးရက FEC တွေ ပြန်သိမ်းတဲ့အတွက် FEC ကိုင်တွယ်သူ အများစုက ဒေါ်လာဘက် လှည့်လာတာကြောင့်ပါ။ ဒေါ်လာ သုံးစွဲသူတွေ များလာတဲ့အတွက် ငွေဈေး တက်လာတာပါ” ဟု အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။
မေလ ၁၆ ရက်နေ့ နံနက်တွင် ငွေလဲစင်တာများ၏ ဒေါ်လာ ရောင်းဈေးမှာ ၉၃၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးမှာ ၉၂၆ ကျပ် ဖြစ်ခဲ့သည်။

“မေ ၁၄ ရက်မှာ ဒေါ်လာ ရောင်းဈေး ၉၁၆ ကျပ်ဖြစ်ပြီး ဝယ်ဈေးက ၉၀၆ ကျပ် ဖြစ်ပါတယ်။ မေ ၁၅ ရက်မှာ ရောင်းဈေး ၉၂၅ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၉၁၅ ကျပ် ဖြစ်ခဲ့ပါတယ်” ဟု သိမ်ဖြူလမ်း ငွေလဲစင်တာ တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။
သိမ်ဖြူလမ်းရှိ ပုဂ္ဂလိက ငွေလဲစင်တာများ၏ ဒေါ်လာ ပေါက်ဈေးများမှာ မေလ ၁၂ ရက်တွင် ရောင်းဈေး ၉၀၈ ကျပ်နှင့် ဝယ်ဈေးမှာ ၈၉၈ ကျပ် ဖြစ်သည်။ မေလ ၁၃ ရက်တွင် ရောင်းဈေး ၉၁၀ ကျပ်နှင့် ဝယ်ဈေး ၉၀၀ ကျပ် ဖြစ်ခဲ့သည်။
“ဒေါ်လာဈေး တက်ရင် ပို့ကုန်သမားတွေအတွက် အဆင်ပြေပါတယ်။ သွင်းကုန် လုပ်ငန်းသမားတွေ အထိနာပေမယ့် တနည်းအားဖြင့် ပဲ၊ ဆန်နဲ့ လယ်ယာထွက် ကုန်ပစ္စည်းတွေ၊ ရေထွက် ကုန်ပစ္စည်းတွေ စတဲ့ ပို့ကုန် လုပ်ငန်းသမားတွေ ဈေးနှုန်းကိုက်တော့ ပို့နိုင်ကြမယ်။ အစိုးရ အနေနဲ့ ပို့ကုန် တက်အောင် ဆွဲတင်တာလားလို့တော့ စဉ်းစားစရာရှိတယ်” ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဦးတင်အောင် က သုံးသပ်သည်။
ယခင်နှစ် ဇွန်လအတွင်းကလည်း ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ ခန့်အထိ မြင့်တက်မှု ရှိခဲ့ပြီး ပြန်လည် ကျဆင်းခဲ့သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/11654-fec-.html

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်