နိုင်ငံပိုင်မီဒီယာများတွင် တားမြစ်ချက်များသည် ရန်ကုန်တွင် အာဏာမတည်၊ လာဘ်ပေးလာဘ်ယူမှုများကြောင့်ဖြစ်

         သီတင်းကျွတ်ကာလတွင် ဗြောက်အိုးဖောက်ခြင်းနှင့် ရောင်းချခြင်းများကို တားမြစ်ထားကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသော်လည်း လာဘ်ယူမှုများကြောင့် ရန်ကုန်မြို့တွင် အာဏာသက်ရောက်မှုမရှိကြောင်း သိရသည်။
        လသာမြို့နယ်အတွင်းတွင် ဗြောက်အိုးရောင်းချမှုများကို ပိုမိုတွေ့ရှိရပြီး ရဲကို လိုင်းကြေးအနေဖြင့် တစ်ရက်သုံးသောင်းပေးပြီး ရောင်းချခွင့်ရနေကြောင်းနှင့် ဗြောက်အိုးရောင်းချနေသော ဆိုင်များ ၃၀ ကျော်ခန့် ရှိကြောင်း လသာမြို့နယ်တွင်းရှိ ပြည်သူများ၏ အဆိုအရသိရသည်။
        " လသာမှာတော့ ဗြောက်အိုးတွေ ပေါ်တင်ရောင်းနေကြတာပဲ၊ စခန်းမှူးတို့ ဘာတို့ လာစစ်မယ်ဆိုရင် နယ်ထိန်းတွေက ကြိုတင်လာပြောတယ်။ အဲ့အချိန်ခဏရှောင်နေလိုက်ကြတာပဲလေ၊ နည်းနည်းရစ်တဲ့ရဲဆိုရင် တစ်သောင်းလောက်ပေးလိုက်ရင် ပြန်သွားတာတွေ့တယ်။ သူတို့က မြတ်ပြီးသားလေ၊ ရဲကို တစ်ရက် ၃သောင်းလောက်ပေးတာ ဆိုင်ထဲက အမြဲတွေ့နေရတယ်"ဟု လသာမြို့နယ်အတွင်းရှိ အရောင်းဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ၄င်းမြင်တွေ့ချက်ကို ပွင့်လင်းစွာပြောပြသည်။
          ဗြောက်အိုးများမှာ ဈေးနှုန်း လေးထောင်မှ ငါးထောင်း၊ ခြောက်ထောင်နှင့် သောင်းကျော်အထိရှိပြီး ပိုမို ပေါက်ကွဲအားပြင်းထန်ပါက ဈေးပိုမိုပေးရကြောင်းနှင့် မြို့နယ်ရဲများကို တစ်ရက် သုံးသောင်းခန့်ပေးပြီး တရားဝင်ရောင်းချနေသော ဆိုင်များအများအပြားကို တွေ့ရှိရသည်။
           လမ်းသွားလမ်းလာ တစ်ဦးက ၁၉လမ်းထိပ်ကို သက်ဆိုင်သူအား သွားကြိုသောအခါ ရဲတစ်ဦးကို မြင်တွေ့ရပြီး ယင်းရဲရှေ့တွင် ကောင်လေး ၃ယောက်က ကောင်မလေး ၂ယောက်ရှေ့ကို ဗြောက်အိုးပစ်ထည့်ခြင်းကို တွေ့မြင်ရသော်လည်း ရဲမှာ ရယ်နေသည်ကို မြင်တွေ့ရသဖြင့် တရားဥပဒေစိုးမိုးမှုနှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် အထင်သေးပြီး တိုင်းပြည်အတွက် ရှက်စိတ်ဝင်မိကြောင်း ဆိုသည်။
            ထိုကဲ့သို့ တရားဝင်ရောင်းချနေမှုများသည် ရဲတပ်ဖွဲ့၏ လာဘ်ပေးလာဘ်ယူမှုများကြောင့် ဖြစ်သည်ဟု အချို့က ဝေဖန်လျက်ရှိသည်။
             သီတင်းကျွတ်ကာလတွင် ဗြောက်အိုးဖောက် ဆော့ကစားခြင်းများသည် အပျော်သဘောဖြစ်သော်လည်း တစ်ချို့မှာ အပျော်လွန်ကာ စနောက်ခြင်းများကြောင့် ထိခိုက်ဒဏ်ရာရမှုများကို နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ပေါက်ကွဲအား ပြင်းထန်သော ဗြောက်အိုးများကြောင့် ရပ်ကွက်အတွင်း ထိတ်လန့်စေမှုနှင့် သက်ကြီးများအတွက် တရားအားထုတ်မှုကို စိတ်အနှောက်အယှက်ဖြစ်ပေါ်စေသည်။

0 မှတ်ချက်များ: