မြန်မာနိုင်ငံ၏ အထင်ရှားဆုံးသော စေတီ တစ်ဆူဖြစ်သည့် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ရင်ပြင်ပေါ်သို့ ဇွန်လ ၁၅ ရက်က တက်၍ ဘွရ်ခါ (ခြုံထည်) ဝတ်ပြီး နှင်းဆီပန်းများ ကြဲချခဲ့သူ အမျိုးသမီးသည် ဇွန်လ ၁၆ ရက်နေ့က တည်းခိုနေသည့် အိမ်တွင် ထပ်မံ စိတ်ဖောက်ပြန်လာသောကြောင့် စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
ဒေါ်မာလာ၏ နေအိမ်တွင် တည်းခိုနေသူ ပန်ဆန်းမြို့နေ ဒေါ်ခင်မျိုးကို ရန်ကုန် အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်မှ ဘာသာရေး ခေါင်းဆောင်အချို့၏ ကူညီမှုဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင် ကုသစေခဲ့ကြောင်း ဒေါ်ခင် မျိုး နေထိုင် တည်းခိုနေသော အိမ်ပိုင်ရှင် ဒေါ်မာလာက ပြောကြားသည်။
"ဆေးရုံမှာ အနီးကပ် စောင့်ရှောက်ဖို့ လူနာကို နှစ်ပတ်လောက် ထားရမယ်။ ဘုရားပေါ်မှာ ဖြစ်သွားတာ ရည်ရွယ်ချက် မရှိပါဘူး}} ဟု ဒေါ်မာလာက ဆိုသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံ၊ အဆောင် (၄)၊ အခန်း (၁) တွင် တက်ရောက် ကုသနေသော ဒေါ်ခင်မျိုးမှာ စစ်ဆေးချက်များအရ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စိုးကအတည်ပြု ပြောကြားသည်။
ရန်ကုန်တွင် ဆေးကုသရန် လာရောက်ခဲ့သော ဒေါ်ခင်မျိုးသည် ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ချွေးမဖြစ်သူနှင့်အတူ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် စောင်းတန်း၌ နှင်းဆီးပန်း ငါးစီးကို ငွေကျပ် တစ်သောင်းဖိုး ခန့် ဝယ်ယူကာ အစ္စလာမ် ဘာသာဝင် အမျိုးသမီးများ ဝတ်လေ့ရှိသော ဘွရ်ခါ (ခြုံထည်) ဝတ်၍ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမြို့တွင် နေထိုင်စဉ်က ဒေါ်ခင်မျိုးမှာ စိတ်ဖောက်ပြန်ခဲ့ဖူးကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှု အရ သိရသည်။
ဒေါ်ခင်မျိုးသည် လွန်ခဲ့သော သုံးနှစ်ခန့်တွင် မောင်မောင်နိုင် (ခ) ဘုနူကဒီ ဆိုသူနှင့် ဒုတိယ အိမ်ထောင်ကျပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်